menu

Saturday 1 February 2014

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ပါဝင်သော ယာဉ်တန်း နောင်ချိုမြို့နယ် ဟိုပင်နှင့် ဟိုခိုရွာအကြားတွင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြန်ကြားရေးမှ သတင်းထောက်နှစ်ဦး ဒဏ်ရာရရှိ


မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ပါဝင်သော ယာဉ်တန်း နောင်ချိုမြို့နယ်၊ ဟိုပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင် အမှတ် ၃၀ /၀ နှင့် ၃၁ /၁ တွင် ဇန်န၀ါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြန်ကြားရေးဌာနမှ သတင်းထောက်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းတို့ ပါဝင်သော ယာဉ်တန်းရှစ်စီးသည် မိုးကုတ်မြို့မှ ပြန်လည်ထွက်ခွာလာစဉ် အဆိုပါနေရာအရောက်တွင် ဗုံးခွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရှေ့ပြေးပွိုင့် ဟိုင်းလပ် Vigo ယာဉ်၏ ယာဘက်လမ်းဘေးမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းသို့ပေါက်ကွဲမှုကြောင့် ယာဉ်တန်းတွင်ပါဝင်သော စတေရှင်ဝက်ဂွန်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်သွားပြီး ကားပေါ်ရှိ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သိရသည်။


"လက်ဆွဲဗုံးကို ယာဉ်တန်းရောက်မယ့် အချိန်နဲ့ကိုက်ပြီး ရှော့ခ်တိုက်ခွဲတာလို့ ယူဆရတယ်။ ပေါက်ကွဲသွားပြီဆိုတော့ အတိအကျ မပြောနိုင်တော့ဘူး။ မိုင်းနဲ့လည်း ရှော့ခ်တိုက်ပြီး ခွဲသွားတယ်လို့ ယူဆရတယ်။ ပေါက်ကွဲမှုကြောင့် စည်ပင်သာယာအဖွဲ့နဲ့ပါလာတဲ့ မန္တလေးနေ့စဉ်သတင်းစာက သတင်းထောက်တစ်ဦးနဲ့ ပြန်ကြားရေးက သတင်းထောက်တစ်ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ ဒဏ်ရာပြင်းထန်မှု မရှိဘူးလို့သိရပြီး စိုးရိမ်စရာမရှိပါဘူး"ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

မန္တလေး နေ့စဉ်သတင်းထောက်ကို အောင်မင်းဦး ဒဏ်ရာရရှိသည့်အခြေအနေနှင့် ပတ်သက်၍ ယင်းသတင်းစာတိုက်မှ သတင်းထောက်တစ်ဦးက"မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှ တက်ရောက် ကုသနေပါတယ်။ ဒဏ်ရာက လက်ကိုပဲထိတာပါ။ စိုးရိမ်စရာမရှိပါဘူး" ဟု ပြောကြားသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis