menu

Saturday 11 January 2014

ကေအိုင်အေက ဖမ်းဆီးထားသည့် ဒေသခံ ရှမ်းလူမျိုးများအားလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘဲ ဆက်လက် ကျန်ရှိနေဟုဆို


ကချင်လွတ်မြောက်ရေး တပ်မတော်မှ စစ်သားအဖြစ် စုဆောင်းခံထားရသည့် ဒေသခံ ရှမ်းလူမျိုးများမှာ အားလုံးပြန်လည် လွတ်မြောက်သေးခြင်း မရှိဘဲ ကျန်ရှိနေသေးဆဲ ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ ဦးစန်းဝေက ဇန်န၀ါရီ ၁၀ ရက်တွင် ပြောကြားသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အနေဖြင့် ဒီဇင်ဘာ လဆန်းပိုင်းမှစကာ ဒေသခံ ရှမ်းလူမျိုးများကို ဖမ်းဆီးခေါ်ဆောင်မှုများ ရှိခဲ့ပြီး ဦးရေငါးဆယ် ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်ကတော့ မန်ခွရွာက ၁၇ ယောက်က ပြန်မလွတ်သေးဘူး။ စခန်းမှာ သင်တန်းတက်နေ ရတယ်လို့ ကြားတယ်။ ဖမ်းဆီးခံထား ရတာတွေက တခြားစခန်းတွေ မှာလည်းရှိတယ်။ တာလောကြီးဘက်မှာ ဆိုရင်လည်း အမျိုးသမီးနှစ်ယောက် ပြန်မလွတ်သေးဘူး။ တစ်ယောက်ကဆိုရင် သင်တန်းကျောင်းမှာတောင် တာဝန်ပြန်ပေး ထားတယ်လို့ကြားတယ်” ဟု ဦးစန်းဝေက ဆိုသည်။


အချို့အဖမ်း ခံရသူများ၏ မိဘများ အနေဖြင့် ကြောက်သည့်အတွက် သတင်းမပို့ သည်များလည်း ရှိကြောင်း၊ အချို့ပိုက်ဆံရှိသည့် သူများကလည်း ပိုက်ဆံနှင့် ပြန်ရွေးကြသည်များ ရှိကြောင်း၊ ပိုက်ဆံနှင့် မရွေးနိုင်သည့် သူများမှာ ပါသွားရရှာကြောင်းနှင့် နောက်ပိုင်းတွင်လည်း ဖမ်းဆီးမှုများ ရှိနေသေးကြောင်း ၎င်းက ပြောကြားသည်။

“အခုတောင် ဆဒုန်းဘက်မှာ ဒီဇင်ဘာ ၂၆ ရက်က အဖမ်းခံခဲ့ရတဲ့ တစ်ယောက်နဲ့ ပတ်သက်ပြီး သတင်းလာပေးနေတယ်။ နာမည်က အိုင်လောင်းတဲ့။ အသက်က ၁၇ နှစ်ပဲ ရှိသေးတယ်။ အခု ကေအိုင်အေ လေ့ကျင့်ရေး စခန်းမှာ သင်တန်းတက်နေရတယ်လို့ ပြောတယ်။ သင်တန်းတက်နေရတယ် ဆိုတာက ရှမ်းရေးရာ အဖွဲ့က သူတို့မိဘတွေနဲ့ သွားတွေ့လို့ သိခဲ့ရတာ” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ ဒေသခံ ရှမ်းလူမျိုးများကို ကေအိုင်အေက ဖမ်းဆီးခေါ်ဆောင်နေမှုများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၀ ရက်က မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့်စု ဝေးကာ ဆန္ဒပြရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာက ဆန္ဒပြခွင့် မပေးခဲ့သောကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပြီး ယင်းနောက်ပိုင်းတွင်မူ ပြန်လည်လွှတ်ပေးမှု အချို့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင်မူ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်လိုသည့်အတွက် ဆွေးနွေးညှိနှိုင်းမှုများသာ ပြုလုပ်သွားတော့မည် ဖြစ်ကြောင်း ဦးစန်းဝေက ပြောကြားသည်။

ယင်းကဲ့သို့ ဖမ်းဆီးခေါ်ဆောင် နေမှုများနှင့် ပတ်သက်၍ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးနှင့် နောက်နောင် ထိုကဲ့သို့ မဖြစ်ပေါ်စေရေးအတွက် ဒီဇင်ဘာ ၁၁ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း ဒီဇင်ဘာ ၁၈ ရက်က နိုင်ငံရေး ပါတီအားလုံး၊ နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ကချင်ပြည်နယ် အစိုးရအဖွဲ့များထံသို့ ပြန်လည်အကြောင်းကြား ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကေအိုင်အေက စစ်သားအဖြစ် စုဆောင်းခံထားရသည့် ရှမ်းတိုင်းရင်းသားများနှင့် ပတ်သက်၍ ကေအိုင်အေနှင့် ဆွေးနွေးခွင့်ရရန် မြန်မာ့ငြိမ်းချမ်းရေး စင်တာသို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က ကမ်းလှမ်းထားကြောင်းလည်း သိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis