menu

Saturday 11 January 2014

ပြည်တွင်းထုတ် အရက်၊ ဘီယာအခွန် ပြင်ပပေါက်ဈေး၏ ၆၅ ရာခိုင်နှုန်းဖြင့် ကောက်ခံမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပြည်တွင်းမှ ထုတ်လုပ်သော အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို အခွန်ကောက်ခံရာတွင် ပြင်ပတွင် ရောင်းချနေသော ပေါက်ဈေးနှုန်းထား၏ ၆၅ ရာခိုင်နှုန်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ယင်းနှုန်းထားဖြင့် ဇန်နဝါရီလအတွင်း စတင်ကောက်ခံမည် ဖြစ်ပြီး အခွန် ပိုမိုရရှိစေရန်နှင့် ပြင်ပဈေးနှုန်းနှင့် စက်ရုံထုတ် ဈေးနှုန်းများ ကွာဟချက် မကြီးမားရန် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

လတ်တလောတွင် ပြည်ပ အရက်၊ ဘီယာ ရောင်းချခြင်းနှင့် တင်သွင်းခွင့်များကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပိတ်ပင်ထားခြင်းကြောင့် ပြည်တွင်း အရက်၊ ဘီယာများ ဈေးနှုန်းများ မြင့်မားလျက် ရှိပြီး စက်ရုံထုတ်ဈေးနှင့် ပြင်ပရောင်းချဈေးနှုန်း ကွာဟနေမှု များကြောင့် ယင်းသို့ ပြင်ပပေါက်ဈေးအတိုင်း အခွန်ကောက်ခံခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“စက်ရုံက ၃၀၀ လောက်နဲ့ ထုတ်တယ်။ ပြီးတော့အပြင်မှာ ၂၀၀၀ လောက်နဲ့ ပြန်ရောင်းနေတယ်။ အဲဒီတော့ အပြင်မှာ ရောင်းတဲ့ဈေးကိုပဲ စက်ရုံ ဈေးသတ်မှတ်ပြီးတော့ အခွန်ကောက်မယ်” ဟု ၎င်းကပြောဆိုသည်။ 

ပြည်တွင်းရှိ အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးကို ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၅၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ဇယား ၆ ပါ အခွန်ဥပဒေအဖြစ် သတ်မှတ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်၊ ဘီယာ စက်ရုံပေါင်း ၁၀၀ ကျော် ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis