menu

Saturday 11 January 2014

သမ္မတဖြစ်ရေး အဓိကမကျဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ကလေး၊ ဇန်နဝါရီ ၁၀

အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေခြင်းသည် မိမိသမ္မတ ဖြစ်ရေးအတွက် မဟုတ်ဘဲ ပြည်သူအားလုံး တန်းတူအခွင့်အရေး ရရှိစေရန်သာ အဓိကကျကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်သော ကလေးမြို့ လူထုနှင့် တွေ့ဆုံ ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“တကယ်အဓိကကတော့ သမ္မတဖြစ်ရေး၊ မဖြစ်ရေးက အဓိက မဟုတ်ပါဘူး။ ပြည်သူအားလုံး တန်းတူညီတူ သမ္မတဖြစ်နိုင်ရေး အခွင့်အရေး ရရှိရေးသာ အဓိကပါ” ဟု ၎င်းကပြောဆိုသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံများက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ဖျက်ဆီးသော အခြေခံဥပဒေအား မပြင်လျှင် သမ္မတ မဖြစ်နိုင်မည်ကို စိုးရိမ်သောက ရောက်နေ သဖြင့် ဖြေကြားပေးရန် မေးမြန်းမှုနှင့် ပတ်သက်၍  အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်ပြီး မိမိလည်း ပြည်သူတစ်ယောက် အနေဖြင့် ယင်းအခွင့်အရေးအား ရလိုကြောင်း ဆက်လက် ပြောကြားသည်။
“ကျွန်မလည်း ပြည်သူထဲက တစ်ယောက်အနေနဲ့ ဒီအခွင့်အရေး ရရှိချင်ပါတယ်။ ဒါပေမဲ့ ကျွန်မကလေ ကိစ္စတစ်ခုကို မဖြစ်နိုင်ဘူးဆိုတာ ဘယ်တော့မှ မရှိဘူး။ ဘာမှမဖြစ်နိုင်တာ မရှိဘူး။ ဖြစ်အောင်လုပ် သွားမယ်လို့ ကျွန်မစိတ်ထဲမှာ ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇန်နဝါရီ ၉ ရက်နေ့က ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် မတူပီမြို့ခံ ချင်းတိုင်းရင်းသား တစ်ဦးက ပုဒ်မ ၅၉ (စ) ကို မပြင်ပေးလျှင် မည်သို့ ဆောင်ရွက်မည် နည်းဟု မေးမြန်းသော မေးခွန်းကို ဖြေကြားရာတွင် “ဒီတော့ ၅၉ (စ) ကို မပြောင်းခဲ့လို့ ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို လုပ်မလဲဆိုပြီးတော့ မေးတဲ့ မေးခွန်းကိုတော့ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့ အခါကျမှ ကျွန်မတို့ ပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုဟာ သိပ်ပြီးတော့ စောပြီးတော့ လုပ်လို့ ရှိရင်လည်း မသင့်တော်ပါဘူး။ ကျွန်မတို့ရဲ့ မူဝါဒဟာ ဘာလဲဆိုတာ ထုတ်ပြောပါမယ်။ ကျွန်မတို့မှာ စဉ်းစားထားပြီးတာတော့ ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၇ ရက်နေ့တွင် စတင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ချင်းပြည်နယ် ဒေသခံများ၏ သဘောထားရယူရန် ခရီးတွင် တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့များသို့ သွားရောက်ခဲ့ပြီး ဒေသခံများက ရာနှုန်းပြည့် နီးပါး ပြင်ဆင်ရန် ထောက်ခံ ခဲ့ကြကြောင်း၊ ကလေးမြို့တွင်လည်း တက်ရောက်လာသော ပရိသတ် ၄၀၀၀ ခန့်မှ ၉၉ ရာခိုင်နှုန်း ပြင်ဆင်ရန် ထောက်ခံခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis