menu

Saturday 11 January 2014

နှစ်ပါတီ ပေါင်းစည်းရေးအတွက် လိုအပ်ပါက ပါတီကိုပင် ဖျက်သိမ်းပေးမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောကြား

Photo: နှစ်ပါတီ ပေါင်းစည်းရေးအတွက် လိုအပ်ပါက ပါတီကိုပင် ဖျက်သိမ်းပေးမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောကြား

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ပါတီနှင့် ပါတီပေါင်းစည်းရေးတွင် အမျိုးသားရေးအတွက် လိုအပ်ပါက ပါတီကိုပင် ဖျက်သိမ်းပေးမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က The Daily Eleven သို့ ပြောကြားသည်။

ပါတီအရေးနှင့် ပုဂ္ဂိုလ်ရေး ယှဉ်လာပါက ပါတီအရေးအား ဦးစားပေးမည်ဖြစ်ပြီး ပါတီနှင့် အမျိုးသားရေး သို့တည်းမဟုတ် တိုင်းပြည်အရေး ယှဉ်လာပါက တိုင်းပြည်အရေးအား ဦးစားပေးမည်ဖြစ်ကာ တစ်ဦးချင်း စီးပွားရေးကိစ္စများ၊ ရာထူးကိစ္စများ ရှောင်ရှား၍ ထည့်မထွက်ဘဲ စဉ်းစားခြင်းဖြစ်ပြီး ထည့်တွက်ခဲ့ပါက ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုး မချနိုင်ကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"လိုအပ်ရင်တော့ ကျွန်တော်တို့က ဖျက်ပေးမှာပေါ့။ ကျွန်တော်တို့ရဲ့ သဘောထားပါ။ လိုအပ်ရင်နော်။ အလကားနေရင်းတော့ ဘယ်ဖျက်မလဲဗျာ။ ကျွန်တော်တို့က ပါတီအရေးနဲ့ တိုင်းပြည်အရေးဆို တိုင်းပြည်အရေးကိုပဲ ဦးစားပေးရမယ်ဗျ။ ပုဂ္ဂိုလ်ရေးနဲ့ ပါတီဆို ပါတီဦးစားပေးရမယ်" ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ပါတီပေါင်းစည်းရေးနှင့် ပတ်သက်၍ ဇန်န၀ါရီ ၈ ရက်မှ ၉ ရက်ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သော SNDP ၏ ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ညီလာခံ ကိုယ်စားလှယ်များအား ပါတီပေါင်းစည်းရေး အတွက်  ပါတီဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ သဘောထား တောင်းခံခဲ့ရာ ပါတီမဖျက်သိမ်းနိုင်ကြောင်း သဘောထား ပေးကြပြီး SNLD မှ ပါတီဖျက်သိမ်း၍ ၀င်လာမည်ဆိုပါက လက်ခံကြောင်း သဘောထားများ ပေးခဲ့ကြကြောင်း သိရသည်။

SNDP နှင့် ပါတီပူးပေါင်းရေးကိစ္စ ဆွေးနွေးရန် SNLD မှ တရားဝင်စာဖြင့် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းထားပြီး SNDP မှလည်း ညီလာခံပြီးဆုံးမှသာ ဆွေးနွေးရေးကိစ္စအား ဆက်လက် ဆောင်ရွက်မည်ဟု မီဒီယာများသို့ ပြောကြားထားသည်။

ပါတီပူးပေါင်းရေး ကိစ္စအား ညီလာခံမတိုင်မီ နှစ်ပါတီတွေ့ဆုံ ဆွေးနွေး၍ ရရှိလာသော ရလဒ်များအား ညီလာခံသို့ တင်ပြကာ ဆွေးနွေးသင့်သော်လည်း ထိုသို့လုပ်ဆောင်ခြင်း မရှိဘဲ ညီလာခံတွင် အပြီးပြတ် ဆွေးနွေးဆုံးဖြတ် လိုက်သဖြင့် ဆက်လက် ဆွေးနွေးရေးတွင် အကျပ်အတည်း ဖြစ်နိုင်ကြောင်းနှင့် ညီလာခံဆွေးနွေး ဆုံးဖြတ်ချက်များကိုလည်း တရားဝင်ပေးပို့ခြင်း မရှိသေးသဖြင့် အတည်မပြုသေးကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"ဆွေးနွေးပွဲအတွက် အကျပ်အတည်း ဖြစ်နိုင်တယ်လို့ထင်တယ်။ ဒီနေ့အထိတော့ ကျွန်တော်တို့က ဆွေးနွေးပွဲကို ကမ်းလှမ်းထားတဲ့ ကိစ္စကို မရုပ်သိမ်းပါဘူး" ဟုဦးစိုင်းညွန့်လွင်က ပြောကြားသည်။

SNDP အနေဖြင့် ပါတီပေါင်းစည်းရေးအား ညှိနှိုင်းရေး ငါးဦးကော်မတီမှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

"ပေါင်းစည်းရေးက ငါးဦးကော်မတီက ဆွေးနွေးမှာပေါ့။ ဒါပေမဲ့ကျားခေါင်း (SNLD) က သူတို့ညှိနှိုင်းတဲ့ အခါမှာတဲ့ ပါတီကိုဖျက်မယ် ဆိုရင်လည်း ဖျက်လို့ရပါတယ် ဆိုတာကို သူတို့ပါတီကထုတ်တဲ့ စာစောင်မှာ ပြောထားတယ်လေ။ သူတို့ဖျက်ပြီးတော့ ကျွန်တော်တို့နဲ့ လာပေါင်းရင်လည်း ဒါကရပါတယ်။ ဘာမှပြဿနာ မရှိပါဘူး" ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်အတွင်း တတိယ အင်အားအကြီးဆုံး ပါတီဖြစ်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒုတိယမြောက် လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး ရရှိသော ပါတီဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

(၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက လားရှိုးမြို့၌ ပြုလုပ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံသို့ တက်ရောက်လာသော ပါတီဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-SNLD))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis