menu

Saturday 11 January 2014

ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းတန် ပဲလောက ငွေကြေး အရှုပ်အရှင်း ထပ်မံပေါ်ပေါက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကျပ်သိန်းသောင်းနှင့်ချီသော ၂၀၀၈ ခုနှစ် ပဲလောက ငွေကြေး အရှုပ်အရှင်း ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းတန် ငွေကြေး အရှုပ်အရှင်းတစ်ရပ် ထပ်မံပေါ်ပေါက်ကြောင်း ပြည်တွင်း ပဲဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စင်ကာပူနှင့် ကာတာနိုင်ငံတို့မှ ကုမ္ပဏီ ၁၁ ခုက မြန်မာဘက်ရှိ Great Light ကုမ္ပဏီနှင့် ဆက်သွယ်၍ ပဲဝယ်ရန် ငွေကြိုပေးခဲ့ကြောင်း၊ သို့သော်ပဲဈေး မြင့်တက်ပြီး ပစ္စည်း မအပ်နိုင်ခြင်းကြောင့် ယင်းသို့ငွေကြေး ပြဿနာများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းတန် ပဲကွန်တိန်နာ ၁၅၀ ခန့်ကို တင်ပို့ရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ပြီး ကွန်တိန်နာပုံး တစ်ပုံးလျှင် ပဲတန်ချိန် ၂၄ တန်ရှိပြီး စုစုပေါင်း ပဲတန်ချိန် ၃၆၀၀ ခန့် ရှိနိုင်သည်ဟု ၎င်းက ထပ်မံပြောကြားသည်။


အဆိုပါ ကိစ္စကြောင့် သက်ဆိုင်ရာ ပြည်ပကုမ္ပဏီများက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းသို့ အကြောင်းကြားခဲ့သောကြောင့် ယခုအခါ ဖြေရှင်းပေးလျက် ရှိကြောင်း အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားသည်။

လက်ရှိတွင် စင်ကာပူ ကုမ္ပဏီဘက်က တင်ပြသော ငွေကြေးဆိုင်ရာ အထောက်အထားများကို စစ်ဆေးလျက်ရှိပြီး စစ်ဆေးပြီး စာရင်းအရ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်း ဖိုးပေးအပ်ရမည်ဟု ကြားသိထားကြောင်း ၎င်းကဆိုသည်။
“ဟိုဘက် (ပြည်ပကုမ္ပဏီ) ကတော့ ရရန်ရှိတယ်လို့ ဆိုတာပေါ့ဗျာ။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာတော့ ပြောလို့ မရဘူးပေါ့။ အချိန်တိုအတွင်း ပြီးသွားဖို့ အသင်းအနေကလည်း ညှိနှိုင်း ပေးနေပါတယ်။ ပြတ်ပြတ်သားသား ပြောဖို့ကတော့ မဖြစ်သေးဘူးပေါ့ဗျာ” ဟု ဦးထွန်းလွင်က ဆိုသည်။

အဆိုပါ ကိစ္စအတွက် ညှိနှိုင်း ဖြေရှင်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း၊ Great Light ကုမ္ပဏီ၏ တင်ပြချက်အရမူ ပြည်ပကုမ္ပဏီမှ လွှဲလိုက်သည့် ငွေများသည် မြန်မာနိုင်ငံ ဘဏ်ထဲသို့ မရောက်ရှိဟု ကနဦး ပြန်လည် ဖြေရှင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၀၈ ခုနှစ်ကလည်း ပဲလောကအတွင်း ကျပ်သိန်းပေါင်း သောင်းချီ ငွေကြေး အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ရာ အစိုးရက ကြားဝင် ဖြေရှင်းခဲ့ရပြီး လပေါင်းများစွာ စစ်ဆေးဖြေရှင်း ပေးခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis