menu

Saturday 18 January 2014

ကတိက၀တ်ဟူသည်

Photo: #emg_opinions

ကတိက၀တ်ဟူသည် 

(Written by:  လှမြင့် (ရန်ကုန်တက္ကသိုလ်))

'ကတိက၀တ်' ဟူသော အသုံးအနှုန်းသည် ပါဋိဘာသာစကား 'ကတိက၀တ္တ'ကို မြန်မာမှုပြု လက်ခံသုံးစွဲထားမှု ဖြစ်သည်။ အဓိပ္ပာယ်မှာ 'ကတိပြုချက်' ဟူ၍ဖြစ်သည်။ ထို့ကြောင့် 'ကတိက၀တ်' ကတိစကားဟူသည် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုခြင်းပင်ဖြစ်သည်။

ကတိက၀တ် ကတိစကားသည် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုခြင်းဟူသော ၀ိသေသကိုဆောင်သောကြောင့် သစ္စာစကားဟူသော မှန်ကန်သောစကား၏ အနှစ်သာရနှင့်တူညီသောကြောင့် မြန်မာမှုနယ်ပယ်တွင် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုကာ အာမခံချက်ပြုသည့်အတိုင်း မှန်ကန်သောသစ္စာဖြင့် ဆောင်ရွက်ပြောဆိုလုပ်ကိုင်ခြင်းတို့ကို 'ကတိသစ္စာတည်ကြည်သည်' ဟူ၍ မှတ်ကျောက်တင်ခဲ့ကြသည်။

ကတိစကား၊ ကတိသစ္စာစကားတည်မှု၏ အနှစ်သာရကို အင်းဝခေတ်စာဆိုကျော် ရှင်မဟာသီလ၀ံသ၏ ပါရမီတော်ခန်းပျို့တွင်

'ကတိသစ္စာ မှန်သောခါကား သြဇာလေးနက် တောင်ထိပ်ကြာပေါက် အနောက်နေထွက် ကွဲအက်မြင်းမိုရ်ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏' ဟူ၍လည်းကောင်း...

ကုန်းဘောင်ခေတ်ဦးစာဆို ကျည်းကန်ရှင်ကြီးကလည်း "စကားအပေါင်းကို အုပ်သည်ကတိ၊ တရားအပေါင်းကိုချုပ်သည် သတိ' ဟူ၍ 'စကားအရာတွင် ကတိသည် အချုပ်ဖြစ်သကဲ့သို့၊ တရားအရာတွင်လည်း သတိသည် အချုပ်ဖြစ်သည်' ဟူ၍လည်းကောင်း...

ကုန်းဘောင်ခေတ်နှောင်း စာဆိုရှင် မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာကြီးတွင်လည်း 'မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုရိုးရှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး' ဟူ၍ 'မင်းသည် သစ္စာစောင့်သိရသကဲ့သို့ လူသည် ကတိတည်ရသည်' ဟူ၍လည်းကောင်း 'ကတိက၀တ်၊ ကတိသစ္စာ' စကား၏ လူမှုဆက်ဆံရေးနယ်ပယ်တွင် အရေးပါကြောင်း လမ်းညွှန်ဆုံးမခဲ့ကြသည်။

ထို့ကြောင့် 'ကတိက၀တ်၊ ကတိသစ္စာ တည်ကြည်စွာ ပြောဆိုခြင်း ပြောဆိုသည့် ကတိက၀တ်၊ ကတိသစ္စာနှင့်အညီ ဆောင်ရွက်လုပ်ကိုင်မှုပြုခြင်းတို့သည် ရိုးသားဖြောင့်မတ်၍ ကိုယ်ကျင့်သိက္ခာပြည့်စုံသော ပုဂ္ဂိုလ်ကြီးများ၊ လူကြီးလူကောင်းတို့၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်။ 'ကတိက၀တ်၊ ကတိသစ္စာ' တည်ကြည်ဖြောင့်မတ်မှန်ကန်၍ ရိုးသားဖြောင့်မတ်၊ ကိုယ့်ကျင့်သိက္ခာရှိသော ပုဂ္ဂိုလ်ကြီးများ၊ လူကြီးလူကောင်းများသည် စကားကိုဗလာင်းဗလဲ၊ ဖောက်လွဲဖောက်ပြန် ပြောလေ့မရှိပေ။ အပြောတစ်မျိုး အလုပ်တစ်မျိုးမလုပ်၊ မပြောတတ်ပေ။ မိမိတို့မလုပ်ပေးနိုင်သည့် ကိစ္စများကို လုပ်ပေးပါမည်ဟူသော ကတိပေးလေ့မရှိ။ ပြောလေ့မရှိ။ ပြောပြီးသောစကား ပေးပြီးသော ကတိစကားကို မဖောက်ဖျက်၊ ကတိစကားအတိုင်း တည်ကြည်စွာ ဆောင်ရွက်မှုပြုလေ့ရှိသည်ဟူ၍ လောကနီတိကျမ်း၌...

'ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် အနောက်မျက်နှာ၌ တက်ရာ၏။ မြင်းမိုရ်တောင်မင်းသည်လည်း ညွတ်ရာ၏။ အကယ်မလွဲငရဲမီးသည် ချမ်းမြေ့ရာ၏။ တောင်ထိပ်၌လည်း ကြာသည်ပွင့်ရာ၏။ သူတော်ကောင်းတို့၏ ကတိစကားသည် တစ်ရံတစ်ဆစ်ရာ မဖောက်ပြန်ရာ' ဟူ၍ လမ်းညွှန်ခဲ့သည်။

ယင်းလမ်းညွှန်ချက်ကို မြန်မာစာဆိုပညာရှင်များက ' တောင်ထိပ်ကြာပေါက် အနောက်နေထွက် ကွဲအက်မြင်းမိုရ် နေကိုမပူ ချမ်းမြေ့စွဟူလည်း လူကြီးစကား သွင်မူပြား၍ ဖောက်ပြားမရှိ တည်တံ့ဘိသည် စောင့်သိမယွင်း မှတ်စေမင်း' ဟူ၍လည်း ဖွဲ့ဆိုမှတ်တမ်းတင်ခဲ့သည်။

ကတိသစ္စာတည်ခြင်းသည် ကောင်းသည်ဟုဆိုရာတွင် ရိုးသားဖြောင့်မတ်၍ ကိုယ်ကျင့်သိက္ခာရှိသော ပုဂ္ဂိုလ်ကြီးများ၊ လူကြီးလူကောင်းများ၏ ကတိသစ္စာတည်ကြည်မှုသည် အနှစ်သာရ၊ ၀ိသေသနှင့် ပြည့်စုံသော်လည်း အကျင့်စာရိတ္တဖောက်ပြန်သော၊ လူမှုရေးသိက္ခာကင်းမဲ့သော၊ မတရားသောလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော သူတို့၏ ကတိတည်ခြင်းသည်ကား ကြောက်စရာကောင်းလှပေသည်။ ကတိက၀တ်တည်၍၊ ကိုယ့်ကျင့်သိက္ခာ ဖြောင့်မတ်ရိုးသားသူတို့၏ နာမည်တစ်လုံးသည် တန်ခိုးသတ္တိ၊ အရှိန်အ၀ါ အလွန်ကြီးမားခဲ့သူတို့နှင့် လူ့ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုအစုစုကို ကတိသစ္စာသဖွယ် ဖက်တွယ်၍ လူ့ကျင့်ဝတ်သိက္ခာ ဖောက်ပြန်ကာ လူ့အသိုင်းအ၀န်း၌ နာမည်သေ၊ နာမည်ပျက်နေခဲ့သူတို့၏ ဘ၀ဖြစ်စဉ်များသည် သမိုင်းကြောင်းတွင် 'အဖြူနှင့်အမည်းပမာ' ထင်ရှားစွာ ရှိနေခဲ့သည်။

ပုဂံခေတ်လယ်ပိုင်းကာလတွင် ကတိသစ္စာ တည်ကြည်ဖြောင့်မတ်သော ကျန်စစ်သားမင်းကြီး၏ မြေးတော်အလောင်းစည်သူကို ထီးနန်းပေးအပ်ပြီးဖြစ်၍ သားတော်ရင်း ရာဇကုမာရ်ကို ထီးနန်းမပေးတော့ဘဲ ဇေယျခေတ္တရာဟူသော ဘွဲ့အမည်ဖြင့် ဓည၀တီနှင့် တောင်စဉ်ခရိုင်ကို ပေးတော်မူခဲ့သော ကတိတည်မှုနှင့် လုပ်ရပ်သည် သမိုင်းအစဉ်အဆက်၌ 'မြေးကား အရင်း၊ သားက အဖျား' ဟူသော ဆိုရိုးစကားဖြင့် လေးစားဂုဏ်ပြုခဲ့ကြသည်။

ပုဂံခေတ်လယ်ပိုင်းတွင် အုပ်စိုးခဲ့သော နရသူမင်းသည် ဖခင်အလောင်းစည်သူမင်းကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ပံသကူမထေရ်မြတ်ထံတွင် နောင်တော်မင်းရှင်စောအား ထီးနန်းအပ်နှင်းမည်ဖြစ်ကြောင်း ကတိက၀တ်ပေးခဲ့ပြီး အဆိပ်ခပ်လုပ်ကြံကာ ကတိက၀တ်ပျက်ယွင်းခဲ့မှုကြောင့် ပံ့သကူမထေရ်မြတ်၏...

'သင်ကားသံသရာဝယ် ခံရအံ့သော မကောင်းမှုကိုမကြောက် ဤစည်းစိမ်ကိုရလျှင် သင်၏ကိုယ်ခန္ဓာသည် မအိုမသေပြီဟူ၍ မှတ်သလော၊ လောကတွင် သင့်ထက်ပျက်သော မင်းမည်သည်ကားမရှိ၊ သင့်ထက်ဆိုးသွမ်း ညစ်ညမ်းသော သူမရှိပြီ' ဟု 'မိန့်တော်မူလျက် သီဟိုဠ်ကျွန်းသို့ ကြွတော်မူလေ၏' ဟူ၍သမိုင်းမှတ်တမ်းတင်ခြင်း ပြုထားသည်။

ကတိက၀တ် ကတိသစ္စာတည်ကြည်သူ ကတိက၀တ်အတိုင်း အလုပ်ကိုင်ဆောင်ရွက်သူတို့၏ ဂုဏ်ဒြပ်နှင့် အများ၏ ကြည်ညိုလေးစားယုံကြည်မှုခံရမှုကို စာရေးဆရာကြီး နတ်မောက်ဘုန်းကျော်၏ တောင်ထိပ်ကြာပေါက် အနောက်နေထွက်' အတွေးအမြင် ဆောင်းပါ၌ ...

'လူကြီးလူကောင်းတို့သည် ကတိတည်၏။ စကားမှန်ကန်၏။ တကယ့်လူကြီးလူကောင်း အစစ်အမှန်ဟူသည် သေးသိမ်ညံ့ဖျင်းသော အပြောအဆို၊ အပြုအမူတို့ကို မကျူးလွန်မိအောင် ဂရုတစိုက်ရှောင်ရှား၍ မိမိကိုယ်ကို မိမိသိက္ခာရှိအောင် ပြုမူပြောဆိုနေထိုင်သူ ဖြစ်သည်။ ရိုးသားဖြောင့်မတ်စွာ ပြောဆိုပြုမူသူဖြစ်သည်။ ခုတစ်မျိုး၊ အခုတစ်မျိုး ပြောဆိုပြုမူတတ်ခြင်းမရှိ၊ ရိုးသားခြင်း (honest) ၊ ဖြောင့်မတ်ခြင်း(upright)၊ စိုက်လိုက်မတ်-တစ်ဖြောင့်တည်း(Straight for ward) ပြောဆိုလုပ်ကိုင်တတ်သည်။ ရိုးသားဖြောင့်မတ်မှန်ကန်သော အပြောအဆို၊ အပြုအမူသည် ကိုယ်ကျင့်စာရိတ္တ၏ ကျောရိုးပင်ဖြစ်သည်။ ကတိတည်သော စကားတစ်ခွန်းကို သူ၏အသက်ထက်ပို၍ တန်ဖိုးထားလေ့ရှိသည်။

ကတိက၀တ်၊ ကတိသစ္စာတည်ကြည်သူကို လူတိုင်းယုံကြည်ကိုးစားကြသည်။ ယုံကြည်ကိုးစားသဖြင့်လည်း သူဘာခိုင်းခိုင်း လုပ်ပေးတတ်ကြသည်။ 'ရဲရင့်ဖြောင့်မတ်သူသည် မတုန်မလှုပ် ခိုင်ခံ့တည်ကြည်ခြင်း၏ အတုယူဖွယ်ရာ စံနမူနာဖြစ်၏။ လူအများတို့သည် သူ့နောက်သို့ လိုက်ရမည်ဆိုလျှင် သေလမ်းသို့ပင်ဖြစ်သော်မှ လိုက်ကြ၏"ဟု ဆိုရိုးရှိခဲ့သည်။

ကမ္ဘာကျော် စစ်သူရဲကောင်းကြီးတစ်ဦးအဖြစ် ထင်ရှားခဲ့သော မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်(တိမူး) က ...

'ဦးစီးအုပ်ချုပ်သူတစ်ဦးအဖို့ ကတိစကား ပျက်ကွက်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်၊ အကောင်းဆုံး အပြုအမူတစ်ခုဖြစ်သည်။ '(word breaking is hideous in a ruler)' ဟူ၍ ပြောဆိုမိန့်ကြားခဲ့သည်။

မြန်မာသမိုင်းတွင်လည်း လွတ်လပ်ရေး ဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ကတိက၀တ်တည်ကြည်သူ၊ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စများကိုသာ ကတိက၀တ်ပေးခဲ့ပြီး ပြုလုပ်မပေးနိုင်သော ကိစ္စအချို့ကို ပြုလုပ်ပေးမည်ဟူ၍ ကတိက၀တ်မပေးတတ်သူ ဖြစ်သည်။

၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပခဲ့သော ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း၏...

'မကွယ်မထောက် ဖြောင့်မတ်စွာ ပြောရမည်ဆိုလျှင် ကျွန်ုပ်ရှေ့ဆောင်ပြုမူကြောင့် မြန်မြန်ထက်ထက်၊ လွတ်လပ်ရေးပန်းတိုင်ဘက်သို့ နီးကပ်လိမ့်မည်ဟူ၍ ကတိပေးခြင်းကို မပြုလိုပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတစ်ယောက်သည် မည်မျှလောက် စွမ်းပကားရှိစေကာမူ လူထု၏အားပေးရိုင်းပင်းမှု မရှိဘဲလျက် ရာဇ၀င်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်သည်' ဟူ၍ မိန့်ကြားပြောဆိုခဲမှုသည် ကတိက၀တ်၏ အနှစ်သာရကို ဖော်ညွှန်းနေမှု ဖြစ်သည်။ 

(ဘီဒီအေသေနာပတိ ဗိုလ်မှူးကြီးအောင်ဆန်းနှင့်ဇနီး ဒေါ်ခင်ကြည် )

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis