menu

Saturday 18 January 2014

ဒီဇင်ဘာလဆန်းပိုင်းက '၀' ခါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း UWSA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အတည်ပြု


ပြီးခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းက ‘ဝ’ ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ တရုတ်နိုင်ငံ၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ‘ဝ သွေးစည်း ညီညွတ်ရေးပါ တီ (UWSP) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇန်နဝါရီ ၁၇ ရက်တွင် The Daily Eleven သို့ အတည်ပြု ပြောကြားသည်။

“တွေ့တာ ဟုတ်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးတွေကို ဆွေးနွေးပါတယ်”ဟု ဦးအောင်မြင့်က ဆိုသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်ဖက်စလုံးမှ မည်သည့်ခေါင်းဆောင်များ ဖြစ်ကြသည် ဆိုခြင်းကို ဦးအောင်မြင့်က ပြောဆိုခဲ့ခြင်း မရှိပေ။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ်များ၏ ပြောဆိုချက်အရ အဆိုပါ တွေ့ဆုံမှုသည် ဒီဇင်ဘာ ၅ ရက်ကဖြစ်ပြီး တွေ့ဆုံခဲ့သည့် နေရာမှာ ကူမင်းမြို့၌ ဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စများတွင် UWSP ၏ ရပ်တည်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“သူတို့ကတော့ ငြိမ်းချမ်းရေးရဖို့ တိုက်တွန်းတယ်။ နောက်တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညီလာခံကို သွားတက်ဖို့လည်း ပြောပါတယ်။ မတက်ဖို့ တားဆီးတာတော့ မရှိပါဘူး”ဟု ဦးအောင်မြင့်က ဆက်လက် ပြောကြားသည်။



အတည်ပြုနိုင်ခြင်း မရှိသော်လည်း သတင်းအရင်းအမြစ် တချို့၏ ပြောကြားချက်အရ ‘ဝ’ ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ တွေ့ဆုံမှုတွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၌ UWSP က ရပ်တည်သင့်သည့် ကိစ္စရပ်များကိုလည်း လမ်းညွှန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

The Daily Eleven က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း တရုတ်- မြန်မာနယ်စပ်မှ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း UWSP ၏ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုအစည်းအဝေးတွင် ပေါ်လစ်ဗျူရို အဖွဲ့ဝင် ကျောက်ဝင်ကွမ်း၊ အတိုင်ပင်ခံ ကော်မတီဥက္ကဋ္ဌ ဗိုလ်လိုက်ခမ်းနှင့် ဒေသအုပ်ချုပ်ရေး ဒုတိယအကြီးအကဲ ဦးဘောင်တင်းတို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း သိရသည်။ ဗိုလ်လိုက်ခမ်းနှင့် ဦးဘောင်တင်းတို့မှာ ပြည်တွင်းမှတစ်ဆင့် UWSP သို့ ရောက်ရှိပြီး ကာလရှည်ကြာ တာဝန်ထမ်းဆောင် နေသူများဖြစ်သည်။

ထို့နောက် ပေါ်လစ်ဗျူရိုတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရာ၌ အဓိက ပါဝင်ဆောင်ရွက်နေသူ ကျောက်ကော့အန်းနှင့် ပေါက်ယိုလျံတို့နှစ်ဦးကို အစားထိုးခန့်အပ် လိုက်ကြောင်း သိရသည်။ ထိုကဲ့သို့ အစားထိုး ခန့်အပ်လိုက်သူ နှစ်ဦးမှာ တရုတ်နိုင်ငံတွင် မွေးဖွားခဲ့သူများဖြစ်ကြောင်း သိရသည်။

ယခုပြုလုပ်ခဲ့သော ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ ပေါ်လစ်ဗျူရို အစည်းအဝေးအရ မြန်မာနိုင်ငံ ပြည်တွင်းမှ ရောက်ရှိပြီး တာဝန်ထမ်းဆောင် နေသူနှစ်ဦးကို အနားပေးလိုက်ကာ တရုတ်နိုင်ငံတွင် မွေးဖွားခဲ့သူ နှစ်ဦးအား အစားထိုးခန့်အပ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ ပေါ်လစ်ဗျူရို အဖွဲ့တွင် အဖွဲ့ဝင် ကိုးဦးမှ ၁၄ ဦးကြား ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် UWSP က ဗဟိုကော်မတီ၌ လူငယ်တပ်မဟာမှူး ငါးဦးခန့်ကိုလည်း တာဝန်ပေးလိုက်ပြီး ထိုသူများထဲတွင် ‘ဝ’ တောင်ပိုင်းဒေသ၌ တာဝန်ထမ်းဆောင်နေသူများ ပါဝင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မကြာမီ ရက်ပိုင်းအတွင်း ‘ဝ’ သွေးစည်းညီညွတ်ရေး ပါတီ၏ နှစ်ဝက် အနှစ်ချုပ် အစည်းအဝေးတစ်ရပ် ကျင်းပရန် ရှိနေပြီး ထိုအစည်းအဝေးသို့ တပ်ရင်း၊ တပ်မမှူးများ တက်ရောက်မည်ဖြစ်ကာ တရုတ်နှင့် ဆက်ဆံရေးဗျူဟာကို သုံးသပ်ရန် ရှိနေကြောင်း စုံစမ်းသိရသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis