menu

Saturday 18 January 2014

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန် ရုပ်ရှင်မင်းသမီးနှင့် တိတ်တိတ်ပုန်း ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း မဂ္ဂဇင်း တစ်စောင် ဖော်ထုတ်

Photo: ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန် ရုပ်ရှင်မင်းသမီးနှင့် တိတ်တိတ်ပုန်း ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း မဂ္ဂဇင်း တစ်စောင် ဖော်ထုတ်

ပါရီ၊ ဇန်နဝါရီ ၁၇

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်သည် ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ် နှင့် တိတ်တဆိတ် ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိသွားပြီ ဖြစ်ကြောင်း  ပြင်သစ် အတင်းအဖျင်း မဂ္ဂဇင်း Closer တွင် ဖော်ပြထားချက်ကို BBC  သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်မဂ္ဂဇင်း Closerက ပြင်သစ် သမ္မတနှင့် ၎င်း၏ တိတ်တိတ်ပုန်း ချစ်သူတို့၏ ဓာတ်ပုံများကိုလည်း ဖော်ထုတ်လိုက်သည်။

ယခုကဲ့သို့ သတင်း ဖော်ပြခဲ့ခြင်းကြောင့် Closer  မဂ္ဂဇင်းကို ကိုယ်ရေး ကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်က ကြေညာခဲ့သည်။

Closer မဂ္ဂဇင်းတွင် နောက်ဆုံး ဖော်ပြချက် အရ ပြင်သစ်သမ္မတ ဟော်လန်သည် အသက် ၄၁ နှစ်ရှိ ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်နှင့် တွေ့ဆုံရန် ပါရီမြို့တော်၏ အနောက်ဘက်ရှိ တိုက်ခန်းတစ်ခုကို အသုံးပြုခဲ့ကြောင်း ရေးသားထားသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် စနေ၊ တနင်္ဂနွေရက် များတွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း၌ ခပ်မြန်မြန် တွေ့ဆုံလေ့ ရှိပြီး ပြင်သစ်သမ္မတ ဟော်လန်နှင့် လက်ရှိ တရားဝင် တွဲနေသူ ပြင်သစ် ဂျာနယ်လစ် ဗယ်လဟီသရီဟဗီလာနှင့်  ယမန်နှစ်က ဂရိသို့ အပန်းဖြေ ခရီးသွားမည့် အစီအစဉ်ကိုလည်း ပြင်သစ်သမ္မတ ဟော်လန်က အကြောင်းပြ၍ ပယ်ဖျက်ခဲ့သည်။

ထို့နောက် ပြင်သစ်သမ္မတသည် တိတ်တိတ်ပုန်း ရည်းစားဖြစ်သူ ယူလီဂါယယ်နှင့် ကိုဟယ်ဇတ် ပြည်နယ်သို့ သွားရောက် နေခဲ့ကြောင်း မဂ္ဂဇင်းက ဖော်ပြသည်။

ပြင်သစ်သမ္မတ၏ လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာမှာ လွန်ခဲ့သော သီတင်းပတ်က ၎င်းတို့၏ သတင်းကို ကြား၍ ဆေးရုံတင် ကုသခဲ့ရပြီး၊ ပြင်သစ် သမ္မတ ဟော်လန်မှာ ဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့ခြင်း မရှိဘဲ ပန်းစည်းနှင့် ချောကလက်များသာ ပေးပို့ခဲ့ကြောင်း ပါရီရှိ ဘီဘီစီ သတင်းထောက် ခရစ်ရှန်ဖရာဆာက သတင်းပေးပို့ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ပြင်သစ်သမ္မတ ဆေးရုံသို့ မလာခြင်းမှာ ဆရာဝန်၏ တောင်းဆိုချက်ကြောင့် ဖြစ်ကြောင်း သမ္မတနှင့် လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာက သတင်းထောက် တစ်ဦးကို တယ်လီဖုန်း ဆက်၍ ပြောကြားသည်။

ပြင်သစ်သမ္မတနှင့် လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာသည် သမ္မတ၏ ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်၍ အကာအကွယ် ပေးလိုစိတ် ရှိနေဆဲပင် ဖြစ်သည်ဟု ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့၏ လျှို့ဝှက်ချက် သတင်းနှင့် ပတ်သက်၍ ဖော်ထုတ်သော Closer မဂ္ဂဇင်းကို ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်က တရားစွဲဆိုမည် ဖြစ်ပြီး၊ ဂုဏ်သတင်း ညှိုးနွမ်းမှု အတွက် ယူရိုငွေ ၅၀၀၀၀၊ တရားရေး စရိတ် ကုန်ကျငွေ ယူရို ၄၀၀၀ တောင်းဆိုမည် ဖြစ်သည်။

အကယ်၍ ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်သာ အမှုနိုင်ခဲ့ပါက Closer မဂ္ဂဇင်း မျက်နှာဖုံးတွင် တရားရုံး ဆုံးဖြတ်ချက်ကို ဖော်ပြရမည် ဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်၍ ပြင်သစ် သမ္မတ ဟော်လန်ကမူ ဥပဒေကြောင်းအရ တရားစွဲဆိုမှု တစ်စုံတစ်ရာ ပြုလုပ်မည် မဟုတ်ပေ။

အင်္ဂါနေ့က သတင်းထောက်များကို ဖြေကြားရာတွင် ပြင်သစ်သမ္မတက ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပတ်သက်၍ ခက်ခဲသော အချိန်ကာလများနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သော်လည်း၊ Closer မဂ္ဂဇင်းတွင် ဖော်ပြသော သတင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင်မူ ဖြေကြားရန် ငြင်းဆိုခဲ့ပြီး၊ “လျှို့ဝှက်တဲ့ ကိစ္စကို လျှို့လျှို့ဝှက်ဝှက်ပဲ ကိုယ်တွယ်သင့်တယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် ပြင်သစ်သမ္မတ ဟော်လန်မှာ အမေရိကသို့ အလည်အပတ် ခရီးသွားရောက်မည် ဖြစ်ရာ လက်ရှိတွဲနေသူ ဗယ်လဟီသရီဟဗီလာကို သမ္မတကတော် (First Lady) အဖြစ် သတ်မှတ်ထားဆဲ ဟုတ် မဟုတ်ကိုလည်း ပြင်သစ် သမ္မတက ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ခြင်း မရှိပေ။

ပြင်သစ်သမ္မတနှင့် လက်ရှိတွဲနေသူ ဗယ်လဟီသရီဟဗီလာကို American Press သတင်းစာက သမ္မတကတော် (First Lady) အစား၊ သမ္မတရည်းစား (First Girlfriend)ဟု သုံးနှုန်း ခေါ်ဝေါ် ဖူးသည်။

သမ္မတ၏ အရှုပ်တော်ပုံနှင့် ပတ်သက်၍ ပြင်သစ် ပြည်သူအများစုကမူ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိပေ။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis