menu

Saturday 18 January 2014

မြန်မာ-အိန္ဒိယ နယ်စပ်တွင် နယ်စပ်တာဝန်ရှိသူများ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ဘိန်းခန်းများ သို့သွားကာ သုံးစွဲခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

Photo: မြန်မာ-အိန္ဒိယ နယ်စပ်တွင် နယ်စပ်တာဝန်ရှိသူများ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ဘိန်းခန်းများ သို့သွားကာ သုံးစွဲခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြန်မာ-အိန္ဒိယ တမူးနယ်စပ်တွင် နယ်စပ်တာဝန်ရှိသူများ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် တစ်ဖက်နိုင်ငံရှိ ဘိန်းခန်းများသို့သွားကာ သုံးစွဲခြင်းများ ရှိနေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

ဇန်နဝါရီ ၁၇ ရက်က ပြည်ထောင်စု လွှတ်တော်တွင် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးရန် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာနှင့် ပတ်သက်၍ ဒေါ်ခင်မွှေးလွင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မကြာခဏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ၊ တရားမဝင် သစ်တောထွက် ပစ္စည်းနှင့် ဆေးဝါးသယ်ဆောင်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုများနှင့် ဘင်္ဂလားလူမျိုးများ တရားမဝင် ခိုးဝင်လာမှုများ စသည်တို့သည် အကြိမ်ကြိမ် ဖြစ်ပွားနေသည်ကို သိရှိရကြောင်းလည်း ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

“တမူးနယ်စပ်ဖြစ်တဲ့ မိုရေးမြို့မှာဆိုရင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုတွေရဲ့အတိုင်းအတာဟာ လွန်စွာမှ ကြောက်ခမန်းလိလိ ဖြစ်နေပါတယ်။ မူးယစ်ဆေးဝါး ဝန်ဆောင်မှုပေးနေတဲ့ အိမ်ခြေပေါင်း၂ဝ ခန့်ဟာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေတာကို ဒေသခံပြည်သူနှင့် အုပ်ချုပ်သူများ သိရှိကြပါတယ်။ နယ်စပ်မှာ ခြံစည်းရိုး ကာရံထားခြင်း မရှိသည့်အတွက် အချိန်မရွေး ဥဒဟိုဝင်ထွက် သွားလာနေကြခြင်း ရှိကြောင်းလည်း ဒေသခံ ပြည်သူတွေဆီက ကြားသိရပါတယ်။ မြန်မာဘက်မှ နယ်စပ်တာဝန်ရှိသူ ဝန်ထမ်းများ ကိုယ်တိုင်ပင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြခြင်း၊ ဘိန်းခန်းနေအိမ်များသို့ သွားရောက်၍ သုံးစွဲကြခြင်းတွေ ရှိနေပါတယ်”ဟု စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

ထို့ကြောင့် နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းအားဖြင့် ယင်းပြဿနာများနှင့်  နှစ်နိုင်ငံနယ်နိမိတ် ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်မည် ဖြစ်သဖြင့် ထောက်ခံပါကြောင်း ပြောကြားသည်။

မြန်မာ-အိန္ဒိယ နိုင်ငံနှစ်နိုင်ငံ နယ်စပ်ရေးရာများ ဆောင်ရွက်ရန် လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာတွင် နှစ်နိုင်ငံနယ် နိမိတ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ရရှိရေး ညှိနှိုင်းဆောင်ရွက်ရန်၊ အကြမ်းဖက် တိုက်ခိုက်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု။ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် အခြားတရားမဝင် ကုန်သွယ်မှုများကို သတင်း ညှိနှိုင်းတိုက်ဖျက်ရန်၊ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ဖော်ဆောင်ရန်၊ နယ်စပ်ဒေသတွင် သတင်းဖလှယ်ခြင်းနှင့် ဟန်ချက်ညီ ကင်းလှည့်ခြင်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အား နှစ်ဦးနှစ်ဖက်က လေးစားလိုက်နာရန် စသည့်အချက်များ ပါဝင်သည်ဟု သိရသည်။ အဆိုပါ စာချွန်လွှာလက်မှတ် ရေးထိုးရန် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား လွှတ်တော်က အတည်ပြုခဲ့သည်။

(မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် လွှတ်တော်၌ ပြောကြားစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis