menu

Tuesday 19 November 2013

မြန်မာယူ ၂၃ ဘောလုံး အသင်း၏ နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် တွေ့ဆုံခြင်း

sport_mmblnpktsk_stamk
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် ပရိသတ် စိတ်ဝင်စားမှု အများဆုံး ဖြစ်သည့် အသက် ၂၃ နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာယူ ၂၃ ဘောလုံး အသင်း၏ ပြင်ဆင်ထားမှုများနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့ကို သိရှိနိုင်စေရန် ချန်ပီယံ ဖြစ်ရမည်ဟု အထပ်ထပ် ကတိပေးထားသည့် မြန်မာ ၂၃ နှစ်အောက် အမျိုးသား ဘောလုံးအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။

Voice :
တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေကို ခြေစမ်းခရီး ထွက်ခဲ့တဲ့ မြန်မာယူ ၂၃ အသင်းနဲ့ အဲဒီမတိုင်ခင် နှစ်လကျော်က ခြေစမ်းပွဲတွေ ဆက်တိုက်ရှုံးခဲ့တဲ့ မြန်မာအသင်း ဘာတွေ ကွာခြားသွားပြီလဲ။
PSH : တိုးတက် လာတာတွေကတော့ များပါတယ်။ ကိုယ့်ထက်ကောင်းတဲ့ အသင်းတွေနဲ့ ခြေစမ်း ကစားခဲ့ရတဲ့ အတွက် ကိုယ့်ထက်မြန်တဲ့၊ ကောင်းတဲ့ အသင်းတွေ ဆိုရင် ဘယ်လို ကစားရမယ်ဆိုတဲ့ အတွေ့အကြုံတွေ အများကြီး ရရှိခဲ့ပါတယ်။ ရက် ၂၀ လောက် သွားခဲ့ရတဲ့ အတိုင်းအတာနဲ့ ရခဲ့တဲ့ အတွေ့အကြုံပိုင်းကို ကျေနပ်ပါတယ်။ ကြံ့ခိုင်မှုပိုင်းကတော့ အားနည်းချက်တွေ ရှိနေဆဲပါပဲ။ ဒါကလည်း ကစားသမားတွေ ခရီးထွက်ခဲ့ ရတဲ့အတွက် ပင်ပန်းခဲ့ကြလို့ ကြံ့ခိုင်ရေးပိုင်းမှာ ပုံမှန် မဖြစ်သေးတာပါ။
Voice : SEA Games ဘောလုံးပွဲတွေ ကျင်းပဖို့ ၁၈ရက်ပဲ ကျန်တော့တဲ့ အချိန်ထိ ကြံ့ခိုင်ရေးပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုတော့ ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။
PSH : ကြံ့ခိုင်မှုပိုင်း လေ့ကျင့်ခန်းကို ပြိုင်ပွဲ ရက်တွေမှာလည်း ရရင်ရသလို လုပ်သွားရမှာပါ။ ကြံ့ခိုင်မှုပိုင်းကို စကိုင်တာ သုံးလပဲ ရှိသေးတဲ့အတွက် အပြည့်အဝ မရသေးပါဘူး။ ရှိနေတဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ ညီမျှတဲ့ လေ့ကျင့်ခန်းတွေ လုပ်နေတာ ဖြစ်လို့ အခက်အခဲတော့ မရှိပါဘူး။
Voice :တောင်ကိုရီးယားနဲ့ ဂျပန်မှာ စခန်းသွင်း လေ့ကျင့်တဲ့ ရက်၂၀မှာ ခြေစမ်းပွဲ ကိုးပွဲကစားခဲ့တယ်။ SEA Games မတိုင်ခင်လည်း ခြေစမ်းပွဲလေးပွဲ ကစားဦးမယ် ဆိုတော့ ကစားသမားတွေ ဒဏ်ရာရမှာ မစိုးရိမ်မိဘူးလား၊၊ ခြေစမ်းပွဲတွေ များလွန်းတယ်လို့ ဝေဖန်နေတဲ့ အပေါ် ဘာပြောချင်လဲ။

PSH : ကစားသမားတွေ ဒဏ်ရာရမယ် ဆိုတဲ့စိတ်နဲ့ စိုးရိမ်ပြီး လေ့ကျင့်ရေး မလုပ်လို့ မရပါဘူး။ ဒဏ်ရာရမှာ ကြိုတွေပြီး စိုးရိမ်နေမယ်ဆိုရင် ခြေစမ်းပွဲတွေ၊ လေ့ကျင့်ရေးတွေက မလုပ်ဖို့ဘဲ ရှိပါတော့တယ်။ ဝေဖန်မှုတွေကို ဂရုစိုက် မနေနိုင်ပါဘူး။ ကစားသမား မှန်ရင် ဒဏ်ရာရှိမှာပဲ။ ပြိုင်ပွဲဝင်နေစဉ်မှာလည်း ဒဏ်ရာ ရနိုင်တာပဲလေ။
Voice : ဒီနှစ်ပိုင်းထဲမှာ နှစ်ကြိမ်စီ ကစားခဲ့ရပြီး နှစ်ကြိမ်လုံး ရှုံးခဲ့တဲ့ မလေးရှားနဲ့ ဗီယက်နမ် အသင်းတွေကို အုပ်စုအဆင့်မှာ ရှောင်နိုင်ခဲ့လို့ ကျေနပ်တယ်လို့ ပြောခဲ့တာ ရှိတယ်။ ဒါဆိုရင် ထိုင်းတို့၊ အင်ဒိုနီးရှားတို့နဲ့ တစ်အုပ်စုတည်း ကျတဲ့ အနေအထားအရ SEA Games မှာ ဘယ်လောက်ထိ အောင်မြင်မှု ရနိုင်မလဲ။
PSH : မလေးရှားနဲ့ ဗီယက်နမ် အသင်းတွေကို အုပ်စုအဆင့်မှာ ရှောင်နိုင်ခဲ့လို့ ကျေနပ်တယ်။ ဘာလို့လဲဆိုရင် ကစားသမားတွေ စိုးရိမ်စိတ်က အားနည်းချက် ဖြစ်လာနိုင်လို့ပါ။ ထိုင်းနဲ့ အင်ဒိုနီးရှား တို့ကလည်း အသင်းကောင်းတွေပါ။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နဲ့ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က SEA Games ပြိုင်ပွဲမှာ ရွှေတံဆိပ် ရဖို့ပါ။ အဲဒီအတွက် အုပ်စု အဆင့်ဆိုတာ အသေးအဖွဲ ကိစ္စပါပဲ။ SEA Games မှာ ဗိုလ်လုပွဲထိ ရောက်အောင်သွားပြီး ချန်ပီယံ ဖြစ်ရမယ်လို့ ရည်မှန်းထားတဲ့ အတွက် အုပ်စုအဆင့်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။
Voice : ဒီစကားကို မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွေပြီးလို့ ပဏာမ လက်ရွေးစင် ကစားသမားတွေ ရွေးချယ်တဲ့ အချိန်က တစ်ခါ ပြောခဲ့တယ်နော်။ ဒါဆိုရင် မြန်မာ ပရိသတ်တွေ မျှော်လင့်နေတဲ့ ချန်ပီယံဆုကို အရယူပေးမယ်လို့ အာမခံတဲ့ သဘောလား။
PSH : မြန်မာပရိသတ်တွေ ဘောလုံး အားကစားနည်းကို အခြားကစားနည်းတွေထက် ပိုပြီး စိတ်ဝင်စားတယ် ဆိုတာ သိပါတယ်။ အဲဒီအတွက်လည်း ကစားသမားတွေ ကြိုးစားပမ်းစား လေ့ကျင့် နေကြပါတယ်။ ကျွန်တော့်ရဲ့ အဓိက တာဝန်ကလည်း အိမ်ရှင် မြန်မာအသင်းအတွက် ရွှေတံဆိပ်နဲ့ ချန်ပီယံဆု ယူပေးရမှာပါ။ ဒီအတွက်ကြောင့် အိမ်ရှင် မြန်မာအသင်း ချန်ပီယံ ဖြစ်ရမယ်လို့ အာမခံရဲတာပါ။
Voice : အကယ်၍ပေါ့လေ နည်းပြ ချုပ်ကြီးပြော (အာမခံ) ခဲ့သလို ချန်ပီယံ မဖြစ်ခဲ့ဖူး ဆိုရင် ပရိသတ်တွေအတွက် ဘယ်လို တာဝန်ယူမလဲ။
PSH : ကျွန်တော် ယူထားတဲ့ တာဝန်ကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နေတဲ့ အတွက် ဒါကို မစဉ်းစားထားပါဘူး။ အချိန်က ဆုံးဖြတ် ပေးမှာပါ။
Voice : မြန်မာအသင်းက ကစားသမားတွေ အရင်က ပြိုင်ပွဲတွေမှာ မလိုလားအပ်တဲ့ အပြုအမူတွေကြောင့် အသင်းကို ထိခိုက်တာမျိုး ရှိခဲ့တယ်။ အခုပြိုင်ပွဲက ဒေသတွင်း ပြိုင်ပွဲကြီး ဖြစ်တဲ့အတွက် နည်းပြချုပ် ဖြစ်တဲ့ ပတ်ဆောင်ဟွာ အနေနဲ့ ဘယ်လို သင်ပြ ပေးထားသလဲ။
PSH : အဲဒီ အပိုင်းကိုလည်း စိုးရိမ်မိပါတယ်။ ဒါကြောင့် အဲလိုမျိုး မဖြစ်အောင်လည်း ကွင်းတွင်းရော၊ ကွင်းပြင်မှာပါ ပြောထားပါတယ်။ ဒါပေမဲ့ မြန်မာ နေရှင်နယ်လိဂ်မှာ ကတည်းက ထိထိရောက်ရောက် ပြစ်ဒဏ် ပေးတာမျိုး အားနည်းခဲ့တာကြောင့် ကစားသမားတွေ အနေနဲ့ သူတို့ရဲ့ ရေရှည် အစွဲတွေကို ဖျောက်ဖျက်ဖို့ ခက်နေပါသေးတယ်။ အဲဒီအပိုင်းကို ပြင်နိုင်ဖို့က မြန်မာ နေရှင်နယ်လိဂ်မှာပါ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အပြစ်ပေးမှုတွေ လုပ်ရမှာပါ။
စည်သူအောင်မျိုးကျော်

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis