menu

Tuesday 19 November 2013

အရေးကြီးစီမံကိန်းများနှင့် ပတ်သက်ဆုံးဖြတ်ရာတွင် သမ္မတတစ်ဦးတည်း ဆုံးဖြတ်၍မရတော့

အတည်ပြုလိုက်သော ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ သမ္မတအား လုပ်ပိုင်ခွင့်ပေးထားသည့် အချက်အချို့ကို ပြည်ထောင်စုလွှတ်တော်ကိုပါ ခွဲဝေပေးလိုက်ပြီး နိုင်ငံအတွင်း သယံဇာတတူးဖော်သည့်လုပ်ငန်းများ၊ မြစ်ဆုံစီမံကိန်းကဲ့သို့ စီမံကိန်းကြီးများ ပြုလုပ်လိုပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မူလက အဆိုပါအချက်များကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိရန်မလိုဘဲ သမ္မတတစ်ဦးတည်း၏ လုပ်ပိုင်ခွင့်ဖြင့်သာ ဆောင်ရွက်ခွင့်ပေးထားခဲ့ရာမှ နိုင်ငံအတွက် အရေးကြီးသည့် ကိစ္စရပ်များဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်လုပ်ပိုင်ခွင့်အတွင်း ပြောင်းလဲထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဥပဒေကြမ်းကို စတင် တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်မှ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
““အခု ပြည်ထောင်စုလွှတ်တော်ဥပဒေထဲကို ထည့်သွင်းလိုက်တဲ့ အချက်တွေဟာ အရင်က သမ္မတကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဥပဒေတွေဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီကိစ္စတွေဟာ သမ္မတတစ်ဦးတည်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကိုပါ လိုအပ်လာတဲ့အတွက် အခုလို ပြောင်းလဲခဲ့ရခြင်းဖြစ်ပါတယ်”” ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။

ပြောင်းလဲပြင်ဆင်လိုက်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေအရ နိုင်ငံတော်သမ္မတအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း(ဥပမာ-အာဆီယံ)အဖွဲ့အစည်းများနှင့် ချုပ်ဆိုသည့် စာချုပ်စာတမ်းများ၊ ပြည်ထောင်စုမှ စီမံဆောင်ရွက်ခွင့်ရှိသည့် ဆည်မြောင်းတာတမံလုပ်ငန်းများ၊ သဘာဝစွမ်းအင်၊ သယံဇာတပစ္စည်းများ ထုတ်ဖော်မှုနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိမည် ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော ဥပဒေအရ နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ကျမ်းသစ္စာကျိန်ဆိုခြင်း ကိစ္စရပ်ကို တစ်ရက်တည်းအပြီး ပြုလုပ်ခြင်းမှ ရှောင်ရှားနိုင်ရေးကိုလည်း ပြင်ဆင်ထည့်သွင်းထားကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။

အဆိုပါ ဥပဒေအား အမျိုးသားလွှတ်တော်တွင် စတင် တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်မှ ဆွေးနွေးသူမရှိဘဲ အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၁၅ ရက်အစည်းအဝေးတွင် အရေးကြီးအဆိုတင်သွင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis