menu

Tuesday 19 November 2013

အခြေခံဥပဒေ အသစ်ရေးဆွဲရန် နေပြည်တော်လူထု ၈ ရာခိုင်နှုန်း သာ ထောက်ခံ

Photo: အခြေခံဥပဒေ အသစ်ရေးဆွဲရန် နေပြည်တော်လူထု ၈ ရာခိုင်နှုန်း သာ ထောက်ခံ 

နေပြည်တော်၊ နိုဝင်ဘာ ၁၈

အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက နေပြည်တော်တွင် လူထုဆန္ဒ ခံယူပွဲ ပြုလုပ်ရာ အသစ်ပြန် ရေးဆွဲရေးအတွက် ထောက်ခံသူ ၈ ရာခိုင်နှုန်းသာ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

ယင်းလူထုဆန္ဒ ရယူပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ပြည်သူ ၃၀,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရန် ၈၈ ရာခိုင်နှုန်း ထောက်ခံခဲ့ကြောင်း၊ အသစ်ရေးဆွဲရန် ၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး ကြားနေသူ ၄ ရာခိုင်နှုန်း ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ 

ယင်းဆန္ဒခံယူပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အောင်သိဒ္ဓီ ရပ်ကွက်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးဝင်းမြင့်၊ ဦးအောင်ကြည်ညွန့်နှင့် ဦးမင်းသူတို့က ဟောပြော ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ဒီဟာကို ဆွဲတုန်းကတောင် ၁၀ နှစ်ကျော် ကြာခဲ့တာ။ အသစ်ရေးဆွဲမယ် ဆိုရင် ဘယ်အချိန် သွားသုံးမှာလဲ” ဟု ဆန္ဒရယူပွဲသို့ တက်ရောက်လာသူ အသက် ၅၀ ကျော် အရွယ်ရှိ ဒေသခံတစ်ဦးက ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေးကို တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း တိကျသော အဖြေကို ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။ 

ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ၏ ဆန္ဒရယူပြီး ရရှိလာသည့် သဘောထားများကို ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် NLD ပါတီက ရန်ကုန်တိုင်းဒေသကြီး၌ ဆန္ဒခံယူရာတွင် အခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရန် ထောက်ခံသူ ၁ ရာခိုင်နှုန်း အောက်သာ ရှိကြောင်း ယင်းပါတီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis