menu

Monday 4 November 2013

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လိုင်ဇာမူ အစိုးရနှင့် ယနေ့ စတင်ဆွေးနွေးမည်

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး လိုင်ဇာမူ အစိုးရနှင့် ယနေ့ စတင်ဆွေးနွေးမည်

မြစ်ကြီးနား၊ နိုဝင်ဘာ ၃

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးကို ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် လက်နက်ကိုင် ထိပ်သီးညီလာခံ (လိုင်ဇာ) က ချမှတ်ထားသည့် အပစ်ရပ် မူဘောင်ကို တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့စတင် ဆွေးနွေးမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

အစိုးရ ရည်မှန်းထားသည့် နိုဝင်ဘာလအတွင်း နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ နိုဝင်ဘာလ ၄ ရက် နေ့မှ ၅ ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဦးနိုင်ဟံသာ၊ ဖဒို စောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နှစ်ရက်ကြာ ဆွေးနွေးရန် စီစဉ်ထားသော်လည်း အသေးစိတ်ကို မပြောဆိုနိုင်သေးကြောင်း ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့မှ ဦးဒေါင်ခါးက ပြောကြားသည်။
“လိုင်ဇာမူဘောင်ကို ဦးအောင်မင်းတို့နဲ့ ဆွေးနွေးမယ်။ သူတို့ဘက်က အဖြေချက်ချင်း ပေးဖို့တော့ နည်းနည်းခက်မယ်” ဟု ဦးခွန်ဥက္ကာက ဆိုသည်။

ကေအိုင်အိုအဖွဲ့ ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမှ မြစ်ကြီးနားမြို့သို့ နိုဝင်ဘာလ ၃ ရက်နေ့တွင် လာရောက်ရာ လမ်းခရီး တစ်လျှောက် ဒေသခံ ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြောင်း PCG ကဆိုသည်။
“လိုင်ဇာ ညီလာခံမူကို လက်ခံတဲ့အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြည်သူတွေ ကြိုဆိုတာ အရမ်းကို ဂုဏ်ယူတယ်။ ဒါဟာ ဘုံသဘောတူညီချက်ကို ကျွန်တော်တို့ လက်မှတ်ရေးထိုးဖို့ အားတစ်ခု ဖြစ်သွားနိုင်ပါတယ်” ဟု လိုင်ဇာသဘော တူညီချက် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် RCSS မှ ဗိုလ်မှူးစိုင်းလက ဆိုသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ရန်နှင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အသီးသီးက ထပ်တူ ရည်မှန်းထားကြောင်း လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis