menu

Monday 4 November 2013

မြန်မာကို သံသယနဲ့ ပြန်ကြည့်နေပြီလား....(.ရေးသားသူ- ထားထားမြင့် )

Photo: မြန်မာကို သံသယနဲ့ ပြန်ကြည့်နေပြီလား
--------------
ရေးသားသူ- ထားထားမြင့်

ဆောင်းဦးဟုခေါ်သော သစ်ရွက်များ အရောင်ပြောင်းလဲတတ်သည့်အချိန်သည် ၀ါရှင်တန်ဒီစီမြို့တော် ကျက်သရေဆောင် အမေရိကန်ကွန်ဂရက်အဆောက်အအုံ တည်ရှိရာ ကတ်ပီတယ်ဟေးလ်၏ အလှဆုံးအချိန်ဖြစ်ပါသည်။ သို့သော်လည်း နီညိုရောင်သစ်ရွက်ကြွေများ လွမ်းမောဖွယ်ရာ အုပ်ဆိုင်းနေသည့် အဆောက်အအုံတွင်းမှာတော့ အခြေအနေများက သိပ်မလှပပါ။ အထူးသဖြင့် ယခုရက်ပိုင်းပြုလုပ်လာသော မြန်မာပြည်ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ကြားနာပွဲများတွင် ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီးနောက် အမေရိကန်-မြန်မာ ဆက်ဆံရေးက တစ်ရှိန်ထိုး ချောမွေ့တိုးတက်လာခဲ့သည်။ သို့သော် မြန်မာစစ်တပ်၏ လက်စမသတ်နိုင်သေးသော လူ့အခွင့်အရေးချိုးဖောက်မှုက ကြိုးကြားကြိုကြားပေါ်လာသလို တစ်ပြည်လုံးအနှံ့ဖြစ်ပွားခဲ့သော လတ်တလော ဘာသာရေးအကြမ်းဖက်မှုများကလည်း နိုင်ငံတကာအလယ်တွင် ဖုံးမရဖိမရ။ သို့အတွက် အမေရိကန်လွှတ်တော်၏ နိုင်ငံခြားရေးမူဝါဒကြားနာပွဲများတွင် မြန်မာအပေါ် ဆက်ဆံရေးကို သံသယနှင့် ပြန်လည်သုံးသပ်ရန် အိုဘားမားအစိုးရကို တိုက်တွန်းသောအသံများ ပိုမိုဆူညံလာပါသည်။

ထောက်ပြသူ လွှတ်တော်အမတ်များက မြန်မာနှင့်ဆက်ဆံရေးသည် အမေရိကန်၏ အာရှချိန်ခွင်လျှာညှိရေးမူဝါဒကို ပံ့ပိုးမှုသိပ်မရှိဟု သုံးသပ်တင်ပြကြသည်။ အမေရိကန်အစိုးရ၏ အဓိက နိုင်ငံခြားရေးမူဝါဒရည်မှန်းချက်မှာ အရှေ့တောင်အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ သြဇာအာဏာကျယ်ပြန့်လာမှုကို ကန့်သတ်တုံ့ပြန်ရန်ဖြစ်သည်။ ထို့ကြောင့် အာရှတွင် အမေရိကန်၏ စစ်ရေးဆက်ဆံမှုကို တိုးမြှင့်ရေးက ဦးစားပေးဖြစ်၏။ သို့သော်လည်း ထိုရည်မှန်းချက်ကို ပြီးမြောက်အကောင်အထည်ဖော်ရန် အမေရိကန်သည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများနှင့်သာ ဆက်ဆံရေးတိုးချဲ့သင့်ပြီး မြန်မာစစ်တပ်နှင့် စစ်ရေးဆက်ဆံရေး စတင်ရန်မလိုဟု အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ ကိုယ်စားလှယ် ထရင့်ဖရင့်ခ်က ပြတ်ပြတ်သားသားဆိုပါသည်။

မြန်မာစစ်တပ်သည် ဟိုတုန်းကရော၊ ယခုရော လူ့အခွင့်အရေးများကို ချိုးဖောက်သည့် သမိုင်းကြောင်းရှိသော စစ်တပ်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ရာတွင် အိုဘားမားအစိုးရအနေဖြင့် မြန်မာအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုသမိုင်းကြောင်းကို ပြန်ကြည့်ရန်လိုသည်ဟု သူကဆိုသည်။ ဒါတင်မက မြန်မာသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာသည့် နိုင်ငံတစ်ခုဖြစ်လာရန် အဝေးကြီးလိုနေသေးသည်ဟု အမေရိကန်လွှတ်တော်အမတ်များက ထောက်ပြသွားကြသည်။

လွှတ်တော်အမတ်အချို့ အဓိကဟန့်တားနေသည်မှာ သမ္မတအိုဘားမားအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်သွားမည့်အရေးဖြစ်ပါသည်။ မြန်မာစစ်တပ်အနေဖြင့် နောက်ထပ်ပြောစမှတ်ဖြစ်သော  ပြုပြင်ပြောင်းလဲမှုများလုပ်ပြီး ယခုထက်သိသာသော ပြောင်းလဲမှုများကို လုပ်ဆောင်မှသာ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကို စတင်သုံးသပ်သင့်သည်ဟု သူတို့က အမေရိကန်နိုင်ငံခြားရေးဌာနသို့ တင်ပြသွားကြသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးသည် အချိန်တိုအတွင်း မြန်ဆန်စွာပြောင်းလဲခဲ့သည်။ လွန်ခဲ့သည့်သုံးနှစ်ခန့်က မြန်မာသည် အမေရိကန် စီးပွားရေးပိတ်ဆို့မှုများနှင့် ဒဏ်ခတ်ထားသည့် အထီးကျန်နိုင်ငံဖြစ်၏။ ယခုအချိန်မှာ သမ္မတဦးသိန်းစိန်ပင် အမေရိကန်သမ္မတ အိမ်ဖြူတော်အထိ ရောက်လာခဲ့ချေပြီ။ မြန်မာအစိုးရ၏တာဝန်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဒီမိုကရေစီစနစ်လုံးဝရောက်သည်အထိ ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်သည်။ သို့သော်လည်း နိုင်ငံရေးဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ဆောင်ရွက်နေဆဲဟု ကြားနာပွဲများတွင် လွှတ်တော်အမတ်များက ထောက်ပြဆွေးနွေးလာကြသည်။

ထို့ကြောင့် အမေရိကန်လွှတ်တော်သည် အိုဘားမားအစိုးရကို မြန်မာတွင် ခိုင်မာသော ပြောင်းလဲမှုရှိမှသာ စီးပွားရေးနှင့် သံတမန်ရေး ညှိနှိုင်းဆောင်ရွက်မှုများလုပ်ရန် ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံရေးမူဝါဒပညာရှင် ရိုင်ယန်မက်ကလူယာကပြောကြားသည်။

(ဒုတိယပိုင်း) https://www.facebook.com/photo.php?fbid=613833248678313&set=a.613833235344981.1073741887.103865773008399&type=1&theater

ရခိုင်ပြည်နယ်နှင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုများနှင့် ကချင်ပြည်နယ်က မပြီးပြတ်သေးသော တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲများကို အမေရိကန် လွှတ်တော်ကြားနာပွဲများ၌ ထောက်ပြသုံးသပ်မှုများ ပိုစိပ်လာ၏။ မြန်မာစစ်တပ်က တိုင်းရင်းသားဒေသများတွင် လယ်ယာမြေများကို သိမ်းယူပြီး စီးပွားရေးလုပ်ကိုင်မှုကို ထောက်ပြသူက ထောက်ပြကြသည်။ ထို့အပြင် စစ်တပ်အမတ်များ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် အခြေခံဥပဒေကြောင့် လက်ရှိလုပ်နေသော နိုင်ငံရေးပြောင်းလဲမှုများကို စစ်တပ်က လွယ်ကူစွာ နောက်ပြန်လှည့်နိုင်သည်ဟုလည်းဆိုသူက ဆိုကြသည်။

သမ္မတအိုဘားမားအစိုးရကို မြန်မာအစိုးရအပေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်လာအောင် တွန်းအားပေးရန် လူ့အခွင့်အရေးအခြေအနေ တိုးမြှင့်ရန်နှင့် တရားဥပဒေစိုးမိုးရေးရှိလာအောင် ဆောင်ရွက်ရန် တွန်းအားပေးသင့်ကြောင်း ကြားနာပွဲများတွင် တင်ပြချက်အမျိုးမျိုးနှင့် လွှတ်တော်အမတ်များက တိုက်တွန်းသွားကြသည်။

ယခုလောလောဆယ်တွင်မူ အိုဘားမားအစိုးရအဖွဲ့၏ မြန်မာအပေါ် သဘောထားက အကောင်းမြင်သည့် အနေအထားမှာပင် ရှိသေးသည်။ ပြောင်းလဲချက် တစ်စုံတစ်ရာ ထူးထူးခြားခြားမရှိသေး။

သို့သော် လွှတ်တော်ကြားနာပွဲများတွင် နှစ်စပိုင်းကလို မြန်မာအပေါ် ချီးမွမ်းသံများကမူ တစ်စထက်တစ်စ တိတ်ဆိတ်လာခဲ့သည်။ ပြစ်တင်ပြောဆိုသံများကသာ ပိုစိပ်လာ၏။ တစ်နည်းဆိုရသော် ဆောင်းဦးရွက်ကြွေရာသီအောက်က အမေရိကန်ကွန်ဂရက်အဆောက်အအုံရှိရာ ကတ်ပီတယ်ဟေးလ်တွင် မြန်မာကို သံသယဖြင့်ကြည့်လာသူတွေ ပိုများလာနေပါပြီ။ ။

Saul LOEB/AFP PHOTO
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis