menu

Monday 4 November 2013

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် အတည်ပြုပြီး သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၈ ဒသမ ၁ ထရီလျံနှင့် ခန့်မှန်းခြေ ကျောက်မီးသွေးတန်ချိန် သန်း ၄၉၀ တန် ရှိနေကြောင်း သိရ

O-4-11
ထိုင်းနိုင်ငံသို့ တင်ပို့မည့် ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၈ ဒသမ ၁ ထရီလျံနှင့် ခန့်မှန်းခြေ ကျောက်မီးသွေးတန်ချိန် သန်းပေါင်း ၄၉၀ တန် ရှိနေကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာဖြစ်သော မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ဖွဲ့စည်းမှုအသစ် (New Energy Architecture: Myanmar) ဟူသော အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေတွင် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေသည့် သဘာဝဓာတ်ငွေ့ စီမံကိန်း လေးခုရှိနေပြီး၊ ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီမှ ထုတ်ယူနေသော ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ Patronus ကုမ္ပဏီမှ ဦးဆောင်ရှာဖွေ တူးဖော်နေသော ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ဒေ၀ူးမှ ဦးဆောင်ထုတ်ယူနေသော ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီမှ ဦးဆောင်တူးယူနေသော မုတ္တမကမ်းလွန်ရှိ ဇောတိက စီမံကိန်းများဖြစ်ကြောင်း သတင်းရရှိသည်။
"လောလောဆယ်မှာ ပြင်သစ်နိုင်ငံက Total Company ရတနာ သဘာဝဓာတ်ငွေ့သိုက် ကနေပြီးတော့ ကမ်းလွန်မှာ ဓာတ်ငွေ့တွေ ထုတ်ပြီးတော့ ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေပါတယ်။ ကုဗပေ တစ်နေ့ကို သန်း ၆၀၀ ရှိပါတယ်။ ဒီကနေပြီး ပြည်တွင်းသုံးဖို့အတွက် တစ်နေ့ကို ကုဗပေ သန်း ၁၈၀ ပေးပါတယ်။ ဒီဓာတ်ငွေ့ထုတ်လုပ် ရောင်းချတဲ့နှစ်က ၁၉၉၈ ခုနှစ် ဖြစ်ပါတယ်။ ပါတနာတွေနဲ့ ဆောင်ရွက်တဲ့ နေရာမှာတော့ ၉၈ ခုနှစ် က ထုတ်လုပ်ရောင်းချ ခဲ့တဲ့အတွက်ကြောင့် ၂၀၁၃ ဆိုတော့ ၁၅ နှစ်နီးပါး ရှိပါပြီ။ သူ့ရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀ ရှိပါတယ်။ နောက်တစ်ခုကတော့ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက် ဖြစ်ပါတယ်။ သူ့ကိုလည်း ဓာတ်ငွေ့ထုတ်ပြီး ထိုင်းနိုင်ငံကို တင်ပို့ရောင်းချ နေပါတယ်။
အဲဒီလို ထိုင်းနိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ဓာတ်ငွေ့က တစ်နေ့ကို သန်းပေါင်း ၄၃၀ လောက် ရှိပါတယ်။ ရဲတံခွန်ကိုကျတော့ Patronus က ဦးဆောင်ပြီးတော့ ၂၀၀၀ ခုနှစ် ကတည်းက ထုတ်ယူရောင်းချတာပါ။ ဒီသဘာဝဓာတ်ငွေ့သိုက်က လေဆီတစ်နေ့ကို စည်ပေါင်း ၉၇၀၀ လောက် ထွက်ရှိပါတယ်။ ထွက်ရှိလာတဲ့ ရေနံစည် ၉၇၀၀ ကို နေ့စဉ်ပေါ့လေ ဟိုတုန်းက နိုင်ငံခြားကို ရောင်းပေမဲ့ အခုတော့ သံလွင်ရေနံချက် စက်ရုံကို ယူလာပြီး ပြန်ပြီးချက်လုပ် ပါတယ်" ဟု Smart Electronic Co.,ltd ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်လှိုင်က ပြောကြားခဲ့သည်။
သဘာဝဓာတ်ငွေ့ စီမံကိန်း လေးခုရှိနေပြီး၊ ပြင်သစ်နိုင်ငံ Total ရေနံကုမ္ပဏီမှ ထုတ်ယူနေသော ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း၊ Patronus ကုမ္ပဏီမှ ဦးဆောင်ရှာဖွေ တူးဖော်နေသော ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ဒေ၀ူးမှ ဦးဆောင်ထုတ်ယူနေသော ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ထိုင်းနိုင်ငံ . . . . .
"တကယ်တော့ သဘာဝဓာတ်ငွေ့ ဆိုတာဟာ ဒီနေ့ရှာဖွေ တွေ့ရှိ တဲ့ သဘာဝဓာတ်ငွေ့ကို ဒီနေ့ထုတ်ရောင်းလို့ မရပါဘူး။ တွေ့ခဲ့လို့ ရှိရင်လည်း ၉ နှစ်ကျော် ၁၀ နှစ်ကြာမှ ဒီဓာတ်ငွေ့က ရောင်းချလို့ ရပါတယ်။ သူကရေနံနဲ့ သဘောသဘာဝချင်း မတူပါဘူး။ ဒီနေရာမှာ အရည်လုပ်ပြီး (LNG) အဖြစ်နဲ့ ရောင်းတာရှိတယ်။ အိမ်နီးနားချင်း နိုင်ငံတွေကို ပိုက်လိုင်းသွယ်ပြီး ရောင်းတာရှိတယ်။ ဒီလိုရောင်းဖို့ ဆိုတာကတော့ ချက်ချင်းတော့ ရောင်းလို့မရဘူး။ ဒီဓာတ်ငွေ့သိုက် ပမာဏက ဘယ်လောက်ရှိလဲ။ ဘယ်နှစ်နှစ် ရောင်းလို့ရမလဲ။ အရည်အသွေးက ဘယ်လိုလဲ။ ဒါတွေကို အရင်လေ့လာ ရပါတယ်။ ရရှိလာတဲ့ ဘူမိရူပဗေဒ အချက်အလက်တွေ မူတည်ပြီးတော့ Third party လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ လက်မှတ်ထုတ်ပေးတဲ့ ကုမ္ပဏီတွေရဲ့ အကြံပြုချက်ကို တောင်းခံရပါတယ်။ ဒီ Certification ပေါ်မူ တည်ပြီးမှ ဒီဓာတ်ငွေ့သိုက်ကြီးက တစ်နေ့ကို ဘယ်လောက်ထွက်မယ်။ ဘယ်နှစ်လောက် ရောင်းချနိုင်မယ်ဆိုတာ တွက်ချက်ကြည့်ပြီး၊ ဒီအချက်အလက်တွေ ထွက်လာကာမှ ရောင်းသူဝယ်သူ နှစ်ဦးသဘောတူ စာချုပ်ချုပ်ကြပါတယ်။ ချုပ်တဲ့အခါမှာ Take off pay နဲ့ ချုပ်ရတာပါ။ တစ်ဖက်ဖက်က ပျက်ကွက်လို့ မရပါဘူး။ ရောင်းတဲ့နေရာမှာ ယူတဲ့လူကလည်း နှစ် ၃၀ စာချုပ် ချုပ်ထားရင် နှစ်သုံးဆယ်လုံး ယူပေးရပါတယ်။ မယူရင်လည်း လျော်ပေးရမှာပါ။ ဒီလိုမှ  မဟုတ်ဘဲ ကိုယ်ကနှစ်သုံးဆယ်စာ မရောင်းနိုင်တော့ဘူးဆိုရင် ကိုယ့်ဘက်က လျော်ရပါတယ်။ မြန်မာလို ပြောရင်တော့ မယူမနေရ စာချုပ်ပေါ့။ ဒါကြောင့် ဒီနေ့ဓာတ်ငွေ့ ရှာသူတွေဟာ နောင် ၁၀ နှစ်ကြာမှ ခံစားရမှာပါ" ဟု ၎င်းကဆိုသည်။
အလားတူ အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေ၌ ရေနံလုပ်ကွက် ၇၇ ကွက်ကို တူးဖော်လုပ်ကိုင်နေပြီး ပြီးခဲ့သည့် နှစ်နှစ်ကာလအတွင်း နောက်ထပ် ၆၆ ခုကို ကမ်းလှမ်းထားကြောင်းနှင့် ယင်းတို့အထဲတွင် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ ပါဝင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis