menu

Monday 4 November 2013

ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း

inter_bkgmhtsk_kka
“ပြည်ထောင်စု တပ်မတော်မှာ အားလုံး ပါဝင်နိုင်ဖို့ လိုအပ်ပါတယ်”
သမ္မတဦးသိန်းစိန်က ၎င်း၏ အစိုးရ သက်တမ်းအတွင်း အပြီးဆောင်ရွက်မည်ဟု ပြောဆိုထားသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ရေး အဓိက ကျန်ရှိနေသည့် ကေအိုင်အေ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို လိုင်ဇာညီလာခံ သတင်းစာရှင်းလင်းပွဲတွင် The Voice Daily အပါအဝင် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက တွေ့ဆုံ မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြအပ်ပါသည်။
Voice : ခုလိုင်ဇာညီလာခံမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေ မူဘောင်ကို သဘောတူထားပြီ ဆိုတော့ ကေအိုင်အိုနဲ့ အစိုးရတို့ ဘယ်အချိန် နောက်ဆုံး အပစ်ရပ် လက်မှတ်ထိုးဖို့ စီစဉ်ထားပါသလဲ။
ဗိုလ်ချုပ်ဂွမ်မော် : ခုကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး အချိန်ကို သတ်မှတ်လို့ မရပါဘူး။ အစိုးရကတော့ ကျွန်တော်တို့ကို အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးစေချင်တယ်။ ကေအိုင်အို အနေနဲ့ကတော့ အပစ်အခတ် ရပ်စဲရေးကို စာချုပ်သက်သက် မလုပ်ချင်ဘူး။ အပစ်အခတ် ရပ်စဲရေး စာချုပ်ဆိုတာက လက်နက်ကိုင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ကြားထဲက ကတိကဝတ် ဖြစ်ပါတယ်။ ကေအိုင်အိုက ပြောနေတာက အခြားသူတွေပါဝင်နိုင်ပြီးတော့ ရှေ့ဆက်ပြီး သွားနိုင်မယ့် အစီအစဉ်များအတွက် ချုပ်ဆိုတဲ့ ကတိကဝတ်မျိုး ဖြစ်ချင်ပါတယ်။ ဘယ်အချိန်မှာ ထိုးမလဲလို့ ပြောရတာ ခက်ပါတယ်။ ဒီဟာကို အဖြေရှာနိုင်ဖို့ ကွန်ဖရင့် ကျင်းပရတာ ဖြစ်ပါတယ်။ ဒီကွန်ဖရင့်က ၁၃ ဦး ကော်မတီကနေပြီးတော့ ဘယ်အချိန်မှာ ထိုးနိုင်မလဲ ဆိုတာကို ဘယ်လောက်အထိ ဆောင်ရွက်နိုင်မလဲ၊ အစိုးရနဲ့ ဘယ်လောက်အထိ ဆွေးနွေးနိုင်မလဲ၊ ကျွန်တော်တို့ဘက်က ဘယ်လောက် ညီညွတ်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးမှပဲ အချိန်ကို ပြောနိုင်မှာ ဖြစ်ပါတယ်။

Voice : ဒါဆိုရင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ကို ကေအိုင်အိုက ပထမ ဦးစားပေးအနေနဲ့ မသတ်မှတ်ဘူးလို့ ဆိုလိုပါသလား။
ဗိုလ်ချုပ်ဂွမ်မော် : ကွန်ဖရင့်ကျင်းပရတဲ့ ရည်ရွယ်ချက်က အစိုးရက ဖိတ်ခေါ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အစီအစဉ်မှာ ဘယ်လို ပါဝင်နိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။
ကုမုဒြာ : ယုံကြည်မှု တည်ဆောက်ရေးလို့ ပြောတဲ့အခါ ယုံကြည်မှု ပျက်ပြားစေတဲ့ အကြောင်းတွေကရော ဘာတွေလဲဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ခံယူချက်ကို ပြောပေးပါ။
ဗိုလ်ချုပ်ဂွမ်မော် : ယုံကြည်မှု ပျက်ပြားစေတဲ့ အကြောင်းတရားတွေ အများကြီး ရှိပါတယ်။ ဘယ်ကိစ္စမဆို ယုံကြည်မှုကို အနည်းနဲ့အများ လျော့ကျသွားစေ နိုင်ပါတယ်။ ဒါကြောင့် အပစ်ရပ် စာချုပ်ချုပ်ပြီးတဲ့ အဖွဲ့တွေရော ကျွန်တော်တို့ မချုပ်ရသေးတဲ့ အဖွဲ့တွေရော ဆွေးနွေးတာက ရှောင်ကြဉ်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ ဒီဟာတွေကို ခိုင်ခိုင်မာမာနဲ့ သတ်မှတ်ပြီးတော့ တကယ်စည်းကမ်းတကျ လိုက်နာနိုင်တယ်ဆိုရင် ယုံကြည်မှု တည်ဆောက်လို့ရမယ်။ ဘယ်အချက်လဲလို့ ပြောရတာထက် အချက်တွေ အများကြီး ရှိသော်လည်း အရေးကြီးတဲ့ အချက်တွေ သတ်မှတ်ပြီးတော့ စည်းကမ်းချက်ကို လိုက်နာဖို့ လုပ်နေတာပါ။ အဲဒီတော့ အများကြီးရှိတယ် သို့သော် ပိုအရေးကြီးတဲ့ အချက်တွေကို သတ်မှတ်သွားဖို့ အစီအစဉ် ရှိပါတယ်။ ရှေ့တန်း တပ်စခန်း ချထားရေးကတော့ အစီအစဉ်သတ်သတ် ဖြစ်ပါတယ်။ အဖွဲ့တိုင်းမှာ နေရာပြန်လည် ချထားရေးတွေ ရှိပါတယ်။ တချို့နေရာတွေမှာ ခွာပေးရမယ့် နေရာတွေ ရှိတယ်။ တချို့နေရာတွေက ဆုတ်ပေးဖို့ နေရာတွေ ရှိတယ်။ သို့သော် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောက်ရင် တပ်စခန်း ကိစ္စတင် မဟုတ်ဘဲ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Kyodo
: ဒီအစည်းအဝေးမှာ ပြောကြတာ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အကြောင်းအရာဆိုတော့ အစိုးရကလည်း ဖက်ဒရယ်နဲ့ ပတ်သက်ရင် အများကြီး အကဲဆတ်ခဲ့တော့ ဒီအကြောင်းအရာကို အစိုးရနဲ့ ဘယ်လောက်အထိ အကြိတ်အနယ် ဆွေးနွေးရဖို့ မျှော်မှန်းထားလဲ။ ဖက်ဒရယ် တပ်မတော် တည်ထောင်ဖို့ဆိုတဲ့ အချက်မှာ ဘာတွေ ပြင်ဆင်ထားတာ ရှိပါသလဲ။
ဗိုလ်ချုပ်ဂွမ်မော် : ဒီကိစ္စတော့ ဒီကွန်ဖရင့်ရဲ့ သဘောထား၊ အခြားအဖွဲ့များရဲ့ သဘောထား မဟုတ်ဘဲ ကေအိုင်အိုရဲ့ သဘောထားကို ဦးစွာ ပြောချင်ပါတယ်။ ပင်လုံကို ပြောတာက လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သမိုင်းဖြစ်ရပ် တစ်ခုဖြစ်လို့ ပြောတာပါ။ ကျွန်တော်တို့ ပင်လုံကို ပြောတဲ့အခါ ပင်လုံ စိတ်ဓာတ်လို့ ပြောတယ်၊ ပင်လုံမူလို့ ပြောတယ်၊ ပင်လုံ ကတိကဝတ်လို့ ပြောတယ်။ ဘယ်လိုပဲ ပြောပြော မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု စတင်တည်ဆောက်တဲ့ သမိုင်းမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အချက်ဖြစ်လို့ ပြောပါတယ်။ ပြီးတော့ ဒီပင်လုံရဲ့မူ၊ ပင်လုံရဲ့ စိတ်ဓာတ် အခြေခံတွေမှာ အတူတကွ တန်းတူညီတူ ပေါင်းစည်းရေး ဖြစ်ပါတယ်။ ပင်လုံစာချုပ် ချုပ်ဆိုတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များက အခွင့်အရေး တောင်းဆိုတဲ့ပွဲ မဟုတ်ပါဘူး။ အတူတကွ ဘယ်လို နေကြမလဲဆိုတဲ့ ကတိကဝတ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အတူတကွ တန်းတူ နေနိုင်ရေးမူကို ပြောတဲ့အခါ ပင်လုံကို ပြောတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ကတော့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ စနစ်ကို အဓိကထား ပြောနေတာပါ။ ဘယ်လောက်အထိ ဆွေးနွေးရမယ်ဆိုတဲ့ အပိုင်းကတော့ ဆွေးနွေးကြည့်မှပဲ သိမှာပါ။ ဘယ်လောက်အထိ ဒီအပေါ်မှာ အခြေခံ ယူဆချက်တွေ တူညီသလဲ၊ အပြန်အလှန် ဘယ်လောက် ဆွေးနွေးနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။
Kyodo : ဖက်ဒရယ်ကို ဆွေးနွေးလို့ အဆင်မပြေဘူးဆိုရင် အပစ်အခတ် ရပ်စဲရေးကို ထိခိုက်နိုင်မလား။
ဗိုလ်ချုပ်ဂွမ်မော် : ဖက်ဒရယ်ကတော့ ခုအချိန်မှာ အစိုးရကလည်း ပြောနေပါတယ်။ တစ်နိုင်ငံလုံးကလည်း ပြောနေပါတယ်။ အဲဒီတော့ ခေါင်းစဉ်က အားလုံးပြောနေတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်နေပါပြီ။ ဆက်ပြီး ဆွေးနွေးရင် သိပ်အခက်အခဲရှိမယ် မထင်ပါဘူး။ Federal Union Army ကိစ္စကတော့ ဆက်ပြီး ဆွေးနွေးရမယ့် ခေါင်းစဉ်တစ်ခုပါ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ပြောတဲ့အခါမှာ အခြားတိုင်းရင်းသား အားလုံးကလည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ဆိုရင် ပြည်ထောင်စု တပ်မတော်မှာ အားလုံးပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Federal Union Army ကိစ္စကို ဆွေးနွေးမယ့် ခေါင်းစဉ်မှာ အဓိက အလေးထားပြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။
BBC : ဖက်ဒရယ် တပ်မတော် ဆိုတာ အစိုးရပါမှ ဖွဲ့လို့ရမှာလား။ ငြိမ်းချမ်း ရေးဆွေးနွေးလို့ မပြေလည်ခဲ့ဘူးဆိုရင် တစ်ချိန်က မာနယ်ပလောမှာ အောင်မြင်ခဲ့သလိုမျိုး တိုင်းရင်းသား တပ်ပေါင်းစု မဖွဲ့စည်းနိုင်ဘူးလား။ ဖွဲ့နိုင်ဖို့ မရှိလို့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပြောရတာလားဆိုတာ ဖြေပေးပါ။

/>ဗိုလ်ချုပ်ဂွမ်မော်
: ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်လို့ ပြောတာက ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ လူမျိုးပေါင်းစုံ နေထိုင်ကြတယ်။ ခုကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်လို့ ပြောတယ်။ အားလုံးစုပေါင်း နေထိုင်ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ရှိသင့်တယ်ဆိုတဲ့ အခြေခံမူ ဖြစ်ပါတယ်။ ဘယ်သူတွေ ပါဝင်မလဲဆိုတာ ပြည်ထောင်စုမှာ အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသားများ ပါဝင်ဖို့ လိုပါတယ်။ ပြည်ထောင်စုထဲမှာ မနေတဲ့သူကတော့ ပါဝင်ဖို့ မလိုပါဘူး။ ပြည်ထောင်စုထဲမှာနေရင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို အတူတကွ ထူထောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အစိုးရရဲ့တပ်ဆိုတာ မရှိသင့်ပါဘူး။ အားလုံးပါဝင်တဲ့ တပ်မတော် ရှိသင့်ပါတယ်။ အခုဖက်ဒရယ် ပြည်ထောင်စု ဆိုတာက တိုက်ပွဲတွေကြောင့် ဖြစ်လာရတာ မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းမှု ပုံသဏ္ဌာန်အရ ဖြစ်ပါတယ်။ တိုက်ပွဲတွေ များလို့ရှိရင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်လို့ မပြောသော်လည်းပဲ မဟာမိတ်များက စုပေါင်းပြီး ခုခံကာကွယ်နေကြမြဲ ဖြစ်ပါတယ်။

DVB
: လူကြီးမင်းတို့ကို စော်ကားတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေပြောတဲ့ ငါ ဆေးလိပ် ခဏခဏ ဖြတ်တယ် ဆိုသလို အပစ်အခတ် ရပ်စဲရေး လက်မှတ်ကလည်း ခဏခဏ ထိုးနေကြတော့ ဒီတစ်ခါထိုးကြရင် ဘယ်လောက် စည်းနှောင်မှု ရှိမလဲဆိုတာ ကွဲကွဲပြားပြား သိချင်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်
: Ceasefire Agreement အရင်က ထိုးခဲ့ကြတာ အဖွဲ့တိုင်းပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတဲ့အချိန်မှာ အခုတစ်ကြိမ် လက်မှတ်ရေးထိုးမယ့် အပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ အပစ်ရပ်ထားတဲ့ အချိန်အတောအတွင်း နောက်ဖြစ်မယ့် တိုက်ပွဲတွေအတွက် ပြင်ဆင်မယ့် အနေအထားမျိုး မဖြစ်ချင်ဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် စည်းနှောင်အား ဘယ်လောက်ကောင်းမလဲဆိုတာ ဒီအယူအဆပေါ်မှာ သွားပါတယ်။ နောက်တစ်ခုက အပစ်အခတ် ရပ်ဆိုင်းရေးလို့ ပြောတာက လက်နက်ကိုင်ထားတဲ့ ဘက်နှစ်ဖက်အတွက်ပဲ ဖြစ်နေပါတယ်။ ခုကျွန်တော်တို့ နိုင်ငံမှာ Peace ကိုပဲ ပြောနေတယ်။ Peace Process ပြောရမယ်လို့ ကျွန်တော်တို့ ရည်ညွန်းတယ်။ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ထိုးရင် ငြိမ်းချမ်းပြီ၊ လက်မှတ် မထိုးရင် မငြိမ်းချမ်းဘူးဆိုတဲ့ အယူအဆကို ကျော်လွှားဖို့ လိုပါတယ်။ Peace Process ဆိုရင် လူတိုင်း ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ရေးထိုးတဲ့ လက်မှတ်ဟာ တိုက်ပွဲအတွက် ပြင်ဆင်တဲ့ကာလ မဖြစ်အောင် အားလုံးပါဝင်နိုင်တဲ့ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်မျိုး ဖြစ်အောင် ရှေ့လုပ်ငန်းများကို လူတိုင်းမြင်နိုင်တဲ့ လမ်းပြမြေပုံကို ဖော်ပြပေးနိုင်တဲ့ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်မျိုး ဖြစ်အောင် ရည်မှန်းထားတယ်လို့ ပြောချင်ပါတယ်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis