menu

Friday 1 November 2013

နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အချိန်သတ်မှတ်ချက်နှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား သဘောထားကွဲလွဲ

8.1.1
လိုင်ဇာ၌်  ပြုလုပ်လျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးအစည်းအဝေးပွဲတွင် လုံခြုံရေး တာဝန်ယူထားသော ကေအိုင်အို တပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည် ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အချိန်သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထား ကွဲလွဲမှု ရှိနေကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး လေးလအကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ စတင်မည်ဟု အစိုးရဘက်က ၎င်းတို့၏ အပစ်ရပ် မူကြမ်းတွင် ရေးသားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် များကမူ လက်မှတ်ထိုးပြီး ရက်ပေါင်း ၃၀ အကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များကို ချမှတ်ပြီး နှောင့်နှေးခြင်း မရှိဘဲ လွှတ်တော်ပြင်ပ၌ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ရန် သတ်မှတ်ထားသည်။
အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက် ပြုလုပ်နေသော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယ နေ့တွင်လည်း ထိုအချက်ကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ မွန်းလွဲပိုင်း အချိန်အထိ သိရှိရသော သတင်းများအရ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အာမခံချက် မရှိပါက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် လုံးဝမဖြစ် နိုင်ကြောင်းကို တိုင်းရင်းသား လက်နက်ကိုင်များအကြား အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆွေးနွေးရာတွင် အစိုးရဘက်က သဘောထား အမြင်များကို KNU နှင့် RCSS အဖွဲ့တို့မှ တင်ပြခြင်းများ ရှိခဲ့သည့်နည်းတူ နိုင်ငံရေး ဆွေးနွေးပွဲ၊ အပစ်အခတ် ရပ်စဲရေးတို့နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များအကြား အချေအတင် ငြင်းခုံမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲမတိုင်မီ အချိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ် ရေးထိုးနိုင်ရန် အစိုးရ၏ သဘောထား မူကြမ်းအနေဖြင့် တင်ပြခဲ့သော ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်း'' တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ကတိပြုခြင်း အခန်းကို ထည့်သွင်း ရေးသားထားသည်။
ထိုအခန်းတွင် ဖော်ပြထားချက်အရ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး လေးလအကြာတွင် ကျင်းပပေးမည်ဟု ပြောဆိုထားပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအတွက် သက်ဆိုင်သော မူဘောင်များ ချမှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို သဘောတူညီချက် လက်မှတ်ရေးထိုးပြီး နှစ်လအတွင်း စတင်လုပ်ဆောင်ရန် သဘောတူသည်ဟု ဖော်ပြခဲ့သည်။
8.1.1
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့မြင်ကွင်း
ဇူလိုင်နောက်ဆုံး အပတ်က ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံနှင့် အောက်တိုဘာ ဒုတိယအပတ်က ပြုလုပ်ခဲ့သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်များမှ တစ်ဆင့်ဆုံးဖြတ်ခဲ့သည့် အပစ်အခတ် ရပ်စဲရေးအပေါ် ဘုံသဘောထား မူကြမ်းတွင်မူ လက်မှတ်ထိုးပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံ မူဘောင်များကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရယူရမည်ဟု ဖော်ပြထားသည်။
UNFC ၏ ဘုံသဘောထား မူကြမ်းတွင် မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ စနစ်ဖြင့် တည်ဆောက်သွားရန်၊ ပြည်ထောင်စုအတွင်း အမျိုးသား အခြေခံ ပြည်နယ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံရန်၊ ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေး တပ်မတော်ဖွဲ့စည်း တည်ဆောက်သွားရန်၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေးကို အာမခံရန်၊ လက်မှတ်ရေးထိုး ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင်များ ဆွေးနွေးပြီး သဘောတူညီချက် ယူရန်၊ သဘောတူပြီးသော အခြေခံ မူဘောင်နှင့်အညီ နှောင့်နှေးခြင်း မရှိဘဲ လွှတ်တော် ပြင်ပ၌ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပရန် အစရှိသော အချက်များကို တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမည် ဆိုပါက ပါဝင်ရမည့် အချက်များအဖြစ် သတ်မှတ်ခဲ့သည်။
အလားတူ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ရေးထိုးပြီးမှ ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုချက်ယူရန် သဘောတူရမည်ဟု လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ အစိုးရဘက်က ပြင်ဆင်ရေးဆွဲထားသော ''ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်း'' တွင် ဖော်ပြထားချက်အရ သိရသည်။
အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်း အလိုကပင် ၎င်းတို့ဘက်မှ ပြင်ဆင်ဖြည့်စွက် ချက်များဖြင့် ရေးဆွဲထားသော အပစ်ရပ် မူကြမ်းတစ်စုံကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ထံသို့ ဖြန့်ဝေခဲ့သည်။
ပြင်ပသို့ တရားဝင် ဖြန့်ဝေထားခြင်း မရှိသေးသော အစိုးရအဖွဲ့၏ မူကြမ်းတွင် အခန်း(၁၅)ခန်း ပါဝင်ပြီး သဘောတူစာချုပ်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လမ်းညွှန်စည်းမျဉ်းများ၊ နှစ်ဖက်တပ်များ ပြန်လည်နေရာ ချထားခြင်း၊ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးမှုကော်မတီ ဖွဲ့စည်းခြင်း၊ ပူးတွဲအပစ်အခတ် ရပ်စဲရေးကော်မတီနှင့် ပူးတွဲငြိမ်းချမ်းရေး တည်ဆောက်မှု အကြံပေး ကော်မတီများ ဖွဲ့စည်းခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းပြီး ဆောင်ရွက်ရမည့် အချက်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ကတိပြုခြင်းနှင့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခြင်း အစရှိသည်တို့ကို ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခြင်းနှင့် ပတ်သက်ပြီး အခန်း(၁၄)တွင် အချက်သုံးချက်ဖြင့် ဖော်ပြခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ယူရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis