menu

Friday 1 November 2013

ကန့်ဘလူ နေအိမ်ခြံဝင်းရှေ့ သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားမှု မြို့ခံများ မကျေနပ်

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မြို့ပေါ်ရပ်ကွက် ငါးခုစလုံး၏ လမ်းဘေးဝဲယာရှိ နေအိမ်မျက်နှာစာများကို ရေမြောင်းများ တူးဖော်ရန်နှင့် သန့်ရှင်းရေး လုပ်ဆောင်ရန် အောက်တိုဘာလ ၂၈ ရက်နေ့က မြို့နယ် စည်ပင်သာရေး ကော်မတီ ဥက္ကဋ္ဌက စာဖြင့် ညွှန်ကြားမှုကို ကန့်ဘလူမြို့နေ ပြည်သူများ မကျေနပ် ဖြစ်ရကြောင်း မြို့ခံများက ပြောကြားသည်။

ကန့်ဘလူမြို့၊ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) တို့မှ လမ်းဘေးဝဲယာရှိ နေအိမ် အိမ်ရှေ့ မျက်နှာစာများတွင် အနက်တစ်ပေခွဲ၊ အကျယ်တစ်ပေခွဲရှိ ရေမြောင်းများတူးရန်၊ ပေါင်းမြက်နှင့် ချုံများ ရှင်းလင်းရန်၊ ခြံစည်းရိုးများ သပ်ရပ်စွာ ကာရန်၍ ဆေး (သို့မဟုတ်) ထုံးသုတ်ရန် ညွှန်ကြားထားပြီး ယင်းသို့ လုပ်ဆောင်မှုကို အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီတွင် အပြီးသတ် လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ၎င်းတို့က ဆိုသည်။

ယခင်က နိုင်ငံတော် အကြီးအကဲများ ခရီးစဉ်ရှိလျှင် မြို့လမ်းများ၊ နေအိမ်များ သန့်ရှင်းရေးလုပ်ရန် စေခိုင်းမှုများ ရှိခဲ့သော်လည်း ယခုညွှန်ကြားမှုသည် အစိုးရသစ် တက်လာသည့် သုံးနှစ်ခန့်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကာ အမိန့်အာဏာဆန်ဆန် စေခိုင်းသလို ဖြစ်နေသောကြောင့် မြို့ခံ ပြည်သူအများစုက မကျေမနပ် ဖြစ်နေကြောင်း ကန့်ဘလူမြို့တွင် နေထိုင်သူ ဦးတင့်လွင်က The Voice သို့ ပြောကြားသည်။
“ကြောက်တဲ့ သူတွေကတော့ လုပ်ကြတာပေါ့။ အများစုကတော့ ချုံတွေ၊ နွယ်တွေ ရှင်းရုံပဲ၊ ရေမြောင်းတော့ မတူးကြဘူး။ တူးမယ်ဆိုရင် ပိုက်ဆံ ပိုကုန်တယ်လေ။ လူငှားပြီးခိုင်းရင် တစ်ရက်ကို ခုနစ်ထောင်လောက် ပေးရတယ်” ဟု ၎င်းကဆိုသည်။

မြေပြင် အနေအထားအရ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင် ရေမြောင်းတူးရန် မလိုအပ်ကြောင်း၊ မိုးဦးကာလများတွင်သာ ကိုယ်ထူကိုယ်ထ၊ မိမိတို့ အသိဖြင့် ရေမြောင်းများတူးခြင်း၊ ရေဝပ်နေရာများကို မြေဖို့ခြင်းများ ပြုလုပ် ခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။
“အမှန်ကတော့ ဒီကိစ္စကို စည်ပင်ကပဲ လုပ်ရမှာပါ။ သူတို့ကို အမှိုက်ခွန်၊ လမ်းမီးခွန် စတာတွေကို ပေးထားရတာပဲ” ဟု ကန့်ဘလူမြို့တွင် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသူ ဦးမင်းကြည်ဦးက ဆိုသည်။

မိမိနေအိမ် မျက်နှာစာတွင် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်း တူးခြင်း၊ အမှိုက်ရှင်းခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားခြင်းသည် မြို့သန့်ရှင်းရေးအတွက် စည်ပင်သာယာ ဥပဒေတွင် ပါရှိသည့် အတိုင်းသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မလိုက်နာပါကလည်း တစ်စုံတစ်ရာ အရေးယူမည် မဟုတ်ကြောင်း ကန့်ဘလူမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်တင့်က ပြောကြားသည်။
“လူတွေက နားလည်မှု လွဲတာပါ၊ ဘယ်နေ့ဘယ်ရက် အပြီးလုပ်ရမယ် ဆိုတာက တညီတညွတ်တည်း ပြီးစီးစေချင်လို့ပါ။ စာနဲ့ အကြောင်းကြားတာကို အမိန့်ပေး စေခိုင်းတယ်လို့ ထင်နေကြတာ။ ဒါကို လိုက်ပြီး ရှင်းပြနေရတယ်။ မြို့ကို ပိုပြီး သန့်ရှင်းသာယာစေချင်တဲ့ သဘောနဲ့ ညွှန်ကြားတာပါ” ဟု ၎င်းကဆိုသည်။

တစ်ဆက်တည်းမှာပင် အဆိုပါ စည်ပင်သာသာရေး ကော်မတီ ဥက္ကဋ္ဌကို လွန်ခဲ့သည့် နှစ်လခန့်က ရွေးချယ် တင်မြှောက်ခဲ့ရာတွင် စည်ပင်သာယာ ဥပဒေတွင် ပါရှိသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့ခံလူထု၏ သဘောဆန္ဒဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ် တင်မြှောက်ခြင်းမရှိဘဲ ယခင် မြို့မိမြို့ဖများ၊ မြို့နယ်အာဏာပိုင်များ၏ သဘောဆန္ဒဖြင့်သာ ရွေးချယ်ခဲ့သည့်အတွက် မြို့ခံများက ကျေနပ်မှု မရှိကြကြောင်း ကန့်ဘလူမြို့တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
 
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis