ရန်ကုန်၊ အောက်တိုဘာ ၃၀
အစိုးရ လက်အောက်ရှိ ကျောင်းမုန့်ဈေးတန်း၌
ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ စတင် စစ်ဆေးသည့် စားသုံးသူ ကာကွယ်ရေး
အသင်းအား အင်းစိန် အထက (၁) ကျောင်းမှ အောက်တိုဘာ ၃၀ ရက်က ၀င်ရောက်
စစ်ဆေးခြင်း ပြုလုပ်ခဲ့ရာတွင် ကျောင်း တာဝန်ရှိသူများက တားဆီးခဲ့ကြောင်း
သိရသည်။
စားသုံးသူ ကာကွယ်ရေးအသင်းအနေဖြင့် ယင်းကဲ့သို့
တားဆီးခံခဲ့ရခြင်းမှာ မြို့နယ်အဆင့် ကျောင်း အာဏာပိုင်များ၏ ခွင့်ပြုချက်
မပါရှိသောကြောင့် တားဆီးခံခဲ့ရခြင်း ဖြစ်ပြီး တခြား အထက(၆)နှင့် အထက (၅)၊
အလက (၁၀)နှင့် အမက (၁၂) ကျောင်းများသို့ စစ်ဆေးခဲ့ရာတွင် ယင်းခွင့်ပြုချက်
အမိန့် ပြန်လည် တောင်းခံခဲ့ခြင်း မရှိပေ။
““မြို့နယ် ပညာရေးမှူးရဲ့
လက်မှတ်မပါလို့ ကျောင်းမုန့် ဈေးတန်းတွေကို ၀င်ရောက် စစ်ဆေးခွင့်
မပြုဘူးလို့ ပြောတာ။ အဲဒါကတော့ မဖြစ်သင့်ဘူး။ ကျောင်းမုန့် ဈေးတန်းတွေကို
စစ်တာ ကျောင်းအုပ်ဆရာကြီးက ခွင့်ပြုရင် ရတယ်။ မြို့နယ် ပညာရေးမှူးလောက်ထိ
မလိုပါဘူး။ ဒါတွေက ကြိုးနီစနစ်ရဲ့အငွေ့အသက်တွေလို့ ထင်တယ်”” …. ဟု
စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့
ပြောသည်။
စစ်ဆေးမှုအား တားမြစ်ခဲ့ခြင်းနှင့် ပတ်သက်၍
မြို့နယ်ပညာရေးမှူး လက်မှတ်ပါမှ ၀င်ရောက် စစ်ဆေးရန် သဘောတူကြောင်း၊
ပညာရေးမှူး မပါသည့်အတွက် လက်မှတ် ယူဆောင်လာပြီး နောက်တစ်နေ့တွင် လာရောက်
စစ်ဆေး နိုင်ပါကြောင်းလည်း အထက (၁) ကျောင်းအုပ်ကြီး ဦးခင်ဇော်က စားသုံးသူ
ကာကွယ်ရေး အသင်းသို့ ပြောဆိုခဲ့သည်။
ထိုကဲ့သို့ ကိစ္စများနှင့်
ပတ်သက်၍လည်း ဦးဗအုပ်ခိုင်က ““ဆရာကိုယ်တိုင်လည်း တက်ခဲ့တဲ့ကျောင်း ဖြစ်တယ်။
ဟောပြောပွဲတွေလည်း လုပ်ခဲ့ပြီးပြီ။ ကျောင်းအုပ်ဆရာကြီးလည်း သိတယ်။ စာလည်း
ကြိုပို့ထားတယ်။ မ၀င်ခင်လည်း ပြောပြီးသား။ အဲလို တားမြစ်တဲ့အတွက် နောက်ထပ်
မ၀င်တော့ဘူး။ နောက်ထပ် ဒီလို ပြဿနာတွေ မဖြစ်လာနိုင်ဘူးလို့ ထင်တယ်။
နောက်ထပ် ဒီလို ထပ်တားဆီးမှုတွေ ဖြစ်လာရင် မသွား တော့ဘူး”” ဟု ထပ်မံ
ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အထက (၁) ကျောင်းမှ တားမြစ်ခံ
ခဲ့ရသော်လည်း အင်းစိန်မြို့နယ် အထက (၆) ကျောင်း၌မူ စစ်ဆေးခွင့်
ရရှိခဲ့ကြောင်း၊ မိမိတို့ကျောင်းရှိ ကလေးများ ကောင်းကျိုးအတွက် ရည်ရွယ်
လုပ်ဆောင်သည့် အတွက်လည်း ကျေးဇူးတင်ကြောင်း အထက(၆) ကျောင်းအုပ် ဆရာမကြီး
ဒေါ်ယဉ်ယဉ်နွယ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ကလေးတွေအတွက်
စစ်ဆေးမှုတွေ လုပ်တဲ့အတွက် ကျေးဇူးတင်တာပေါ့။ နောက်ထပ်လည်း ဒီလို
စစ်ဆေးတာတွေကို ပြုလုပ်ပေးဖို့လည်း စားသုံးသူ အသင်းကို တောင်းဆိုပါတယ်”” ဟု
ကျောင်း အုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်နွယ်က မြန်မာသံတော်ဆင့်သို့ ထပ်မံ
ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ
ယခုကဲ့သို့ ကျောင်းများအား ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင်
အောက်တိုဘာ လကုန်ပိုင်းမှစ၍ လမ်းဘေး စားသောက်ဆိုင်များကို ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ပြုလုပ်လျက်ရှိသည်။ ယင်းအပြင် အခြားတိုင်းနှင့်
ပြည်နယ်များအထိပါ စစ်ဆေးမှုများ ပြုလုပ် သွားနိုင်ရန်အတွက် စီစဉ်
နေကြောင်းလည်း သိရသည်။
ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်
No comments:
Post a Comment