menu

Friday 1 November 2013

သံသယတရားခံကလေးငယ်ကို နှိပ်စက်ခဲ့သည့် မြောင်းမြရဲကိစ္စ အမှုဖွင့်တိုင်ကြားနိုင်ဟု တိုင်းဧရာဒု-တိုင်းရဲတပ်ဖွဲ့မှူးဆို




ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုအတွက် အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးကို သံသယတရားခံအဖြစ် ဖမ်းဆီးကာ ဖြောင့်ချက်မပေးသည့်အတွက် ခြေလက်များ မသန်စွမ်းဖြစ်သည်အထိ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည့်မြောင်းမြရဲစခန်းမှတာဝန်ရှိသူများအား အမှုဖွင့်တိုင်ကြားနိုင်သည်ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှအကြီးအကဲများကဆိုသည်။
မြောင်းမြမြို့ မြရတနာရပ်ကွက်၊န၀ရတ်လမ်းမကြီးအောင်ပန်းဆားစက်ဝင်းအတွင်း၌ ဇူလိုင်လ၂၃ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ သည့်လူသတ်မှုတစ်ခုအတွက် စိန်မင်းဆားစက်ဝင်းအတွင်းနေထိုင်သူ အသက်(၁၃)နှစ်အရွယ်ကလေးငယ်နှင့် ၄င်း၏ဖခင်ဖြစ်သူ ကို မြောင်းမြရဲစခန်းမှ သံသယတရားခံအဖြစ် သတ်မှတ်ဖမ်းဆီးခဲ့ပြီး ဖြောင့်ချက်ရရှိနိုင်ရေး တစ်လခန့်ဖမ်းဆီးထားစဉ် ရဲစခန်း အတွင်းမှ တာဝန်ကျရဲများ အပြင် ပြင်ပမှလူနှစ်ဦးကပါ နည်းမျိုးစုံဖြင့်အကြမ်းဖက်နှိပ်စက်ခဲ့သဖြင့် ခြေ၊လက်များ မသန်စွမ်းဖြစ်ခဲ့ရ သည့်ကိစ္စအပေါ်တွင် တိုင်းရဲတပ်ဖွဲ့အကြီးအကဲများက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
 အဆိုပါဖြစ်ရပ်အပေါ် ပုသိမ်မြို့၌ကျင်းပခဲ့သည့် ပြည်သူ့ရေးရာတာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြောင်းမြမြို့ခံများက တိုင်းရဲတပ်ဖွဲ့ထံ မေးမြန်းခဲ့ရာဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲမှုး ရဲမှူးကြီးအောင်နိုင်သူက ၄င်းထံသို့ မြောင်းမြို့နယ်ရဲတပ်ဖွဲ့မှတင်ပြ ထားသည့်ဖြစ်စဥ်အစီရင်ခံစာကို ဖတ်ပြခဲ့ပြီးနှိပ်စက်ကြောင်း ထင်ရှားပါက တိုင်ကြားနိုင်ကြောင်းပြောကြားခဲ့သည်။

ဒါကဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်းပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ကျင့်ထုံးဥပဒေမှာလည်း ပါတယ်။ ကျွန်တော် တို့ ဥပဒေမှာရော၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းမှာရော ညှင်းပန်းနှိပ် စက်မှု မရှိရဘူး။ ရဲသည် အဲဒီလို လုပ်ပိုင်ခွင့် မရှိဘူး။ မကျေနပ်ရင်တိုင်လို့ ရပါတယ်။ ဒီအဖြစ်မှန်ကို ကလေးရဲ့ မိဘအုပ်ထိန်းသူကိုယ်တိုင်ကရော သူတို့ ကိုယ် စားရော ကျွန်တော့်ဆီမှာ အမှုဖွင့်တိုင်ကြားလို့ရပါတယ်။ တိုင်ကြားလို့ရှိရင် ကျွန်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး ပြစ်မှု ကျူးလွန်တဲ့ရဲကို အရေးယူမယ် ဟု ဧရာဝတီတိုင်းဒေသကြီးဒု-တိုင်း ရဲတပ်ဖွဲ့မှူးဦးထွန်းမင်းက ပြောသည်။
အောင်ပန်းဆားစက်ဝင်းအတွင်း၌တစ်ဦးတည်းနေထိုင်သူဦးကျော်ဝေ(၇၄)နှစ် အသတ်ခံရပြီးနောက် ထိုနေ့၌ပင် ၄င်း၏ တူမ တော်စပ်သူက မြောင်းမြရဲစခန်းသို့ တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ မြောင်းမြရဲစခန်းမှ သံသယတရားခံအဖြစ် ခြံခြင်းကပ် လျက် စိန်မင်းဆားစက်ဝင်းအတွင်နေထိုင်သူ အသက်(၁၃)နှစ်အရွယ်ကလေးငယ်နှင့်အဖေဖြစ်သူနှစ်ဦးတို့ကို မြောင်းမြရဲစခန်းမှ နာရီပိုင်းအတွင်း သံသယတရားခံအဖြစ် လာရောက်ဖမ်းဆီးပြီး လူသတ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ အမှုဖွင့်ခဲ့ပြီးနောက် ထိုကလေးငယ်ဆီမှ ဖြောင့်ချက်ကို မြောင်းမြရဲစခန်းမှစခန်းမှူး ဦးကျော့ဟန်အပါအ၀င် ရဲဝန်ထမ်း များအပြင် မြောင်းမြမြို့ရှိစံပြကြာဆံစက်ရုံနှင့် ဆန်စက်ပိုင်ရှင်၏ သားဖြစ်သူနှင့် အပေါင်းအပါတစ်ဦးမှ ထိုကလေးငယ်ကို နှိပ်စက်မှု မျိုးစုံပြုလုပ်ခဲ့ကြောင်း နှိပ်စက်ခံခဲ့ရသူတို့က ဆိုသည်။
သားကိုဖမ်းပြီးလေးငါးရက်လောက် ထမင်းမကျွေး၊ ရေမတိုက်ဘဲ ထားတာ။ သားကရေသောက်ချင်လို့ မေးတော့ ရေတော့ မရှိဘူး။ကွမ်းတံထွေးပဲရှိတယ်ဆိုတော့ သားလည်းရေဆာတာနဲ့ ငုံထားရတယ်။ အဲ့ဒါကိုရဲမဟုတ်တဲ့ အန်းကူးဆိုတဲ့လူက ငုံမထားနဲ့မျိုချဆိုလို့ မျိုချရတယ်။ထမင်းစကျွေးတော့လည်း လက်ထိပ်နောက်ပြန်ခတ်ပြီး မြေကြီးမှာထမင်းကို ပုံထားတော့ ကုန်းပြီး ခွေးလိုစားခဲ့ရတယ်။နှိပ်စက်တာကတော့ တစ်လလောက်နေ့ရောညရောနှိပ်စက်ခဲ့တယ်ဟု မြောင်းမြရဲစခန်းမှ နှိပ်စက်ခဲ့သဖြင့် ခြေလက်များမသန်စွမ်းဖြစ်ခဲ့သူ ကလေးငယ်က ပြောသည်။
အဖမ်းခံခဲ့ရချိန်မှစတင်၍ ဖြောင့်ချက်ပေးရန်အတွက် ကလေးငယ်ကို အပြင်လူနှစ်ဦးမှနားသွေးထွက်သည်အထိ ရိုက်နှက်ခြင်း၊ စခန်းမှူးက လက်သည်းခွံကျွတ်ထွက်သည်အထိ မီးဖြင့်အချိန်ကြာမြင့်စွာကပ်ထားခြင်း၊ မျက်ခုံးမွေးအား မီးရှို့ခြင်း၊ ရဲဝန်ထမ်း များမှ ဘောပင်ဖြင့်နံကြားအားအချက်ပေါင်းများစွာ ထိုးခြင်း၊ ညဥ့်နက်ချိန်တွင် သင်္ချိုင်းကုန်းအားခေါ်ဆောင်သွားပြီး သေဆုံးသူ၏ အင်္ကျီများကို ၀တ်ခိုင်းခြင်းစသည့် နည်းမျိုးစုံဖြင့်နှိပ်စက်ခဲ့သောကြောင့်ကိုယ် လက်များချိနဲ့ခဲ့ရကြောင်း ကလေးငယ်က ဆက် ပြောသည်။
ထိုသို့ဖြောင့်ချက်ရအောင် နည်းမျိုးစုံဖြင့်နှိပ်စက်နေစဉ်အတွင်းရဲစခန်းမှအိမ်တွင် ကျန်ခဲ့သူအမေနှင့် ညီမဖြစ်သူကို နှစ်ရက်ခန့် ဖမ်းဆီးခဲ့သဖြင့် မြောင်းမြမြို့မြရတနာရပ်ကွက်နေ ပြည်သူများက မခံမရပ်နိုင်ဖြစ်ကာအဆိုပါရဲစခန်း အားဆန္ဒပြရန်စီစဉ်ခဲ့ သော်လည်း ရဲတပ်ဖွဲ့ဝင်များက တားဆီးနိုင်ခဲ့သည်။
ယင်းအခြေအနေများကြောင့် မြောင်းမြရဲစခန်းမှ ကလေးငယ်ဆီမှဖြောင့်ချက်အတင်းအကျပ်ရယူနိုင်ရန် ကြိုးပမ်းခဲ့ရာ ဖမ်းဆီးခံ ရသည့်ဖခင်ဖြစ်သူကို မမြင်တွေ့ရခြင်းကြောင့် ကလေးငယ်မှာ ရဲစခန်းမှ ခေါ်ဆောင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးဆီသို့ လိုက်သွား ခဲ့ရပြီး အုပ်ချုပ်ရေးမှူးရှေ့၌ လက်မှတ်ထိုးခိုင်းသဖြင့် စာရွက်အလွတ်အပေါ်တွင် လက်မှတ်ထိုးခဲ့ရကြောင်း၊ ၄င်းစာရွက်တွင် ရဲတပ်ဖွဲ့ဝင်များက ထပ်မံဖြည့်စွက် ခဲ့သဖြင့် ဖြောင့်ချက်စာရွက်ဖြစ်သွားခဲ့သည်ကို နောက်မှသိရှိခဲ့ရကြောင်း ကလေးငယ်က ဆက်ပြောသည်။
ထိုသို့ဖြောင့်ချက်ရယူရန်ကြိုးစားခဲ့ရာ၌ နှိပ်စက်ခဲ့မှုကြောင့်ကလေးငယ်မှာ ဆီးသွားလျှင် နားမှသွေးယိုစီးခြင်း အပြင် အခြားဝေဒနာများခံစားရသဖြင့် ဆေးရုံတက်ရောက်ကုသခွင့်ရရန် ကြိုးစားခဲ့ရာဆေးရုံက ရက်ပိုင်းအတွင်း ဝေဒနာ မသက်သာ သေးသည်ကို ပျောက်ကင်းပြီဟုဆိုကာ ဆင်းခိုင်းခဲ့သဖြင့် ခြေလက်များချိနှဲ့သည်အထိဖြစ်ခဲ့ကြောင်း လိုက်ပါဆောင်ရွက် ပေးနေသူတို့က ဆိုသည်။
ထို့ပြင်ရဲစခန်းက ကလေးငယ်အားအသက်(၁၆)နှစ်အဖြစ် တရားရုံးသို့တင်ပို့ခဲ့ရာ ၄င်းသည် နှစ်တန်းအထိတက် ရောက်ခဲ့သည့် ကျောင်းမှကျောင်းအုပ်ဆရာကြီးကိုယ်တိုင် ကျောင်းမှမွေးသက္ကရာဇ်ကို လာရောက်သက်သေ ထွက်ဆိုခဲ့မှသာ အိမ်မဲမြို့ရှိ ကလေးသူငယ်တရားသို့ လွှဲပြောင်းပေးခဲ့ပြီး အောက်တိုဘာ(၃၁)ရက်နေ့၌ အဆိုပါတရားရုံးမှစတင်စစ်ဆေးမည်ဖြစ်ကြောင်း လိုက်ပါဆောင်ရွက်ပေးနေသူတို့များထံမှ သိရှိရသည်။
အပြစ်ထင်ရှားရှိတဲ့ ကလေးတစ်ယောက်ကိုတောင် ဖမ်းမယ်ဆိုရင်ရဲအနေနဲ့ လက်ထိပ်ခတ်ပိုင်ခွင့်မရှိဘူး၊ အချုပ်ထဲမှာ ထည့်ထားလို့လည်းဥပဒေအရမရဘူး။ ရဲတပ်ကြပ်လိုအဆင့်မျိုးအိမ်မှာထားရမှာ၊ နှိပ်စက်တာတို့ဘာတို့ကတော့ ဥပဒေမရှိ မင်းမဲ့စရိုက်လူမိုက်ဆန်ဆန်လုပ်ရပ်တွေပဲ၊ အခုကိစ္စက သံသယတရားခံကလေးက အလုပ်လုပ်နေရင်း ကျန်းကျန်းမာမာ အဖမ်းခံရပြီး ဒီလိုဖြစ်တာဆိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေမှာ တာဝန်ရှိပါတယ်ဟု ပုသိမ်မြို့မှအထက်တန်း ရှေ့နေ ဦးအောင်သူရက ပြောသည်။
ထိုကဲ့သို့ရဲတပ်ဖွဲ့ဝင်များကလုပ်ဆောင်နေပါက နောင်တွင်လူသတ်တရားခံ(သို့)တရားခံနှင့် ပတ်သက်သည့်ငွေကြေး သြဇာ ရှိသူတို့မှ ရဲတပ်ဖွဲ့အား လက်ကိုင်တုတ်သဖွယ် အသုံးချကာ လူသတ်မှုအား တရားခံလွဲစေရန်လုပ်ဆောင်မှု အများအပြား ဖြစ်ပေါ်လာပါက လက်ရှိလူငယ်ရဲတပ်ဖွဲ့ဝင်များ အပေါ်ပြည်သူတို့အထင်အမြင်လွဲမှား မှုများဖြစ်ပေါ်လာနိုင်ပြီး တိုင်းပြည်၌ မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်းကိုလည်း ဥပဒေပညာရှင်များက သုံးသပ်သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေကင်းမဲ့သည့်လုပ်ရပ်များဖြစ်သည့် လူနှစ်ဦးသေဆုံးခဲ့ရသည့် ရှားခဲအင်း ပစ်ခတ်မှု၊ ပုသိမ်တွင် ဖြစ်ပွားခဲ့သည့်အမျိုးသမီးတစ်ဦးအား အလွန်အကျွံ့နှိပ်စက်စစ်ဆေးခဲ့ရာမှ လက်ထိပ်၊ ခြေကျင်းများ တန်းလန်းဖြင့် ရေနစ်သေဆုံးမှုတို့ကို တာဝန်ရှိသူရဲတပ်ဖွဲ့ဝင်တို့ကို မည်ကဲ့သို့ အရေးယူထားသည်ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးဟု ပုသိမ်ဒေသခံတို့က ဆိုသည်။
မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်လူ့အခွင့်အရေးဆိုးရွားစွာအချိုးဖောက်ဆုံးနိုင်ငံ(၅)နိုင်ငံစာရင်းတွင်ပါဝင်နေပြီးချိုးဖောက်မှုအများဆုံးမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ကုလသမဂ္ဂထုတ်ပြန်ကြေငြာချက်များအရ သိရသည်။

By မျိုးမင်းထွန်ုး -ဧရာဝတီတိုင်း(မြစ်မခ)
Shwe MyitMaKha

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis