menu

Friday 1 November 2013

ဗုံးရှာဖွေရာမှ ကျပ်သိန်း ၄၉၀ တန် အရက်များ ဖမ်းမိ


ရန်ကုန်၊ အောက်တိုဘာ ၃၁

ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းတွင် လုံခြုံရေးအရ စစ်ဆေးနေစဉ် ပလတ်စတစ် အိတ်အမည်းဖြင့် ထုပ်ထားသောပစ္စည်းများ တင်ဆောင်လာသည့် ဒိုင်နာယာဉ်ကို ဗုံးထင်မှတ်ကာ ရှာဖွေရာမှ ကျပ်သိန်း ၄၉၀ တန်ကြေးရှိ မှောင်ခိုအရက်များကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
အဆိုပါ မှောင်ခိုအရက်များကို အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ရင်း (၃) က တွေ့ရှိပြီးနောက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ရွေ့လျားအဖွဲ့ (Mobile Team) ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ အရက်များကို ရှမ်းပြည်နယ်ရှိ ရွှေတောင်ရိုး ကားဂိတ်မှတစ်ဆင့် ရန်ကုန်သို့ တင်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ယုဇနပလာဇာ မြေညီထပ်ရှိ ကုန်ပစ္စည်းဆိုင်သို့ ပို့ဆောင်ရန် ဖြစ်သည်ဟု လုံခြုံရေး ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်အရ သိရသည်။

“ပင်လယ်ရေကြောင်း အကောက်ခွန် ဥပဒေအရ ဖမ်းမိတဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ဖို့ လုပ်နေပါတယ်” ဟု ဖမ်းဆီးရမိသည့် အရက်များနှင့် ပတ်သက်၍ ဦးညွန့်အောင်က ဆိုသည်။ အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းဝင်းအတွင်း မှောင်ခိုအရက်များ ဖမ်းဆီးရမိမှုမှာ မှန်ကန်ကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိက အောက်တိုဘာ ၃၁ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။
“ဖမ်းမိတဲ့လူတွေကို အမှုဖွင့်ထားတယ်” ဟု ၎င်းကဆိုသည်။
ဖမ်းဆီးရမိသည့် အရက်များတွင် Red Label ၁၂၀၀ လုံး၊ Platnium Label ၂၇၅ လုံး ၊ Black Label ၃၆၀ လုံး၊ High Commissioner ၂၄၀ ပြား၊ Gordon London Dry Gin ၈၄ လုံး စုစုပေါင်း ၂၁၆၀ လုံးကို ဖမ်းဆီးရမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ကန့်သတ် ကုန်ပစ္စည်းဖြစ်သော နိုင်ငံခြားဖြစ် အရက်များကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုင်စင်ဖြင့်သာ တင်သွင်းခွင့် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis