menu

Friday 1 November 2013

၁၅၀၀ တန်ဖုန်းများတွင် ဝန်ဆောင်မှုအသစ်များ အသုံးပြု၍ ရမည် မဟုတ်ဟုဆို

Photo: ၁၅၀၀ တန်ဖုန်းများတွင် ဝန်ဆောင်မှုအသစ်များ အသုံးပြု၍ ရမည် မဟုတ်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံတိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင်ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ Call Waiting Service (ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံဖြေကြားနေစဉ် အခြားဖုန်းတစ်ခု ဝင်လာပါက လက်ခံပေးခြင်း) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service (မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်း) ကို တစ်လလျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert (မိမိဖုန်း စက်ပိတ်ထားသော်ငြားလည်း Miss Call များ လက်ခံထားပေးခြင်း) ကို တစ်လလျှင် ၁၀၀၀ ကျပ် နှုန်းများဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
“ဝန်ဆောင်မှု အသစ်လေးခု ထပ်တိုးချဲ့မှာပါ။ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အားလုံးရတယ်။ ဒါပေမဲ့ အခုချထားတဲ့ ၁၅၀၀ တန်တွေတော့ မရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

၁၅၀၀ တန် ဖုန်းများအတွက် ဝန်ဆောင်မှု အသစ်များ ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြန်ကြားရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော ၁၈၇၆ Call Center က ပြောကြားသည်။
“ဒီဝန်ဆောင်မှုတွေက နိုင်ငံတကာမှာဆိုရင် SIM Card ဝယ်တာနဲ့ တွဲလျက် ဝယ်ယူလို့ ရတာတွေ။ အခုဒီမှာက မြေစမ်းခရမ်းပျိုးရုံပဲ ရှိသေးတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ဝင်လာရင် ဒီလိုပုံစံနဲ့ဆိုရင် ကျန်ခဲ့လိမ့်မယ်။ ၁၅၀၀ တန်ဖုန်းတွေ အဓိက ချထားပေးနေတဲ့ အချိန်မှာ ၁၅၀၀ တန် ဖုန်းတွေမှာ သုံးလို့မရတာက ဟာသပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦသန်းဦးက မှတ်ချက်ပေးသည်။

အဆိုပါ ဝန်ဆောင်မှုများကို ရယူလိုသူများသည် အသုံးပြုလိုသော ဝန်ဆောင်မှုအပေါ် မူတည်၍ Call Waiting Service အသုံးပြုလိုသူများအတွက် Orderdata CW, Call Forward Service အတွက် Orderdata CF, Voice Mail Service အတွက် Orderdata VMS နှင့် Miss Call Alert ဝန်ဆောင်မှု အတွက် Orderdata MCA ဟု ၁၃၃၁ နံပါတ်သို့ SMS ရိုက်၍ ပေးပို့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ 

ဖုန်းကိုင်ဆောင်သူများသည် အဆိုပါ ဝန်ဆောင်မှုများ အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ဘဲ ဖုန်းလိုင်းတစ်ခုလျှင် Call Waiting Service နှင့် Call Forward Service ထဲမှ တစ်ခုနှင့် Voice Mail Service နှင့် Miss Call Aler တို့ထဲမှ တစ်ခုစီကိုသာ ရွေးချယ် သုံးစွဲနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ခြောက်သန်းခန့်သာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ ယင်းဖုန်းသုံးစွဲသူများ၏ သုံးပုံတစ်ပုံခန့် ပမာဏဖြစ်သော နှစ်သန်းခန့်မှာ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများ အသုံးပြုခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis