menu

Tuesday 22 October 2013

အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်

Photo: အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများဖြစ်သော EI (Education International) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအဖွဲ့အစည်းများက အသင်းမှတ်ပုံတင်ခွင့်၊ ဥပဒေပိုင်း ဆိုင်ရာများ၊ အသင်းဖွဲ့စည်းရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ ဆရာဆရာများ၏ အခွင့်အရေးများကို သိရှိစေရန် အသိပညာပေးကာ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကူညီပေးမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများအသင်းကို ၂၀၁၃ ခုနှစ် မကုန်မီ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တရားဝင် မှတ်ပုံတင်မည် ဖြစ်ပြီး ရန်ကုန်အတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်က ဆရာ၊ ဆရာမ ၅၀ ဦး နီးပါး ပါဝင်မည် ဖြစ်ကြောင်း အဆိုပါအသင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ပညာရေး သုတေသနပညာရှင် ဦးသိန်းနိုင်က The Voice သို့ ပြောကြားသည်။
“ကျွန်မတို့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ အခုတော့ ဒီလိုအဖွဲ့အစည်းတွေက ဆရာ၊ ဆရာမတွေ အသင်းဖွဲ့ပြီး ပြောချင်တာတွေကို ပြောခွင့်ရတော့မယ်ဆိုတာ ပြောပြတော့ အားတက်မိတယ်” ဟု အခြေခံပညာ မူလတန်း ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ ဆရာဆရာမများ ကိုယ်တိုင်ပါဝင်ရန်နှင့် ၎င်းတို့၏ ဆန္ဒကို စဉ်ဆက်မပြတ် လွတ်လွတ်လပ်လပ် တင်ပြနိုင်ခွင့်ရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမတို့တွင် အသင်းဖွဲ့စည်းပိုင်ခွင့် ရှိသည်ကို သိရှိရန် လိုအပ်ကြောင်း ဦးသိန်းနိုင်က ၎င်း၏အမြင်ကို ပြောကြားသည်။
“ပြင်ပ အဖွဲ့အစည်းတွေက ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဝင်လုပ်ပေးလို့ မရပါဘူး။ ဆရာ၊ ဆရာမတွေ လုပ်ရမှာ ဖြစ်တယ်။ ဘယ်အပြောင်းအလဲမဆို အချိန်တော့ယူရမယ်” ဟု EI က ပညာရှင်တစ်ဦးက ဆိုသည်။

EI သည် ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ၏ အသံကို လွှင့်ထုတ်ပေးသော အဖွဲ့အစည်းဖြစ်ကာ နိုင်ငံပေါင်း ၁၇၀ က အဖွဲ့ဝင်သန်းပေါင်း ၃၀ ဦး ပါဝင်ကြောင်း၊ ပညာရေးစနစ် ဖွံ့ဖြိုးရေးနှင့် သင်ကြားရေး တိုးတက်လာစေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ UNICEF၊ ILO၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ UNDP စသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင်လျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis