menu

Tuesday 22 October 2013

ဇာနည်ဘွား ခရီးသယ်တင်ယာဉ် လမ်းဘေးရပ်ထားသော ၁၀ ဘီးယာဉ်ကို ဝင်တိုက်မှု ကလေးတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

 
ရန်ကုန်၊ အောက်တိုဘာ ၂၁

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် လမ်းဆုံအနီးရှိ ရန်ကုန်-ပဲခူးလမ်းမကြီးပေါ် ဇိနမာန်အောင် ဘုရားအနီးတွင် အောက်တိုဘာလ ၂၀ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ဇာနည်ဘွား ခရီးသည်တင်ယာဉ်က ညအိပ် ရပ်နားထားသော ၁၀ ဘီး အငှားကုန်တင် ယာဉ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု ၁၃ မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဇာနည်ဘွားယာဉ်လိုင်း ခရီးသည်တင်ယာဉ်က ညအိပ် ရပ်နားထားသော ၁၀ဘီး အငှားကုန်တင်ယာဉ်ကို တိုက်မိရာမှ ယာဉ်လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် လေးဦးကို တိုက်မိခဲ့ရာ အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု ၁၃ မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။


အသက် ၅၆ နှစ် အရွယ်ရှိ ဦးဝင်းသိန်း မောင်းနှင်လာသော ဇာနည်ဘွား ခရီးသည်ယာဉ်သည် ဇိနမာန်အောင်ဘုရားအနီး လမ်းဘေးတွင် ညအိပ်ရပ်နားထားသော နစ်ဆန်းအမျိုးအစား ၁၀ ဘီး ကုန်တင် အငှားယာဉ်ကို ဝင်တိုက်မိသည့် အရှိန်ကြောင့် ကုန်တင်အငှားယာဉ်ရှေ့ ရပ်နားထားသော အခြား ၁၀ ဘီး ကုန်တင် အငှားယာဉ် နှစ်စင်းကို ထပ်ဆင့်တိုက်မိခဲ့ကြောင်း၊ ပထမဆုံး အတိုက်ခံရသည့် ၁၀ ဘီးကုန်တင် အငှားယာဉ်မှာ လမ်းဘေးသို့ ရောက်ရှိခဲ့ပြီး ယာဉ်အနီးတွင် ဆော့ကစားနေသော ကလေးငယ်လေးဦးကို တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ထောက်ကြန့်မြို့ ရွာမ ရပ်ကွက်တွင် နေထိုင်သူ ကိုမောင်မောင်က ရှင်းပြသည်။
“ကားချင်းတိုက်တာပဲ သိလိုက်တာ၊ နောက်အော်ဟစ်သံတွေနဲ့ ကလေးတွေလမ်းမှာ ပစ်လဲနေတာကို တွေ့တော့မှ ကလေးတွေ အတိုက်ခံရမှန်းသိတာ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ယာဉ်တိုက် ခံရသောကြောင့် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွာမရပ်ကွက်တွင် နေထိုင်သော အသက် ၁၀ နှစ်အရွယ် မနှင်းရွှေရည်၊ အသက် ငါးနှစ်အရွယ် ကလေးများဖြစ်သော မအေးသန္တာနိုင်၊ မသဉ္ဇာဇော်တို့ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံကြီးတွင် တင်ပို့ကုသထားကြောင်း၊ ယင်းရပ်ကွက်နေ အသက်သုံးနှစ် အရွယ်ရှိ မောင်ဖိုးသူရမှာ ဦးခေါင်းနှင့် ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း ထောက်ကြန့် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းလင်းပြောကြားသည်။
“ဇာနည်ဘွား ခရီးသည်တင်ယာဉ် ခေါင်းပိုင်း ချိုင့်ဝင်သွားတယ်။ ယာဉ်မောင်းလည်း ဒဏ်ရာရပြီး သတိလစ်သွားလို့ အင်းစိန်ဆေးရုံ ပို့ပေးထားတယ်။ နေပြည်တော်သွားမယ့် ယာဉ်ပေါ်က ခရီးသည်တွေ ခရီးစဉ် နောက်မကျအောင် ဇာနည်ဘွား ခရီးသည်တင်ယာဉ် နောက်တစ်စီးနဲ့ ပြောင်းပေးခဲ့ရတယ်” ဟု ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲအုပ်ကျော်မိုးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဇာနည်ဘွား ခရီးသည်ယာဉ်မောင်း ဦးဝင်းသိန်းကို ယာဉ် (ပ) ၅၃/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis