menu

Tuesday 22 October 2013

ကြိုးတိုက်ကို ရင်ဆိုင် ကျော်ဖြတ်ခဲ့သော ကိုညီညီဦး နှင့်တွေ့ဆုံခြင်း

အစိုးရက အကျဉ်းသား ၆၃၅၉ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေး ရာ သံလျင် ရေနံချက်စက်ရုံ ဗုံးခွဲမှု၊ ရန်ကုန်မြို့တော် ခန်းမ ဗုံးခွဲမှုများဖြင့် သေဒဏ်ချမှတ်ခံထားရသော ကိုညီညီဦး ပြန်လည် လွတ် မြောက် လာခဲ့သည်။
 ကိုညီညီဦး

ကိုညီညီဦးသည် အသက် ၂၄ နှစ်အရွယ် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် သံလျင်ရေနံချက်စက်ရုံနှင့် ရန်ကုန်မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှုဖြင့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ သေဒဏ်ချမှတ်ပြီး တလခန့်အကြာ ဗုံးခွဲမှု တရားခံအစစ်ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ဗိုလ်မှူး ကိုကိုနိုင် ကို ဖမ်းဆီးမိသော်လည်း ကိုညီညီဦးကို စစ်အစိုးရ က ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
အပြစ်မရှိဘဲ မတရား ဖမ်းဆီး ထောင်ချခံရပြီး ထောင်သက်တမ်း၂၃ နှစ် အတွင်း အင်းစိန်၊ တောင်ငူ စသည့် အကျဉ်းထောင်များ တွင် ခက်ခဲစွာနေထိုင်ခဲ့ရသည့် သံလျင်မြို့နေ ကိုညီညီဦး ကို ဧရာဝတီ သတင်းထောက် ရန်ပိုင် က ဆက်သွယ်မေးမြန်း၍ ဖော်ပြ လိုက်ပါသည်။

မေး။  ။ လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ကိုညီညီဦး အဖမ်းခံရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြပေးပါလား။
ဖြေ။  ။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့(7 July)ပေါ့၊ သန်လျင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးခန်းမှာ လူငယ် အစည်း အဝေးလုပ်နေတုန်း နေ့လယ် ၁၂နာရီလောက်မှာ ၀ုန်းခနဲ အသံကြားလိုက်ရတယ်၊ နောက်နေ့မနက်မှာ သံလျင်ရေနံချက်စက်ရုံ ဗုံး ပေါက်ကွဲတယ်လို့ သံလျင် NLD လူငယ်တွေကလာပြီး ပြောတယ်၊ ၁၂ရက်နေ့မှာတော့ ဖားကူးကျေးရွာကို ပါတီစည်းရုံးရေး ကိစ္စနဲ့ အသွား ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး အာဏာပိုင်က ဖမ်းလိုက်တယ်၊ ကျနော်သာ တကယ်လုပ်တယ်ဆိုရင် ဗုံးကွဲ ပြီး ကတည်း ထွက်ပြေးမှာပေါ့၊ ဒါပေမယ့်ဖမ်းလိုက်တယ်၊ ပြီးတော့ အောင်သပြေစစ်ကြောရေးကို ခေါ်ပြီး စစ်ဆေးတာ ၅ ရက်ကြာတယ်၊ ထောက် လှမ်းရေးက သံလျင်ရေနံချက်စက်ရုံနဲ့ မြို့တော်ခန်းမ ဗုံးဖောက်တယ် ဆိုပြီး စစ်ကြောရေးဝင်တယ်၊ တွေ့တွေ့ချင်း ထိုးကြိတ်တော့ တာပဲ၊ စစ်ခုံရုံးကို သက်သေအတုတွေ တင်ပြပြီး ဇူလိုင် ၂၇ရက်မှာ သေဒဏ်ချလိုက်ပါတယ်။ အဲဒီနှစ်မှာပဲ။
မေး။  ။ အပြစ်မရှိဘဲ သေဒဏ်ချခံလိုက်ရတော့ ဘယ်လိုခံစားလိုက်ရလဲ။
ဖြေ။  ။ ဗုံးခွဲတာလည်း မဟုတ်ဘူး၊ မတရားတာ ဘာမှမလုပ်ခဲ့တဲ့အတွက် ချချင်ချ၊ လုပ်ချင်ရာလုပ်ဆိုတဲ့ ခံစားမှုမျိုးနဲ့ သူတို့ ပို့တဲ့
ထောင် နံရံနောက်ကိုရောက်ခဲ့ပြီးတော့ အင်းစိန်ထောင်က တိုက်ထဲမှာ နေခဲ့ရပါတယ်။ ဘဘ တော်ဘုရားလေးနဲ့ ဆရာဦးဝင်းတင် တို့ ဆုံးမ မှု၊ ကိုခွန်ဆိုင်း တို့ရဲ့ အားပေးမှုနဲ့ ရဲရဲရင်ဆိုင်ပြီး ကြံ့ကြံ့ခံနေခဲ့ပါတယ်။
မေး။  ။ ကိုညီညီဦး သေဒဏ်ကျအကျဉ်းသားဘ၀နဲ့ ထောင်ထဲမှာ နေရတဲ့အချိန် ပြင်ပမှာရှိတဲ့ မိသားစုအခြေအနေကို ပြောပြပေးပါ လား။
ဖြေ။  ။ ကျနော့်အဖေက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ၀န်ထမ်းပါ၊ ကျနော့်အမှုကြောင့် ပင်စင်ပေးခံလိုက်ရတယ်၊ နောက်ပိုင်းမှာအဖေရော အမေရောဆုံးသွားပါတယ်၊ ကျနော့်ညီမ တ၀မ်းကွဲ ဇာဇာမြင့်ဆွေကနေ ထောင်ဝင်စာတွေ့ရတယ်၊ မနေ့က လွတ်လာတဲ့ အချိန်အထိ သူပဲ စောင့်ရှောက် ပေးနေပါတယ်။
မေး။  ။ သံလျင်ရေနံချက် စက်ရုံကို ဗုံးခွဲခဲ့တဲ့ တရားခံ အစစ် KNU က ဗိုလ်မှူး ကိုကိုနိုင်ကို နောက်ပိုင်းမှာ ဖမ်းမိတယ် မဟုတ်လား။
ဖြေ။  ။ ကျနော့်ကို ဖမ်းပြီး ၁လ လောက် အကြာမှာ ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းမိပါတယ်၊ ဗိုလ်မှူးကိုကိုနိုင်က အာဏာပိုင်တွေကို ဗုံးဖောက်တဲ့ တရားခံဟာ သူပါပဲဆိုပြီး ၀န်ခံခဲ့ပေမယ့်၊ ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာပဲ ကျနော်တို့ သံလျင် NLDက အက်စ် သုံးလုံး ယူဂျီ လှုပ်ရှားမှု လုပ်တယ်ဆိုပြီးတော့ ကျနော်ရယ် ကိုသန်းဇော်ရယ် အပါအ၀င် စုစုပေါင်း ၁၅ယောက်ကို ထောင် ဒဏ် နှစ်၂၀ ထပ်မံပြီး ချခဲ့ပါတယ်။
ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းလာတော့ အင်းစိန်ထောင် ၅ တိုက်မှာထားတယ်၊ ကျနော်က၂ တိုက်မှာ နေရတယ်၊ နောက်ပိုင်း ပြန်တွေ့တော့ ဗိုလ်မှူးကိုကိုနိုင်က ထောင်ထဲမှာရှိတဲ့ NLD လူကြီးတွေ ရှေ့မှာရော ဗဟိုကော်မတီ လူကြီးတွေ ရှေ့မှာရော နိုင်ငံရေး အ၀န်း အ၀ိုင်းက ကျောင်းသားလူငယ်တွေရှေ့မှာရော ဖောက်ခွဲမှုကို သူလုပ်တယ်ဆို တာဝန်ခံခဲ့ပါတယ်၊ တောင်းပန်ပါတယ်၊ နိုင်ငံရေး သမား အားလုံးကိုရော ကျနော့်ကိုရော အာဏာပိုင်ကိုပါ ဖြောင့်ချက်ပေးပါတယ်။ ဒါပေမယ့် ဗိုလ်မှူးကိုကိုနိုင်ကို ဗုံးဖောက်ခွဲတဲ့ တရားခံ အစစ်ဖြစ်တယ်ဆိုတဲ့ အကြောင်း မပြောဖို့ အာဏာပိုင်တွေဘက်က တားမြစ်ထားတယ်လို့ ဗိုလ်မှူးကိုကိုနိုင် အဆိုအရ သိရပါတယ်။
မေး။  ။ အခုလိုမျိုး မှားယွင်းပြီး မတရားစီရင်ချက် ချခံရတဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးကို ဘယ်လိုမြင်ပါလဲ။
ဖြေ။  ။ ကျနော့် သေဒဏ်စီရင်ချက်ကို ရင်ဆိုင်ရတုန်းက စစ်အစိုးရလက်ထက် ဘာမှ ခုခံကာကွယ်ပိုင်ခွင့်မရှိဘူး၊ ရှေ့နေနဲ့လည်း မတွေ့ရဘူး၊ ဘယ်သူနဲ့မှ မတွေ့ရဘဲ ဘယ်ကလာမှန်းမသိတဲ့ စီရင်ချက်ကို ခေါင်းစွပ် အစွပ်ထားခံရပြီးတော့ တရားသူကြီး ဖတ်ပြ တာကို ခုခံပိုင်ခွင့်မရှိဘဲနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ဥပဒေ အထက်မှာ ဘယ်သူမှမရှိဘူးဆိုပေမယ့်၊ အဲ့သည်လိုခံခဲ့ရတယ်၊ အခုအစိုးရ သစ် လက်ထက်မှာတော့ ညီမျှတဲ့ အခွင့်အရေးရမယ်လို့ ထင်ပါတယ်။ အာဏာပိုင်တွေကလည်း တတ်နိုင်သမျှဆောင်ရွက်လိမ့်မယ်လို့ ယူဆပါတယ်။
မေး။  ။ ၂၃ နှစ်တာကာလ ထောင်ထဲမှာ နေရတဲ့ အခြေအနေကို ပြောပြပေးပါလား။
ဖြေ။  ။ အင်းစိန်ထောင်မှာ ၁၉၉၀ ပြည့်နှစ်မှာ စက်တင်ဘာလှုပ်ရှားမှု ဖြစ်ခဲ့တယ်၊ ထောင်အာဏာပိုင်က ရိုက်နှက်ဖြိုခွင်းခဲ့တယ်။ ထောင်တွင်း နိုင်ငံရေးလှုပ်ရှားတဲ့သူတွေ အားလုံးတိုက်ပိတ်ခံရပြီးတော့ ဆိုးရွားတဲ့ကာလပေါ့၊ ၁၉၉၃ ခုနှစ်မှာ သေဒဏ်ကနေ တသက် တကျွန်း ပြောင်းခံရတယ်၊ ၁၉၉၄ ခုနှစ်မှာ တောင်ငူထောင်ကို ပြောင်းခဲ့ရတယ်၊ အရင်ထောက်လှမ်းရေး ခေတ်ကတော့
နေရောင်တို့ လတို့ကို မြင်ဖို့ ခက်ခဲတယ်၊ ရေချိုး ချတဲ့ ၁၅ မိနစ်လောက်သာ အပြင်နဲ့ ထိတွေ့ရတယ်၊ အင်မတန်ကျပ်တည်းပါတယ်၊ စာဖတ်ခွင့်ဆို ဆေးလိပ်ဖင်စီခံက နာရေးကြော်ငြာကို အပြန်ပြန်အလှန်လှန်ပဲဖတ်ခဲ့ရတယ်၊၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာသာ သေ ချာဖတ်ရတယ်။ အခက်အခဲ အများကြီးပေါ့ဗျာ၊ အချိန်ပေးနိုင်ရင် မျက်နှာချင်းဆိုင် ပြောပြချင်တာ၊ ရင်ဖွင့်ပြချင်ပါတယ်။
မေး။  ။ လာမယ့် အနာဂတ်ကာလမှာ ဘာတွေလုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ။  ။ ထောင်တွင်းကာလ၂၃ နှစ်မှာ NLD ပါတီဝင်တဦးအဖြစ်သာ ရပ်တည်ခဲ့တယ်၊ အကျိုးပြုလုပ်ငန်းတွေကို လုပ်ချင်တယ်၊ မည်သည့်ပုဂ္ဂိုလ် မည်သူနဲ့မဆို လက်တွဲလုပ်ချင်တယ်။
မေး။  ။ ထောင်သက်တမ်း ၂၃ နှစ်မှာ အမှတ်တရအဖြစ်ဆုံး အဖြစ်အပျက်ကို ပြောပြပါလား။
ဖြေ။  ။ ၁၉၉၀ စက်တင်ဘာ မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဆန္ဒပြမှုဖြစ်ခဲ့တယ်၊ အားလုံးက သက်ဆိုင်ရာ တိုက်ခန်းအတွင်းကနေ အော်ဟစ်တောင်းဆိုခဲ့တယ် အဲဒီတုန်းက ထောင် အာဏာ ပိုင်က ဆန္ဒပြ အကျဉ်းသားတွေကို ခေါင်းစွပ် စွပ်ပြီး ရိုက်နှက်ခဲ့တယ်၊ ရိုက်နှက်လို့ အော်ဟစ်တဲ့ အသံတွေကို ဖုံးလွှမ်းအောင် အုတ် ရိုးပတ်လည်မှာ ဟင်္သာတ ထွန်းရင်ရဲ့ “စာဥ” သီချင်းကို အသံကုန်ဖွင့်ထားခဲ့တယ်၊ ဒါကြောင့် အခုနေ စာဥ ဆိုတဲ့ သီချင်းသံကြား ရင် နားကို မထောင်ချင်အောင်ဘဲ အဲသည့် အဖြစ်အပျက်က အမှတ်တရဖြစ်ခဲ့တယ်။
မေး။  ။ အခု လွတ်ငြိမ်းချမ်းသာခွင့်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ပါမလာတဲ့အတွက် ဘာများပြောချင်ပါလဲ။
ဖြေ။  ။ ကျနော်တို့တော့ လွတ်လာခဲ့ပြီပေါ့၊ ဒါပေမယ့် ကျနော်တို့လိုပဲ တခြားနိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်မြောက် စေချင် တယ်၊ ဘာကြောင့်လဲဆိုတော့ ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်တခေတ်မှာ တိုင်းပြည် ကောင်းအောင်လုပ်ဖို့ ကြိုးစားရင်း ထောင်ထဲ ရောက်ရတဲ့ လူတွေဆိုတော့ လွှတ်ပေးမယ်ဆိုရင် တန်ဖိုးရှိစွာပဲ တိုင်းပြည်အကျိုးပြုမှာပဲ၊ ဒါကြောင့် လွှတ်ပေးပါလို့ အစိုးရကို မေတ္တာရပ်ခံပါတယ်။     ။

Irrawaddy News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis