menu

Tuesday 22 October 2013

ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို သေဒဏ်၊ တစ်သက်တစ်ကျွန်းချမှတ်ရေးအဆို လွှတ်တော်တွင် ရှုံးနိမ့်


ကြယ်ပြာ | အင်္ဂါနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၈ မိနစ်

ကလေးသူငယ်များအပေါ် မုဒိန်းမှု ကျူးလွန်းသူများကို သေဒဏ်အထိချမှတ်ပေးရန် ပြင်ဆင်ရေးဆွဲထားသော ကလေးသူငယ်ဥပဒေမူကြမ်းအား လွှတ်တော်တွင် ဆွေးနွေးရန် လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန်းက ပြည်သူ့ လွတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သော်လည်း အစည်ဝေးတက်ရောက်သူ ၃၃၀ ဦးတွင် ၁၉ ဦးကသာ
ထောက်ခံမှုရရှိခဲ့သည့်အတွက် ရှုံးနိမ့်သွားပြီဖြစ်သည်။

လက်ရှိ ကျင့်သုံးနေဆဲဖြစ်သော ကလေးသူငယ်ဥပဒေသည် ၁၉၉၃ ခုနှစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာမြင့် နေပြီဖြစ် ပြီး ထိုဥပဒေပုဒ်မ ၆၆ တွင် ကလေးသူငယ်များအား ညစ်ညမ်းသော ဓာတ်ပုံနှင့် ရုပ်ရှင်များရိုက်ကူးသော သူများအား ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်တစ်ထောင်၊ နှစ်မျိုးစလုံးအား တစ်ပြိုင်နက်ထဲ ချမှတ်ခြင်းများသာ ပြုလုပ်နိုင်သေးသည်။


ထို့ကြောင့် ပြစ်မှုကျူးလွန်သူများနှင့် ကျူးလွန်ရန် အားထုတ်သူများအား ဒဏ်ငွေတပ်ရုံမျှဖြင့် တည်ဆဲဥပဒေအရ အရေးယူပြီးဖြစ်သော ဥပဒေကြောင့် ၎င်းမှပြင်ဆင်ရေးဆွဲထားသော ဥပဒေမှုကြမ်းထဲတွင် မူလပြဋ္ဌာန်းထားသည့် ဥပဒေများတွင် ပုဒ်မအသစ်အဖြစ် ဖြည့်စွက်၍ မုဒိန်းမှုကျူးလွန်သူအား သေဒဏ်ပေးရန်နှင့် ကျူးလွန်ရန် အားထုတ်သူအား တစ်သက်တစ်ကျွန်းဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်ရန် ပြဋ္ဌာန်းထားကြောင်း အဆိုတင်သွင်းသူ လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

“ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာတွေကို ဖျက်ဆီးလိုက်တာအမှန်က ကလေးတွေကို သေဒဏ်ပေး လိုက်တာဘဲ၊ အနာဂတ်ကို ဖျက်စီးလိုက်တဲ သူတို့တွေအတွက် ထိုက်တန်တဲ့ဥပဒေကို သေဒဏ်အဖြစ် ကျွန်တော်တို့ သတ်မှတ်ရပါမယ် ခုလိုလွဲမှားနေတဲ့ တရားစီရင်ရေးစနစ်အောက်မှာ အမှားမှား အယွင်းယွင်းဖြစ်မှာ စိုးရိမ်ပါတယ်” ဟု ဦးသိန်းညွန့် ကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအခြေစိုက် “သမ္မာဓိ” ဖောင်ဒေးရှင်း၏ စစ်တမ်းများ ကောက်ယူချက်အရ ကလေးသူငယ်များအပေါ် မုဒိန်းပြုကျင့်မှုများသည် ၂၀၀၈ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်အတွင်း အမှုပေါင်း ၈၈၀ ၀န်းကျင့်ခန့်အထိ ရှိခဲ့သည်။ ထို့အပြင် ရန်ကုန်တိုင်း တစ်ခုအတွင်းမှာတင် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ကလေးသူငယ်များ မုဒိန်းပြုကျင့်မှုများသည် ၂၀၁၂ မှ ၂၀၁၃ အတွင်း ၈၈ မှုရှိခဲ့ဟုသည် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက တိုင်းလွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့သေးသည်။

၁၉၉၁ခုနှစ်က မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၉၁ နိုင်ငံက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို လတ်မှတ်ရေးထိုးခဲ့ကြသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါ်စုစုလှိုင်ကမူ ကျူးလွန်သူများနှင့် ကျူးလွန်သူများအား တစ်သက်တစ်ကျွန်း၊ သေဒဏ်များချမှတ်ရန် ပြင်ဆင် ဖြည့်စွက်မည့် ဥပဒေပြဋ္ဌာန်း မည့်အစား ချမှတ်ရန်သင်၊့ မသင့်အား အရင်စဉ်းစားသင့်ကြောင့် တုန့်ပြန်ပြော ဆိုသွားခဲ့သည်။

“မုဒိန်းမှုတွေ ပိုများလာတာက ပတ်ဝန်းကျင်အနေအထား၊ အရက်သေစာနဲ့ မူးယစ်ဆေးတွေ သောက်သုံးမှုတွေကြောင့်လို့ ယူဆမိပါတယ်၊ တည်ဆဲဥပဒေက ထောင်ဒဏ်လောက်ပဲချနိုင်လို့ ချလိုဖြစ်တယ်လို့ မထင်ပါဘူး၊ ပြစ်ဒဏ်ကို တိုးစေချင်တယ်ဆိုရင်တော့ ဥပဒေကိုပြင်တာထက် ပြစ်ဒဏ်ကို သတ်မှတ်ထားတဲ့ ရာဇသတ်ကြီးကိုပဲ ပြင်ဆင်သင့်ပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း ပြောသည်။

တည်ဆဲဖြစ်သော ကလေးသူငယ်ဥပဒေတွင် အသက် ၁၆ နှစ်အောက် ပြစ်မှုကျူးလွန်သော ကလေးများအား သာမန်အမှုများတွင် ထောင်ဒဏ်ချမှတ်ခြင်းမရှိဘဲ အပြင်းထန်ဆုံးပြစ်မှုကျူးလွန်သူ ကလေးများကိုသာ တရားရုံးက အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်ချမှတ်နိုင်ကြောင်း၊ သို့ရာတွင် အလုပ်ကြမ်း အပြစ်ဒဏ်အား ချမှတ်ခြင်း ခွင့်ပြုမထားကြောင်း ပါရှိသည်။

“အောက်တိုဘာ ၁၀ ရက် ကမ္ဘာ့သေဒဏ်ဆန့်ကျင်ရေးနေ့က ကုလသမဂ္ဂညီလာခံ စာတမ်းဖတ်ပွဲမှာ ပညာရှင်တွေက သေဒဏ်ပေးခြင်း ဥပဒေက ရက်စက်ကြမ်းကြုတ်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်လို့ ပြန်လည်သုံးသပ်ပေးဖို့ ပြောကြတယ်။ခုဆို ကမ္ဘာ့နိုင်ငံတွေရဲ့ သုံးပုံနှစ်ပုံက သေ ဒဏ်စနစ်ကို ပယ်ဖျက်နေကြပြီ” ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် သေဒဏ် ချမှတ်နိုင်သည့် အမှုအမျိုးအစား သုံးခုသာရှိသည်။ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနှင့် ဓားပြမှုကျူးလွန်နေစဉ် လူသတ်မှု ပုဒ်မ ၃၉၆ တို့သာဖြစ်သည့်ပြီး လူ့အသက်ကို သေဆုံးအောင်ပြုလုပ်သည့် လူသတ်မှုတွင်တောင် အခြေအနေ သုံးရပ်ပေါ်မူတည်၍ အမြင့်ဆုံးအနေဖြင့် တစ်သက်တစ်ကျွန်းအထိသာ ပြစ်ဒဏ်ချမှတ်သည့်အတွက် ကလေးသူငယ် ဥပဒေတွင် သေဒဏ်အထိ ချမှတ်ရန် အဆိုတင်သွင်းခြင်းအား စဉ်းစားသင့်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆက်လက်ပြောဆို ခဲ့သည်။

သေဒဏ်စနစ်ကို ဖျက်သိမ်းထားသော နိုင်ငံပေါင်း ၉၇ နိုင်ငံ၊ သာမန်ရိုးကျ အမှုများတွင် သေဒဏ် မပေးသော နိုင်ငံပေါင်း ရှစ်နိုင်ငံ၊ သေဒဏ်စနစ်ကို ကျင့်သုံးနေသော နိုင်ငံပေါင်း ၅၈ နိုင်ငံရှိပြီး မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၃၅ နိုင်ငံကမှု သေဒဏ်စနစ်ကို ပြဋ္ဌာန်းထားသော်လည်း ကျင့်သုံးခြင်းမရှိသော နိုင်ငံများတွင် ပါဝင်သည်ဟု ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ထည့်သွင်း ပြောဆိုသွားခဲ့သည်။

Mizzima

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis