menu

Tuesday 22 October 2013

န၀တ လက်ထက်က သိမ်းဆည်းခဲ့သော လက်နက်များကို မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ် မရှိသေး


နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရ လက်ထက်က နိုင်ငံတစ်ဝန်းတွင် သိမ်းဆည်းခဲ့သော လိုင်စင် သို့မဟုတ် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့် ပြုထားသည့် လက်နက်နှင့် အခြားလက်နက်များကို မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၏ ''နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက်တွင် သိမ်းဆည်းခဲ့သော နိုင်ငံတစ်ဝန်း လိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သော သေနတ်များအား မူလပိုင်ရှင်များ သို့မဟုတ် အမွေဆက်ခံခွင့် ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိမရှိ'' မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ဒုဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။


န၀တအစိုးရ လက်ထက်၌ ယိုယွင်းလျက်ရှိသည့် နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးကို ထိန်းသိမ်းရေးအတွက် ယခင်အစိုးရလက်ထက် အဆက်ဆက်တွင် နိုင်ငံတစ်ဝန်းရှိ လိုင်စင်သို့မဟုတ် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့် ပြုခဲ့သည့် နိုင်ငံသား အချို့၏ လက်နက်များကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ်က ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ကိုင်ဆောင်ခွင့် ပြုထားသော လက်နက်များနှင့် အခြားလက်နက်များကို ပြည်ထဲရေး ၀န်ကြီးဌာန သေနတ်ကိုင်ဆောင်ခွင့် (လက်နက်/ပါမစ်) စိစစ်ရေး အဖွဲ့က သိမ်းဆည်းပြီး ၁၉၉၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် သက်ဆိုင်ရာ စစ်လက်နက်ပစ္စည်း တပ်များသို့ အပြီးလွှဲအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖြစ်စဉ်များကို လက်နက်များဖြင့် အကြမ်းဖက် မဖြစ်ပေါ်နိုင်ရေးအတွက် သိမ်းဆည်းခဲ့သည့် လက်နက်များကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် တည်ဆောက် ပြီးစီးသည့် အချိန်အထိ ဆက်လက်သိမ်းဆည်း သွားရမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက လွှတ်တော်၌ ဖြေကြားစဉ် ထည့်သွင်း ပြောကြားသည်။

သို့ရာတွင် ထိုသို့ သိမ်းဆည်းခဲ့စဉ်က ၁၉၇၇ ခုနှစ် လက်နက် ကိုင်ဆောင်ရေး မူနှင့် အညီ သိမ်းဆည်းခဲ့မှု ရှိမရှိနှင့် ပတ်သက်၍ သိမ်းဆည်းစဉ်က စာရွက်စာတမ်း၊ အထောက်အထားများကို စိစစ်ကာ လွှတ်တော်တွင် ပြန်လည်ဖြေကြားမည်ဟု ဦးသိန်းထွန်းဦး၏ ထပ်ဆင့်မေးခွန်းကို ဖြေကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis