မိတ်ဆွေစစ်သာ ဖြစ်ပါစေ......(Written by ညီအောင်ညီ)
''လူနှစ်ယောက် ခြေခုနစ်လမ်း စာလောက် အတူလျှောက်ခဲ့ဖူးလျင် မိတ်ဆွေ
မည်ပါသတဲ့။ ဆယ့်နှစ်ရက်ခန့် အတူနေပြီး အမှုကိစ္စများ ပြုခဲ့ဖူးလျှင်တော့
သူငယ်ချင်း မည်ပါသတဲ့။ တစ်လ တစ်လခွဲခန့် အတူနေ လုပ်ကိုင်ခဲ့ဖူးပါက
ဆွေမျိုးနှင့် တူပါသတဲ့။ ဆိုခဲ့ပါ အတိုင်းအတာ တွေထက်ပိုပြီး အတူနေထိုင်
အမှုကိစ္စများကို ပြုလုပ်ခဲ့ဖူးလျှင်တော့ မိမိနှင့်တန်းတူ
ဖြစ်ပါတော့သည်တဲ့''။
အထက်ပါ စကားရပ်တွေကတော့ သေလကဏ္ဏိ
ဇာတ်တော်မှာပါတဲ့ မြတ်ဗုဒ္ဓ ဟောကြားတော် မူခဲ့တဲ့ စကားရပ်တွေပါ။
ထိုစကားရပ်တွေကို ထောက်ဆပြီး လောကကြီးထဲက မိတ်ဆွေတွေ အကြောင်းကို
စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်တို့ လူသားတွေဆိုတာ အမြဲတမ်း တစ်ယောက်တည်း
မနေတတ်ကြပါဘူး။ အပေါင်းအသင်း မိတ်ဆွေဆိုတာ လိုအပ်ကြစမြဲမို့ အပေါင်းအသင်း
မိတ်ဆွေကို ရှာဖွေပေါင်းသင်း ကြပါတယ်။
လောကကြီးထဲမှာ
အမျိုးမျိုးသော မိတ်ဆွေတွေ တွေ့ရှိခဲ့ရပါတယ်။ ကိုယ့်အပေါ် မှာ ကောင်းခဲ့တဲ့
မိတ်ဆွေတွေ ရှိကြသလို ကိုယ့်အပေါ်မှာ လုံးဝမကောင်းခဲ့တဲ့ မိတ်ဆွေတွေလည်း
ရှိခဲ့တာပါပဲ။ ကိုယ်ကစပြီး ကိုယ့်မိတ်ဆွေ အပေါ်မှာ မကောင်းခဲ့တာမျိုး
ရှိခဲ့သလို ကိုယ်မကောင်းပေမယ့် ကိုယ့်အပေါ်မှာ ကောင်းပေးနေတဲ့
မိတ်ဆွေတွေလည်း ရှိနေတာပါပဲ။ တကယ်တော့ မိတ်ဆွေစစ်ဆိုတာ
''အမြဲကောင်းနေဖို့'' ပါပဲ။ ကိုယ်ကလည်း မိတ်ဆွေဆိုး၊ သူကလည်း မိတ်ဆွေဆိုး
ဆိုရင်တော့ အဆိုးတွေပဲ ဖြစ်လာမှာပါ။ မိတ်ဆွေကောင်းဖြစ်ဖို့ ကျွန်တော်တို့
ကြိုးစားကြရပါမယ်။
''အမှောင်ထဲမှာ ကိုယ့်မိတ်ဆွေ တစ်ယောက်နဲ့အတူ
လမ်းလျှောက် ရတာဟာ အလင်းရောင်ထဲမှာ တစ်ယောက်တည်း လျှောက်နေရတာထက်
ပိုပြီးကောင်းပါတယ်လို့'' အမေရိကန် စာရေးဆရာမ ''ဟယ်လင် ကယ်လာက''
ပြောခဲ့ပါတယ်။ တကယ်တော့ လောကကြီးထဲမှာ အသိမိတ်ဆွေ မရှိလို့ မဖြစ်ပါဘူး။
ကိုယ်မပြီးနိုင်တဲ့ ကိစ္စတွေကို ပြီးစီးပေးနိုင်တဲ့ပ မိတ်ဆွေတွေ ရှိကြပါတယ်။
ကိုယ့်မှာလည်း တစ်ဖက်မိတ်ဆွေ အတွက် အားအင် ဖြစ်စေနိုင်တဲ့
အရည်အသွေးတွေလည်း ရှိနိုင်တာပါပဲ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဘော
ရှိနေတတ်ပါတယ်။
''သူကြင်မှ ကိုယ်ကြင်'' ဆိုတဲ့ စကားအတိုင်း
တုံ့ပြန်မှုရှိမှ ပြန်တုံ့ပြန်တတ်ကြတဲ့ အပြန်အလှန် ပေါင်းသင်း ဆက်ဆံရေးကို
ကျင့်သုံးနေကြ တာတွေလည်း ရှိနေကြတာပါ ပဲ။ ဒါပေမဲ့ မစိုးရိမ်
ပဋ္ဌာန်းဆရာတော်ကြီးက ''လူဆိုတာ အညမည ပစ္စည်းလို မကျင့်ရဘူး။ သဟဇာတ ပစ္စည်းလို
ကျင့်ရမယ်။ အညမည ပစ္စည်းဆိုတာ သူက ကျေးဇူးပြုလို့ ကိုယ်ကပြန်ပြီး
ကျေးဇူးပြုရတာမျိုးပါ။ သဟဇာတပစ္စည်း ဆိုတာကတော့ သူက ကျေးဇူးပြုပြု၊ မပြုပြု၊
တုံ့ပြန်မှုရရ၊ မရရ ကိုယ့်ဘက်ကတော့ အမြဲကျေးဇူးပြု နိုင်ရမယ်'' လို့
ဆုံးမသြ၀ါဒ ပေးထားခဲ့ပါတယ်။ မိတ်ကောင်း ဆွေကောင်း တစ်ယောက် ဖြစ်နိုင်ဖို့
ကိုယ့်ဘက်က အမြဲကောင်းနိုင်အောင် ကြိုးစားကြရမှာပါ။
မြတ်ဗုဒ္ဓ
ဟောကြားထားတဲ့ မိတ်ဆွေကောင်း ဂုဏ်အင်္ဂါ ခုနစ်ပါး ရှိပါတယ်။ (၁)
ပေးနိုင်ခဲသော ပစ္စည်းဝတ္ထုကို ပေးတတ်ခြင်း (၂)ခဲယဉ်းစွာ ပြုအပ်သော အမှုကို
ပြုပေးခြင်း၊ (၃)သည်းခံနိုင်ခဲသော အရာကို သည်းခံတတ်ခြင်း၊ (၄)
မိမိလျှို့ဝှက်ထားသော ကိစ္စကို မိမိမိတ်ဆွေအား ပြောပြခြင်း၊ (၅) မိမိမိတ်ဆွေ
လျှို့ဝှက်ထားသော ကိစ္စကို မပေါက်ကြားအောင် ဖုံးအုပ်ပေးခြင်း၊
(၆)ဘေးအန္တရာယ် ကြုံပါက မိမိမိတ်ဆွေကို ပစ်မထားခြင်း၊ (၇) မိမိမိတ်ဆွေ
အကြောင်းကြောင်းကြောင့် နွမ်းပါးသွားသော်လည်း မထီမဲ့ မပြုတတ်ခြင်း။
ထိုဂုဏ်အင်္ဂါ ခုနစ်ပါးနှင့် ပြည့်စုံတဲ့ မိတ်ဆွေကောင်းကို
ပေါင်းသင်းသင့်ကြောင်း။ ထိုအင်္ဂါ ခုနစ်ပါးနှင့် ပြည့်စုံတဲ့ မိတ်ဆွေဟာ
မိတ်ဆွေကောင်း ဖြစ်တယ်လို့ ဟောကြား ထားပါတယ်။
ကျင်လည်ဖြတ်သန်း
နေကြရတဲ့ လောကလူ့ဘောင် အသိုင်းအ၀ိုင်းထဲမှာ မိတ်ဆွေကောင်းတွေ အများကြီး
လိုအပ်ပါတယ်။ မိတ်ဆွေကောင်း တွေနဲ့အတူ နေရခြင်း၊ အတူအလုပ် လုပ်ရခြင်းဟာ
စိတ်ချမ်းသာမှုကို ဖြစ်စေပါတယ်။ မိတ်ဆွေဆိုး မိတ်ဆွေယုတ်တွေနဲ့ အတူနေ၊
လုပ်ကိုင်ရခြင်းကတော့ စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာ တွေပါပဲ။ ကျွန်တော်တို့
လူသားတွေလည်း ကိုယ်တိုင်မိတ်ဆွေကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေထိုင်
သင့်သလို မိတ်ဆွေကောင်းတွေကို ရှာဖွေပေါင်းသင်း နိုင်အောင်လည်း
ကြိုးစားကြရမှာပါ။
အခက်အခဲ တွေကြားမှာ မိမိတို့ ပစ်မထားခဲ့သူတွေ၊
မိမိရဲ့ ဆိုးကွက် ဟာကွက်တွေကို ခွင့်လွှတ်နားလည် ပေးခဲ့တဲ့သူတွေ၊
မိမိနှင့်အတူ ချမ်းသာဆင်းရဲ အကောင်းအဆိုး သာတူညီမျှ-မျှဝေခံစား
ပေးခဲ့သူတွေဟာ ထာဝရ မမေ့နိုင်တဲ့ မမေ့သင့်တဲ့ မိတ်ဆွေကောင်းတွေပါ။
''ရှင်နည်းရာ အဂ္ဂလူထွက်'' ဆိုတဲ့ စကားပုံလို မိမိမိတ်ဆွေ အခက်အခဲ
တွေ့နေချိန်မှာ ရှောင်ထွက် သွားကြသူတွေ၊ လျစ်လျူရှု မသိချင်ယောင်
ဆောင်နေတတ်ကြ သူတွေဟာ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
''ဘူးသီးမှ အရီးတော်ချင်ကြတဲ့ အခွင့်အရေး သမားတွေပဲ ဖြစ်ကြမှာပါ''
မိတ်ဆွေစစ်စစ် ပီသအောင် ကျွန်တော်တို့ လူ့ဘောင်အသိုင်းအ၀ိုင်း အတွင်းမှာ
ပြုပြင်နေထိုင် ကြရမှာပါ။
''မြိန်ရာဟင်းကောင်း၊
ခင်ရာဆွေမျိုးကောင်း'' ဆိုသော စကားပုံလို သွေးသားတော်စပ်ပေမယ့်
အကျွမ်းဝင်မှု မရှိသေးရင် ဆွေမျိုးလို့ မခေါ်ဆို ထိုက်သေးဘူး။ သွေးသား
မတော်စပ်သော်လည်း အကျွမ်းဝင်မှု၊ ရင်းနှီးမှုရှိနေ ရင်တော့ ဆွေမျိုးလို့
ပြောလို့ရတဲ့အကြောင်း ဘုရားဟော ကျမ်းစာတွေမှာ ဖတ်ခဲ့ရဖူးပါတယ်။
လောကကြီးထဲမှာ ''ဆွေမျိုးထက်'' ပိုကောင်းတဲ့ မိတ်ဆွေကောင်းတွေ ရှိကြသလို
ဆွေမျိုးထက် ပိုဆိုးတဲ့ မိတ်ဆွေ ဆိုးတွေလည်း ရှိတတ်တာပါပဲ။ ဉာဏ်နဲ့ယှဉ်ပြီး
ပေါင်းသင်းတတ်ဖို့ပဲ လိုအပ်ပါတယ်။
တစ်ခဏတာ
ပေါင်းသင်းကြည့်ရုံနဲ့တော့ မိတ်ဆွေ ကောင်းမကောင်း မသိနိုင်သေးပါဘူး။
အချိန်ကြာလာရင်တော့ ''အပွေးမြင် အပင်သိ၊ အသွေးမြင် အဆင်းသိ'' ဆိုသလိုပါပဲ
မိတ်ဆွေကောင်းအင်္ဂါနဲ့ ညီမညီ တွေ့မြင်နိုင်မှာပါ။ အကောင်းအဆိုး ဒွန်တွဲနေတဲ့
လောကကြီးထဲမှာ ကျွန်တော်တို့ကိုယ်တိုင် မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ဖို့
လိုအပ်သလို မိတ်ဆွေကောင်းတွေရဲ့ အရည်အချင်းနဲ့ ပြည့်စုံဖို့လည်း
လိုအပ်ပါတယ်။
ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်းမှာ
ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ဖို့လိုအပ်သလို
ကိုယ့်ပတ်ဝန်းကျင်မှာလည်း မိတ်ဆွေကောင်း တစ်ယောက်ဖြစ်အောင် နေထိုင်ရမှာပါ။
မိတ်ဆွေကောင်းတွေ များပြားလေလေ နိုင်ငံရဲ့ လူမှုပတ်ဝန်းကျင် ကလည်း
တစ်နေ့ထက်တစ်နေ့ တိုးတက်မြင့်မား လာလေလေပါပဲ။ ကျွန်တော်တို့တစ်တွေ အားလုံး
မိတ်ဆွေကောင်း ပီသစွာဖြင့် ''ရပ်ရွာအတွက်၊ မြို့နယ်အတွက်၊ တိုင်းအတွက်၊
နိုင်ငံအတွက် အလုပ်လုပ်ကြမယ်။ ပါဝင်ဖေးမ ကူညီစောင့်ရှောက် ကြမယ်ဆိုရင်
တိုးတက် မြင့်မားပြီး သာယာကြည်နူးဖို့ ကောင်းတဲ့ လူ့ဘောင်
အသိုင်းအ၀ိုင်းတစ်ခု'' ကို မြင်တွေ့နိုင်မှာပါ။
ရပ်ရွာအကျိုးပြု
စိတ်ဓာတ်၊ နိုင်ငံအကျိုးပြု စိတ်ဓာတ်တွေကို ကျွန်တော်တို့အနေနဲ့
ကိုယ်ကျိုးမပါ မိတ်ဆွေစစ် ပီသစွာ မွေးနိုင်ဖို့ ကြိုးစားကြရပါဦးမယ်။
အဖန်တစ်ရာ ထပ်နေတဲ့ ''စိတ်ညစ် စိတ်ဆိုးတွေ'' ဖယ်ရှားကြရ ပါဦးမယ်။
လက်ပိုက်ကြည့်တတ်တဲ့ အပြုအမူတွေ၊ အလုပ်မပါ၊ အပြုသဘော မပါတဲ့ ဝေဖန်မှုတွေ၊
တွက်ကပ်တဲ့ အပြုအမူတွေ အဲဒီအရာတွေ အားလုံးကို ကျွန်တော်တို့ စွန့်ပစ်ပြီး
မိတ်ဆွေစစ် မိတ်ဆွေကောင်း ပီသစွာ ရပ်ရွာအတွက်၊ မြို့နယ်အတွက်၊ နိုင်ငံအတွက်
အားလုံးကိုယ်စီ အလုပ်လုပ်နိုင်ကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံကို
ရှေ့အနာဂတ်မှာ အားလုံးမြင်ချင်တဲ့ ရွှေနိုင်ငံကြီးအဖြစ် မြင်တွေ့နိုင်မှာပါ။
ဒါပေမဲ့ ကျွန်တော်တို့ အားလုံးဟာ မိတ်ဆွေစစ်တော့ ဖြစ်ရပါလိမ့်မယ်။
မိတ်ဆွေကောင်း ပီသရပါလိမ့်မယ်။
Eleven Media Group
No comments:
Post a Comment