menu

Sunday 8 September 2013

နိုင်ငံခြားသားခရီးသွား အဝင်များသော်လည်း ဧည့်လမ်းညွှန်များ အလုပ်အကိုင်ရှားပါး

Photo: နိုင်ငံခြားသားခရီးသွား အဝင်များသော်လည်း ဧည့်လမ်းညွှန်များ အလုပ်အကိုင်ရှားပါး

ရန်ကုန်၊ စက်တင်ဘာ ၇

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု မြင့်မားသော်လည်း ဧည့်လမ်းညွှန်များ အလုပ်အကိုင် နည်းပါးလာကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ် သြဂုတ်လနဲ့ ယှဉ်ရင် ဒီနှစ်က သိသိသာသာ အလုပ်ပါးလာတယ်” ဟု ၎င်းကဆိုသည်။

သြဂုတ်လအတွင်း နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်မှုမှာ မြင့်မားသော်လည်း အများစုမှာ မိမိတို့အစီအစဉ်ဖြင့်သာ လာရောက်သည့် ကျောပိုးအိတ် ခရီးသွားများ ဖြစ်ကြပြီး ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက် လာရောက်ကြသည့် အုပ်စုလိုက် ခရီးသွားများ နည်းပါးကြောင်း၊ တစ်ဦးချင်း ခရီးသွားများမှာ ဧည့်လမ်းညွန်သုံးပြုမှု မရှိသလောက် နည်းပါးကြောင်း၊ ဝါရင့်ဧည့်လမ်းညွန်များပင် အလုပ်အကိုင် နည်းပါးလာနေသောကြောင့် ဧည့်လမ်းညွန် အသစ်များအတွက် လာမည့်ခရီးသွား ရာသီတွင် အလုပ်အကိုင် အခွင့်အလမ်းမှာ စိုးရိမ်စရာကောင်းကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပုဂံဒေသသို့ လာရောက်ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများမှာ အာရှနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်နှင့် ကိုရီးယားနိုင်ငံသား ခရီးသွားဧည့်သည်များ ဖြစ်ကြပြီး ဥရောပနိုင်ငံများဖြစ်သော ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်စသည့် နိုင်ငံသား အနည်းငယ် ဝင်ရောက်မှု ရှိသော်လည်း ဟိုတယ်အခန်း ငှားရမ်းခ ကြီးမြင့်မှုများကြောင့် စရိတ်လျှော့ချသည့်အနေနှင့် ဧည့်လမ်းညွှန် ငှားရမ်းမှုနှင့် ကားငှားရမ်းမှု စသည်တို့ မပြုလုပ်တော့ကြောင်း ပုဂံဒေသခံ အင်္ဂလိပ်ဘာသာ စကားပြော ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

ပုဂံဒေသတွင် တရားဝင် လိုင်စင်ရ ဧည့်လမ်းညွန် အရေအတွက် စုစုပေါင်း ၁၆၀ ဦးခန့်ရှိပြီး အင်္ဂလိပ်ဘာသာ စကားပြော ဧည့်လမ်းညွန် စုစုပေါင်း ၁၁၀ ဦးခန့်ရှိပြီး ဂျပန်စကားပြော ဧည့်လမ်းညွှန် ခြောက်ဦးနှင့် ပြင်သစ်ဘာသာ စကားပြော ဧည့်လမ်းညွှန် သုံးဦး ရှိကြောင်း၊ ကျန်ဧည့်လမ်းညွှန် အချို့မှာ ဧည့်လမ်းညွှန်လိုင်စင် ရှိသော်လည်း ဟိုတယ်လုပ်ငန်းစသည့် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ပုဂံဇုန်) ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis