menu

Sunday 8 September 2013

မန္တလေးမြို့နယ်နှစ်ခု လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့် သုံးထပ်စက်ဝိုင်းကုမ္ပဏီ ၁၅ နှစ် လုပ်ပိုင်ခွင့်ရ


မန္တလေး၊ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ရှိ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရ မြို့နယ်တို့တွင် ဓာတ်အားဖြန့်ဖြူရေး လုပ်ငန်း အတွက် သုံးထပ်စက်ဝိုင်းကုမ္ပဏီကို ၁၅ နှစ်ကြာ လုပ်ပိုင်ခွင့်ချထားပေးရန် ယခုလအတွင်း လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းစီမံဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေး ခရိုင်ရှိ မြို့နယ်ခုနစ်မြို့နယ်ကို တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင်များအား ၁၅ နှစ် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်း လွှဲပြောင်းပေးလျက် ရှိရာ မြန်မာပေါင်းစည်း စွမ်းအားကုမ္ပဏီနှင့် ပစိဖိတ်ကုမ္ပဏီတို့ကို မြို့ ငါးမြို့တွင် လုပ်ပိုင်ခွင့်ချထားပေးခဲ့ပြီး ကျန်ရှိနေသေးသော ပုသိမ်ကြီးနှင့် အမရပူရနှစ်မြို့နယ် တို့ကို သုံးထပ်စက်ဝိုင်း ကုမ္ပဏီအား ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်ရန် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။


"ပေါင်းစည်းစွမ်းအားနဲ့ ပစိဖိတ် ကုမ္ပဏီတို့နှစ်ခုကို မြို့နယ်ငါးမြို့နယ်နဲ့ ၁၅ နှစ်စာချုပ်ပြီး ဓာတ်အားဖြန့်ဖြူးရေး လုပ်နေပါတယ်။ စက်ဝိုင်းသုံးထပ် ကုမ္ပဏီနဲ့တော့ ဒီလအတွင်း စာချုပ်ချုပ်ဖြစ်ပါလိမ့်မယ်" ဟု တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုသည်။

အဆိုပါပုဂ္ဂလိက ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းရှင်များအနေနှင့် မိမိရရှိထားသော မြို့နယ်များအတွင်း ထရန်စဖော်မာ များ အသစ်တည်ဆောက်ခြင်း၊ ဓာတ်အား ပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးအတွက် ဓာတ်အားလိုင်းကြိုးများ အသစ်သွယ်တန်းခြင်း၊ ဓာတ်တိုင်များ အသစ်ပြန်လည်စိုက်ထူခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းဆောင်ရွက်ကြောင်း အဆိုပါ လုပ်ငန်းထံမှ သိရသည်။

"ဒီလအတွင်းမှာပဲ စာချုပ်ချုပ်ဖြစ် မှာပါ။ ကျွန်တော်တို့ရဲ့ MD က ရခိုင်ဘက်ကို ခရီးသွားနေတာရယ်၊ ဌာနကို ပြန်လည် ပေးသွင်းရမယ့် မီတာသုံးစွဲခတွေကလည်း နည်းနည်းမြင့်နေလို့ ပြန်လည်ညှိနှိုင်းရဦး မှာပါ" ဟု သုံးထပ်စက်ဝိုင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သုံးထပ်စက်ဝိုင်း ကုမ္ပဏီသည် ပုသိမ်ကြီး၊ အမရပူရနှင့် တံတားဦးမြို့နယ် တို့ကို လုပ်ကိုင်ခွင့် လျှောက်ထားသော်လည်း တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းက ပုသိမ်ကြီးနှင့် အမရပူရမြို့နယ် နှစ်ခုသာ ပြန်လည်ချထားပေးကြောင်း ၄င်းကဆိုသည်။
"အခုတော့ အစမ်းကာလ အနေနဲ့ ပုသိမ်ကြီးမြို့နယ်မှာ သုံးထပ်စက်ဝိုင်းကုမ္ပဏီက ဓာတ်အားခတွေ စမ်းသပ်ကောက်ခံပြီး ပါပြီ" ဟု ပုသိမ်ကြီးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးမင်းထွန်းက ဆိုသည်။

မန္တလေးတိုင်းခရိုင် အတွင်း မြို့နယ်ခုနစ်မြို့နယ်ရှိပြီး ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ် တို့တွင် ပစိဖိတ်ကုမ္ပဏီ ကလည်းကောင်း၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ မြို့နယ်တို့တွင် မြန်မာပေါင်းစည်း စွမ်းအားကုမ္ပဏီက လည်းကောင်း ဓာတ်အားဖြန့်ဖြူး ပေးလျက် ရှိကြောင်း၊ သုံးထပ်စက်ဝိုင်းကုမ္ပဏီ အနေနှင့် ပုသိမ်ကြီးနှင့် အမရပူရမြို့နယ် တို့တွင် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါနှစ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၆၀,၀၀၀ ကျော် ရင်းနှီး မြှုပ်နှံထားကြောင်း သုံးထပ်စက်ဝိုင်း ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis