menu

Sunday 8 September 2013

“ဟဲလို . . . ဒါပဲ” (မင်းလူ)



     တယ်လီဖုန်းလာတယ်ဆိုလို့ သွားကိုင်လိုက်ပြီး-
    “ဟုတ်ကဲ့”
    “ကိုယ်ပါကွ၊ မောင်သွေးသစ်ပါ”
    “ဟာ အစ်ကို နေကောင်းလား”
    “ဒီမှာ ကိုယ်ပြောတာ သေသေချာချာနားထောင်၊ ကိုသိန်းဆိုင်ရယ်၊ ကိုယ်ရယ်၊ မဂ္ဂဇင်းတစ်စောင်ကိုင်မလို့၊ မောင်ရင့်ဆီက အတိုတစ်ပုဒ်လိုချင်တယ်၊ ရေးထားလိုက်၊ ဆယ့်ငါးရက်နေ့ ဖုန်းထပ်ဆက်မယ်၊ ဒါပဲ”
    “ဟာ ကျွန်တော်မအားသေးဘူး၊ ဟိုကိစ္စ..”
    ကျွန်တော့်စကား မဆုံးသေး။ ဖုန်းချသွားသည်။
    အစ်ကိုမောင်သွေးသစ်တစ်ယောက် ဘယ်လိုဖြစ်တာလဲ။ အရင်ကဆိုလျှင် စကားပြောတဲ့အခါ လိုရင်းကို တိုက်ရိုက်မပြောဘဲ အလင်္ကာတွေ၊ နိမိတ်ပုံတွေခြံရံပြီး ဝေ့ကာဝိုက်ကာပြောတတ်တာ။ ပြီးတော့ ဘယ်သူဘယ်ဝါနေကောင်းလားဆိုပြီး စာရင်းရှည်ကြီးနဲ့မေးတတ်တာ။ ဒါတွင်မက “ကိုချစ်စံတစ်ယောက် တောင်လေးလုံးမှာ ပဉ္စင်းတက်မယ်ပြောပြီးမှ ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်နေတာ ကြားပြီပြီလား” စသည်ဖြင့် စကားကြောရှည်တတ်တာ။ ခုကျမှ ဘယ့်နှယ်ကြောင့် စကားကို ဒုံးပြေးသလို ဆက်တိုက် ရွတ်ဖတ်ပြီး ဖုန်းချသွားရတာလဲ။ တခြားအလုပ်တွေပိနေလို့ မရေးနိုင်သေးတဲ့အကြောင်း ပြောမယ့်ဟာကို။

    အခုတလော တယ်လီဖုန်းပြောရသည်က သည်းထိတ်ရင်ဖိုဆန်လွန်းနေသည်။ ကိုသွေးလုပ်ရပ်ကလည်း သည်းထိတ်ရင်ဖို ဆန်လွန်းလှသည်။
    ဟုတ်ကဲ့။ နောက်မှသိရသည်က သူတို့ထုတ်မယ့်ဆိုတဲ့မဂ္ဂဇင်းကိုက “သည်းထိတ်ရင်ဖို”တဲ့ဗျာ။

                    ☼ ☼ ☼ ☼ ☼

    ကျွန်တော်အိမ်သာတက်နေတုန်း တယ်လီဖုန်းလာသည်ဟု လာအကြောင်းကြားသည်။ အိမ်သာတက်ခါစဖြစ်သောကြောင့် ကိစ္စက မပြတ်တပြတ်ဖြစ်နေ၏။ အမြန်လက်စသတ်ပြီး ထွက်လိုက်ရ၏။ ဖုန်းသွားကိုင်တော့ တစ်ဖက်မှသူငယ်ချင်းက-
    “စောင့်ရတာ ကြာလိုက်တာကွာ”
    ဟု စိတ်မရှည်သံဖြင့်ပြောသည်။
    “အိမ်သာတက်နေတာကွ၊ ချက်ချင်းလာလို့ မရဘူး”
    “သြော်.. ဟုတ်လား၊ မင်းရဲ့ချေးတစ်တုံးက ဆယ့်ငါးကျပ်တန်သွားပြီပေါ့”
    ဒီတော့မှ ကျွန်တော်သဘောပေါက်သွားသည်။ ဟုတ်သားပဲ တစ်မိနစ် ဆယ့်ငါးကျပ်ဖြစ်သွားပြီကိုး။

                    ☼ ☼ ☼ ☼ ☼

    ကျွန်တော့်တူတစ်ယောက်သည် တက္ကသိုလ်ကျောင်းသားဖြစ်၏။ ဒီကောင်က ညတိုင်းလိုလို သူ့ကောင်မလေးဆီ ဖုန်းဆက် တတ်သည်။ တစ်ခါစကားပြောလျှင် နာရီဝက် တစ်နာရီကြာသည်။ အရင်ကတော့ ကိစ္စမရှိ။ ဘယ်လောက်ကြာအောင် ဖုန်းပြောပြော တစ်ယူနစ်စာပဲပေးရသည်။ ခုတော့ တစ်မိနစ် ဆယ့်ငါးကျပ်နှုန်းဟု ဆိုသောအခါ။
    ဒီကောင် သူ့ကောင်မလေးဆီဖုန်းဆက်ပြီဆိုရင် အမေလုပ်သူက မျက်စောင်းတခဲခဲ။ တစ်ချက်တစ်ချက် ချောင်းဟန့်သံ ပြုပြီး သတိပေးသေးသည်။ ဒီကောင့်ခမျာ စိတ်ရှိလက်ရှိမပြောနိုင်။ ကောင်မလေးကလည်း စကားကြောအတော်ရှည်တာတဲ့။ ဒါနဲ့ ဒီကောင်လည်း “သြော် ဟုတ်လား.. အင်း.. အင်း.. ဒါပဲနော်”ဆိုပြီး ဖုန်းအမြန်ချပစ်ရသည်။
    ဒီမှာတွင်ပဲ ပြဿနာဖြစ်တော့တာပဲ။ ကောင်မလေးက သူ့ကို ဆယ့်ငါးကျပ်လောက်တောင် တန်ဖိုးမထားရကောင်းလား ဆိုပြီး အဆက်ဖြတ်မယ် ဘာညာဖြစ်ရော။ ဒီကောင် အတော်ပျာသွားသည်။ ကောင်မလေးကို ပြန်ချော့တဲ့အနေနဲ့ စူပါမတ်ကက်ကို ခေါ်သွားရသည်။ ကောင်မလေးကလည်း အမြင်ကပ်လို့လားမသိ။ နိုင်ငံခြားဖြစ်ရေမွှေးပုလင်းကို လက်ညှိုးထိုးပြလိုက်တာ ဒီကောင် မုန့်ဖိုးတစ်လစာလောက် ထိသွားသတဲ့။

                    ☼ ☼ ☼ ☼ ☼

    စာရေးဆရာတို့သည် အကြောင်းကိစ္စတစ်ခုကို ကြားသိရလျှင် ဆင့်ပွားပြီး အတွေးနယ်ချဲ့တတ်ကြသည်။ ကျွန်တော်လည်း ဒီအတိုင်းပဲ။
    ပထမဆုံးတွေးမိတာက ခုချိန်မှာ တက်ကျမ်းတွေ ခေတ်စားနေသည့်အကြောင်းဖြစ်၏။ ကြီးပွားအောင်လုပ်နည်း၊ လုပ်ငန်း စီမံခန့်ခွဲနည်း၊ မိန့်ခွန်းပြောနည်း၊ နိုင်ငံခြားဘာသာစကားပြောနည်းစာအုပ်တွေ ထွက်နေသည်။ ထို့အတူ တယ်လီဖုန်းပြောနည်း စာအုပ်လည်း ရေးလျှင်ကောင်းမည်ဟု စဉ်းစားမိ၏။ ဒီလိုစာအုပ်မျိုးကိုတော့ ဆက်သွယ်ရေးတပ်က ဆရာတွေရေးလျှင် ပိုကောင်းမည်။ သူတို့က-
    “လင်းယုန်မှ ရထား၊ လင်းယုန်မှ ရထား၊ အသံဘယ်လောက်ကြားလဲ၊ ကြားရင်အကြောင်းပြန်၊ ဒါပဲ”
    ဆိုသော လိုရင်းတိုရှင်းပြောနည်းကို ကျွမ်းကျင်ကြသည်။
    “ဟဲလို ဘယ်သူလဲ၊ ဟေ့ကောင်ကြီး ရထားလား၊ ငါပါကွ လင်းယုန်ပါ။ နေကောင်းလား၊ အေးကွ၊ ရာသီဥတုက အေးတယ်နော်၊ အာမီရမ်လေး မှန်မှန်ချပေးကွ သိလား၊ ထမင်းကော စားပြီးပြီလား၊ ဘာဟင်းချက်လဲ၊ ငါးခြောက် ဟုတ်လား၊ ဟာ ကောင်းတာပေါ့။ ငါတို့ဆီမှာတော့ မီးခိုးထွက်မှာစိုးလို့ ဟင်းမချက်နိုင်ဘူး။ ခေါက်ဆွဲခြောက်ကိုဝါးစားပြီး ရေနဲ့မျှောချနေရတယ်။ ဒါနဲ့ ငါ့အသံ ဘယ်လောက်ကြားသလဲ၊ ကြားရင် အကြောင်းပြန်စမ်းပါအုံးကွ၊ သူငယ်ချင်းရ”
    ဆိုပြီး လေကြောရှည်လို့မရဘူးလေ။

                    ☼ ☼ ☼ ☼ ☼

    နီကိုရဲတစ်ယောက် လက်ကိုင်ဖုန်းရကာစတုန်းက အကြောင်းကိုလည်း သတိရမိ၏။ တာရာမင်းဝေက ကျွန်တော့်ဆီ ဖုန်းလှမ်းဆက်ပြီး နီကိုရဲတော့ မျောက်အုန်းသီးရ တပြပြဖြစ်နေပြီဟု ပြောသည်။
    “အဲဒါ ဒီကောင့်ဆီဆက်ပြီး အကြာကြီးစကားပြောပစ်လိုက်စမ်းပါဗျာ။ ကျွန်တော်တော့ နာရီဝက်လောက် ပြောလိုက်ပြီးပြီ” ဟု ချွန်တွန်းလုပ်သည်။ ထိုစဉ်က ကျွန်တော်တို့ကြိုးဖုန်းတွေက တစ်ခါဆက်လျှင် ဘယ်လောက်ကြာအောင်ပြောပြော တစ်ယူနစ်စာ သုံးကျပ်ပဲကျသည်။ သူများဆီက ကိုယ့်ဆီဆက်လျှင် တစ်ပြားမှမပေးရ။ လက်ကိုင်ဖုန်းတွေကျတော့ အ၀င်ရော အထွက်ရော တစ်မိနစ် ဘယ်လောက်ဆိုပြီး ပြောလျှင် ပြောသလောက်ပေးရသည်။ သူများဆီက ကိုယ့်ဆီဆက်လျှင်လည်း တစ်ဝက်ခပေးရသည်။
    ဒီတော့ ကျွန်တော်တို့က သုံးကျပ်အကုန်ခံပြီးဆက်၊ အကြာကြီးပြော၊ သူကတော့ တစ်မိနစ်ချင်းယူနစ်တွေတက်ပြီး ပိုကုန်သည်။ တာရာမင်းဝေက တခြားလူအတော်များများကိုလည်း နီကိုရဲဖုန်းနံပါတ်ပေးပြီး ဖုန်းတွေဆက်ခိုင်းသည်။ သက်သက်မဲ့ ဟိုပုဂ္ဂိုလ်လေးကို ဒုက္ခပေးကြတာလေ။
    ခုတော့ ကျွန်တော်တို့ကြိုးဖုန်းတွေလည်း တစ်မိနစ် ဆယ့်ငါးကျပ်ဖြစ်သွားပြီ။ လက်ကိုင်ဖုန်းတွေကတော့ တစ်မိနစ် နှစ်ဆယ့်ငါးကျပ်တဲ့။ ဒီနေရာမှာ ပေသီးခေါက်တတ်သူတချို့အကြောင်း တွေးမိပြန်သည်။
    သူ တစ်နေရာကိုရောက်နေသည်။ သူ့ရုံးခန်း သို့မဟုတ် အလုပ်ရုံ သို့မဟုတ် ဆိုင်ကို ဖုန်းဆက်ပြီး မှာစရာတွေရှိနေသည်။ အချိန်နည်းနည်းကြာအောင်ပြောရမည်။ ဒီအခါမှာ ဘာလုပ်သလဲဆိုတော့ သူ့လက်ကိုင်ဖုန်းကနေ လှမ်းဆက်ပြီး အကြောင်းကြားသည်။ ဖုန်းချပြီး သူ့လက်ကိုင်ဖုန်းဆီ ပြန်ခေါ်ခိုင်းသည်။
    ခုနောက်ပိုင်း စနစ်သစ်အရ အထွက်အတွက်သာ ပေးရပြီး အ၀င်အတွက်ပေးစရာမလို။ အခု သူ့လက်ကိုင်ဖုန်းကို ကြိုးဖုန်းကနေ ပြန်ခေါ်ခိုင်းတော့ တစ်မိနစ်ကို တစ်ဆယ်ကျပ်နှုန်း သက်သာသွားတာပေါ့။
    နောက်တစ်မျိုးကတော့ နည်းနည်းလူလည်ကျသည်ဟု ဆိုနိုင်၏။ လူတစ်ယောက်ကို ပြောစရာစကားတွေ အတော်များများ ရှိနေသည်။ ဒီအခါမှာ ထိုသူမရှိနိုင်လောက်တဲ့အချိန်ကို မှန်းပြီး ဖုန်းဆက်လိုက်သည်။ တစ်ဖက်က မရှိပါဘူးဆိုတော့မှ “ဒါဆို ပြန်ရောက်ရင် ကျွန်တော့်ဆီ ပြန်ဆက်ခိုင်းလိုက်ပါ”ဟု မှာထားလိုက်သည်။ တစ်ဖက်က ပြန်ဆက်လာတော့မှ ပြောချင်တာတွေ တစ်ဝကြီးပြောပစ်လိုက်၏။ ကိုယ်ပြောချင်တာလည်းပြောရ၊ တယ်လီဖုန်းခကိုတော့ တစ်ဖက်လူက ကျခံခိုင်းတဲ့နည်းလေ။

                    ☼ ☼ ☼ ☼ ☼

    ကျွန်တော့်သူငယ်ချင်းတစ်ယောက် စကားထစ်သည်။ သူပြောတာ နားထောင်ရတာ အတော်စိတ်ရှည်သည်းခံရသည်။ တစ်ခါတစ်လေတော့ သူပြောမယ့်ဟာကို ကိုယ်က ရိပ်မိနေပြီ။ သူက ထစ်နေတုန်း။ ဒီတော့ “မင်းပြောမယ့်ဟာက ဒါမဟုတ်လား”ဟု ကိုယ်ထောက်ပေးရသည်။
    နောက်တော့ ဒီကောင်က နိုင်ငံခြားမှာ အလုပ်သွားလုပ်သည်။ တစ်ခါတစ်ခါလောက် အိမ်ကိုဖုန်းဆက်သည်။ နိုင်ငံခြားမှာက ဖုန်းဆက်လျှင်ကတ်ပြားထည့်ပြီး ဆက်ကြတာ။ ငါးမိနစ်စာ၊ ဆယ်မိနစ်စာ၊ ဆယ့်ငါးမိနစ်စာ စသည်ဖြင့် ၀ယ်လို့ရသည်။ ဒီကောင် ဖုန်းပြောတဲ့အခါ စကားထစ်နေတော့ ဖုန်းပြောချိန်တွေ လိုအပ်တာထက် ပိုပိုကြာကြာသွားတတ်သည်။ ဒီအခါမှ သူ့မိန်းမက-
    “ရှင် ထစ်နေတာ ငါးဒေါ်လာဖိုးလောက်ရှိတယ်။ အဲဒီလိုထစ်နေရင် ခဏခဏဖုန်းမဆက်နဲ့တော့”ဟု ရာဇသံပေးသည်။ ဒီကောင်ကလည်း မိန်းမကို တော်တော်ချစ်တာဆိုတော့ ဖုန်းမဆက်ဘဲမနေနိုင်။ ဒီလိုနဲ့ စကားမထစ်ရအောင် သတိထားပြီး ကြိုးစားလေ့ကျင့်ရသည်။ ခုတော့ ဒီကောင်အိုကေနေပြီ။
    စကားထစ်တာကိုပျောက်ကင်းအောင် ကုသနိုင်သော နည်းလမ်းတစ်ခုပေါ်ပေါက်လာခြင်းအတွက် ၀မ်းမြောက်ဖွယ်ပင် ဖြစ်၏။

                    ☼ ☼ ☼ ☼ ☼

    ဒီအချက်တွေကို သုံးသပ်ကြည့်ပြီးနောက် တစ်ခုသွားတွေးမိပြန်သည်။ ကျွန်တော်တို့ စာရေးဆရာတွေအနေဖြင့် စာနယ်ဇင်းတွေဆီက စာမူခရရှိပုံစနစ်ကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲဖို့ဖြစ်၏။ အရင်လို တစ်ပုဒ်ဘယ်လောက် ဆိုတာမျိုး ပုတ်ပြတ်မဟုတ်ဘဲ ပထမတစ်မျက်နှာ ဘယ်လောက် နောက်ထပ်တစ်မျက်နှာတိုးတိုင်း ဘယ်လောက်ဆိုပြီး ယူနစ်စနစ်နှင့် ယူရကောင်းမလား စဉ်းစားနေမိပါသည်။ ဘယ့်နှယ်ရှိစ ဆရာများ။

-----------------------
မင်းလူ
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း၊
ဇူလိုင်၊ ၂၀၀၃။
copy from https://www.facebook.com/pages/%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B0-%E1%81%80%E1%80%90%E1%81%B1%E1%80%B3%E1%80%90%E1%80%AD%E1%80%AF%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/239107629526297

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis