menu

Sunday 8 September 2013

သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း လျော်ကြေးငွေကို အလွဲသုံးစား မပြုဟု ကျေးရွာအုပ်ချုပ်ရေးမှူးဆို

Photo: သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း လျော်ကြေးငွေကို အလွဲသုံးစား မပြုဟု ကျေးရွာအုပ်ချုပ်ရေးမှူးဆို

တောင်ငူ၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး (အရှေ့) ပိုင်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စု ထုံးဘိုကျေးရွာမှ သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများ အတွက် ပေးလျော်ခဲ့သော လျော်ကြေးငွေကို အလွဲသုံးစား မပြုလုပ်ဘဲ အတိအကျ ပေးလျော်ခဲ့ကြောင်း နဂါးမောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဇော်က ပြောကြားသည်။ 

ယင်းစီမံကိန်းနယ်မြေ အတွင်းရှိ နဂါးမောက်ကျေးရွာမှ အိမ်ထောင်စု ၉၃ စုကို ဇွန်လ ၁၀ ရက်နေ့တွင် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၃၀ ပေးအပ်ရာ၌ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ရရှိသောငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်လည် သိမ်းဆည်းခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ဦးဝင်းအောင်ဇော်က  ငြင်းဆိုသည်။

“ကလေးငယ်တစ်ဦးရရှိတဲ့ ငွေကျပ်သိန်း ၃၀ ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြန်သိမ်းသွားတယ်ဆိုပြီး သတင်းထွက်နေပါတယ်။ ဒါကိုအတိအလင်း ငြင်းပါတယ်။ လုံးဝမမှန်ကန်ပါဘူး။ ပေးတဲ့နေ့ကလည်း ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ကျေးရွာ ရပ်မိရပ်ဖတွေ အပြင် ရွှေ့ပြောင်းခံ ကျေးရွာသားတွေ အကုန်ပါပါတယ်” ဟု ဆက်လက် ပြောကြားသည်။ 

အဆိုပါ နစ်နာကြေး မရရှိသော ကလေးငယ်မှာ ထုံးဘိုကျေးရွာနေ အသက် ၁၃ နှစ် အရွယ်ရှိ မောင်ဇော်ဝင်းမောင်ဖြစ်ပြီး တောင်ငူမြို့ခံ ပါတီတစ်ခုက ရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်တစ်ခုနှင့် ယင်းကို ပြန်လည်ဖော်ပြသည့် စက်တင်ဘာလ ၅ ရက်နေ့ထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာ တစ်စောင်တွင် ကျွန်တော့်ပိုက်ဆံ သိန်းသုံးဆယ် ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ ဟူသော ခေါင်းစဉ်ဖြင့် ပါရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းစာနှင့် ဗီဒီယိုဖိုင်တွင် ကလေးငယ်၏ ပြောကြားချက် များဖြစ်သော“ကျွန်တော့်ကို ကုမ္ပဏီလူကြီးတွေက တခြားလူလိုပဲ သိန်း ၃၀ ပေးခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်လက်နဲ့ သွားယူခဲ့တာပါ။ ဒါကိုရွာလူကြီး ဦးအောင်ထွန်းဝင်းက ဒီငွေတွေ မင်းနဲ့မဆိုင်ဘူး။ လာပြန်ပေးလို့ တောင်းတော့ သိန်း ၃၀ လုံး ပြန်ပေးလိုက်ရတယ်။ သုံးသိန်းကိုတော့ ကျွန်တော့်ကို ပြန်ပေးတယ်” ဟု ထည့်သွင်း ဖော်ပြခဲ့သည်။

အဆိုပါ ငွေကြေးပြဿနာနှင့် ပတ်သက်ပြီး ထုံးဘိုကျေးရွာ ရာအိမ်မှူး ဦးစောဖောထူးကို The Voice က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် နစ်နာကြေး ရရှိသောအိမ်မှာ အိမ်ထောင်စု စာရင်းနှစ်ခု ရှိနေကာ ယင်းကလေးငယ်မှာ အဒေါ်ဖြစ်သူနှင့် အတူနေထိုင်ခြင်းသာ ဖြစ်ပြီး အိမ်ထောင်စုစာရင်းဝင် မဟုတ်သဖြင့် ငွေကြေးကိစ္စနှင့် သက်ဆိုင်ခြင်း မရှိသည့်အတွက် ပြန်လည် သိမ်းဆည်းခဲ့ခြင်းသာ ဖြစ်သည် ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး စီမံကိန်းနယ်မြေနှင့် မလွတ်ကင်းသည့် အတွက် ရွှေ့ပြောင်းခဲ့ရသော တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု ထုံးဘိုကျေးရွာမှ အိမ်ထောင်စုပေါင်း ၉၃ စုအတွက် တစ်အိမ်ထောင် ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၂၇၉၀ ကို စီမံကိန်း ဆောင်ရွက်နေသော ရွှေစွမ်းအင် ကုမ္ပဏီက ပေးလျော်ပေး ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးဝမ်းမောင်က The Voice သို့ ပြောကြားသည်။  

ဇေယျာကို (တောင်ငူ)

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis