menu

Saturday 21 September 2013

ဧရာဝတီတိုင်းဝန်ကြီးချုပ်ပေးတယ် ဆိုတဲ့ ကားပါမစ် ၂ ခု



ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်ထံကနေ ကားပါမစ်တွေ ရရှိခဲ့ကြောင်း ပုသိမ်မြို့နယ် သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သာသနာ့အကျိုးတော်ဆောင်အဖွဲ့က မြန်မာသံတော်ဆင့်ဂျာနယ်ပါ သတင်းတွေနဲ့ပတ်သက်ပြီး ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားအနီးက ၀ိသာခါဓမ္မာရုံမှာ မနေ့က ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဥက္ကဋ္ဌဦးထွန်းဝေက ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်

သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဦးထွန်းဝေရဲ့ ရှင်းချက်

“ကားပါမစ်ကြောင့် ၂၂ သိန်းရတယ်ဆိုတဲ့ကိစ္စ။ ဒါကိုအားလုံးသိအောင် ကျနော်ပြောပါ့မယ်။ ဒီကားဟာ ကျနော်တို့ကို Personal (ကိုယ်ရေးကိုယ်တာကိစ္စ) အရ ပေးတာပါ။
ကျနော်တို့ဘာသာ ရောင်းရောင်း၊ ပေါင်ပေါင်၊ မီးရှို့ရှို့ ဒါက ကျနော်တို့အကြောင်းပါ”


“ဖြစ်နိုင်ရင် ၀န်ကြီးချုပ်ကို တက်မေးလို့ရရင် မေးကြည့်ပါ။ ဦးထွန်းဝေတို့ ဦးတိုင်းအောင် (မြို့နယ်သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ) တို့ကိုပေးတဲ့ကားသည် သာသနာ့ အကျိုးတော်ဆောင်အဖွဲ့အတွက် ပေးတာလား၊ Personal အရ ပေးတာလားဆိုတာ။ တခြား ရတဲ့လူတွေလည်း ရှိပါသေးတယ်။
ကျနော်တို့မှ သီးခြား ရွေးပေးတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒါတွေကို သံတော်ဆင့်ဂျာနယ်က ထပ်တလဲလဲဖော်ပြခြင်းသည် ကျနော်တို့တွေရဲ့စိတ်မှာ အနှောင့်အယှက် ဖြစ်ပါတယ်”လို့ ဦးထွန်းဝေက ပြောပါတယ်။

ဒီကားပါမစ်ကိစ္စကို ပြီးခဲ့တဲ့ဇူလိုင်လ ၆ ရက်နေ့က ထုတ်ဝေခဲ့တဲ့ မြန်မာသံတော်ဆင့်ဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁၇) ရဲ့ “ဧရာဝတီတိုင်းမှအဖြစ်ဆိုးများ သမ္မတကြီးထံတိုင်ကြားထား” ဆိုတဲ့ စာစုမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

MH - 0011 ဆိုတဲ့ ကလောင်နဲ့ရေးတဲ့ အဲဒီစာမှာ ဧရာဝတီတိုင်း ၀န်ကြီးချုပ်က ဆွမ်းလောင်း အသင်း ဥက္ကဋ္ဌ ဦးထွန်းဝေနဲ့ ဒုဥက္ကဋ္ဌ ဦးတိုင်းအောင်တို့ကို ကားပါမစ်တယောက် တစောင်စီပေးအပ်ခဲ့ကြောင်း၊
၎င်းပါမစ်များအား ပြန်ရောင်းရာ ၂၂ သိန်းစီ အမြတ်ရခဲ့ကြောင်း စသဖြင့် ရေးသားဖော်ပြထားပါတယ်။

၂၂ သိန်းအမြတ်ရသည်ဟု ရေးသားခြင်းမှာ မှားယွင်းကြောင်း၊ အမှန်တကယ်က ၂၇ သိန်းခွဲ အမြတ်ရခဲ့ခြင်းဖြစ်ကြောင်း၊
ကားပါမစ်ရသော်လည်း လိုင်စင်မဲ့ကားစီးနေသည်ဟု သံတော်ဆင့်ဂျာနယ်၏ရေးသားချက်မှာ မှားယွင်းနေပြီး ၎င်းအနေဖြင့် လိုင်စင်မဲ့ကား စီးနင်းခြင်းမရှိကြောင်း ဦးထွန်းဝေက ပြောပါတယ်။

ဒါက ကားပါမစ်ကိစ္စနဲ့ပတ်သက်ပြီး မနေ့ကပွဲမှာ ရှင်းလင်းခဲ့တာပါ။

ဆက်လက်ပြီး သာသနာ့အကျိုးတော်ဆောင်အဖွဲ့က ၎င်းတို့ ၀ယ်ယူအသုံးပြုခဲ့တဲ့ လိုင်စင်မဲ့ကားကိစ္စကိုလည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

သံတော်ဆင့်ဂျာနယ်ကတော့ “ဆွမ်းလောင်းအသင်းသုံးရန်အတွက် အဖွဲ့ဝင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်မယူဘဲ စူပါကပ်စတန် လိုင်စင်မဲ့ကားကို မတန်ဈေး သိန်း ၆၀ ဖြင့် ၀ယ်ယူခဲ့ကြောင်း“ဆိုပြီး အတွဲ (၂)၊ အမှတ် (၁၇) မှာ ရေးသားဖော်ပြခဲ့ပါတယ်။
မောင်းထောင်ကျောင်းဆရာတော်ရဲ့ ရှင်းချက်
ကားဝယ်ခဲ့ရာမှာ အဖွဲ့ဝင်တွေရဲ့ သဘောတူညီမှုအရ ၂၀၁၂ ခုနှစ်တုန်းက ၀ယ်ယူခဲ့တာဖြစ်တယ်လို့ ပုသိမ်မြို့နယ် သာသနာ့အကျိုးတော်ဆောင်အဖွဲ့ သြ၀ါဒစရိယ မောင်းထောင်ကျောင်းဆရာတော် ဦးပညာဓိက က မိန့်ကြားပါတယ်။

“ပုသိမ်မြို့ပေါ်မှာရှိတဲ့ဆရာတော်ကြီးတွေက သက်တော်ရွယ်တော်တွေကကြီး၊ အဲဒီတုန်းက ကားတွေကလည်း မရှိကြဘူး။
ပင့်ရတဲ့အခါကျတော့ ကားငှားပြီးပင့်ရတယ်။ ကားတစီးနဲ့ တမြို့လုံး လှည့်ပင့်ရတဲ့အခါကျတော့ အချိန်မီအခါမီ မကြွနိုင်ဘူး။ အခက်အခဲတွေဖြစ်တယ်။
အဲဒီအခါမှာ ဆွမ်းလောင်းအသင်းကလူတွေက ကားတစီးလိုချင်တယ်။ အဲဒါနဲ့ ရွေမုဋ္ဌောမှာ ဘုရားဖူးလာတဲ့ကားကို စပ်ဟပ်ပြီး ၀ယ်ဖြစ်သွားတယ်။
ဝယ်ရာမှာလည်း အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့ ၀ယ်ခဲ့ကြတာပါ”

“၀ယ်ပြီးတော့လည်း ဆရာတော်တွေပဲ စီးတာပါ။ သတင်းထဲမှာတော့ ဥက္ကဋ္ဌနဲ့ ဒု ဥက္ကဋ္ဌက ဒရိုင်ဘာငှားပြီးတော့ ကိုယ်ကျိုးအတွက်သုံးပြီးစီးတယ်လို့ ပါနေတယ်။
သူတို့က ကိုယ်တိုင် ကားရှိတဲ့လူတွေပါ။ ဘယ်သူမှစီးတာ မဟုတ်ဘူး။ အခု ဒီကားကို သက်ဆိုင်ရာကို ပြန်အပ်ထားတာ ၁ ပတ်လောက်ရှိပြီ” လို့ တိုင်းရွှေကျင်ဂိုဏ်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ မောင်းထောင်ကျောင်းတိုက် ဆရာတော်က မိန့်ကြားပါတယ်။
လိုင်စင်မဲ့

ရှင်းလင်းပွဲမှာပြောဆိုချက်များအရ ပုသိမ်မြို့နယ် သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဟာ လိုင်စင်မဲ့ စူပါကပ်စတန်ကားကို အချိန် ၁ နှစ်ခွဲကျော်ကြာအောင် စီးနင်းအသုံးပြုခဲ့တယ်လို့ သဘောပေါက်ရပါတယ်။

ရှင်းလင်းပွဲကို ပုသိမ်မြို့က ဆရာတော်ကြီးတွေနဲ့မီဒီယာတွေကိုဖိတ်တုန်းက ဆွမ်းလောင်းအသင်းရဲ့ လုပ်ငန်းစဉ်တွေတင်ပြပြီး ဆရာတော်ကြီးတွေရဲ့သြ၀ါဒခံယူပွဲလို့ ခေါင်းစဉ်တပ်
ဖိတ်ကြားခဲ့ပေမယ့် ဟိုရောက်မှ သံတော်ဆင့်ဂျာနယ်ပါသတင်းတွေကို ရှင်းလင်းတဲ့ပွဲပုံစံမျိုး လုပ်ဆောင်သွားခဲ့ပါတယ်။
မီဒီယာသမားတဦးရဲ့ ရှင်းချက်
ရှင်းလင်းပွဲအစပိုင်းမှာ ဆရာတော်တချို့၊ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ တာဝန်ရှိသူတချို့နဲ့ မြို့မိမြို့ဖတချို့က သံတော်ဆင့်အပါအ၀င် မီဒီယာတွေအပေါ် အပြစ်တင်တာ၊ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆွမ်းလောင်းအသင်းနဲ့ ပတ်သက်လို့ ဆရာတော်တွေ၊ ကာယကံရှင်တွေနဲ့ မြို့မိမြို့ဖတွေ တွေ့ဆုံပြီး အားလုံးရှင်းလင်း ပြေလည်သွားပြီဆိုတဲ့သတင်းကို သံတော်ဆင့်အပါအ၀င် တခြားမီဒီယာတွေကပါ ပြန်လည်ရေးသားဖော်ပြပေးရမယ်ဆိုပြီး ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ခုလို မီဒီယာကျင့်ဝတ်ကို နားမလည်ဘဲ ဖိအားပေး သတင်းထည့်ခိုင်းတာမျိုးတွေ မလုပ်သင့်ကြောင်း မြို့ခံသတင်းသမားတွေက ဝေဖန်ပြောဆိုကြပါတယ်။

“မနေ့ကလုပ်သွားတဲ့ပွဲက မြို့ခံဆရာတော်ကြီးတွေ၊ မြို့မိမြို့ဖတွေရှေ့မှာ မီဒီယာကိုခေါ်ပြီး ဆူပူကြိမ်းမောင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
ပွဲလုပ်ဆောင်သူတွေအနေနဲ့ မီဒီယာရဲ့တာဝန်နဲ့ အခန်းကဏ္ဍကိုနားမလည်ဘဲနဲ့ ကိုယ့်စိတ်ထင်ရာ ပြောဆိုတာတွေက မသင့်တော်ပါဘူး။
အဓိကက ကိုယ့်အားနည်းချက်ကို အားနည်းချက်မှန်း မသိဘဲနဲ့ မီဒီယာက ထောက်ပြတဲ့ အချိန်မှာ ဆရာတော်ကြီးတွေ မြို့မိမြို့ဖတွေဝိတ်ကိုသုံးပြီး မီဒီယာကို ဖိနှိပ်တယ်လို့ မြင်မိတယ်”လို့ Daily Eleven နေ့စဉ်သတင်းစာက သထင်းထောက်ကိုသက်ဆွေက ပြောပါတယ်။

ရှင်းလင်းပွဲကို ပုသိမ်မြို့မှာရှိတဲ့ အထင်ကရ ဘုန်းကြီးကျောင်းတိုက်တွေက ဆရာတော်ကြီး ၁၆ ပါး ကြွရောက်ခဲ့ပြီး
မြို့မိမြို့ဖတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ အပါအ၀င် လူပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

http://blog.irrawaddy.org/2013/09/blog-post_6714.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis