menu

Saturday 31 August 2013

တောင်ဥက္ကလာပ မြို့နယ်တွင် ကြေးစားငှားပြီး အမျိုးသမီး တစ်ဦး၏ မျက်နှာကို ဓားဖြင့်ခြစ်ခဲ့ သူများကို ဖမ်းဆီးရမိ

8.1.1
အမျိုးသမီးတစ်ဦး၏ မျက်နှာအား ဓားဖြင့်ခြစ်ခဲ့မှုအတွက် ဖမ်းဆီးထားသူများကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပ မြို့နယ်တွင် ပုဂ္ဂိုလ်ရေး ရန်ငြိုးကြောင့် ကြေးစားငှားပြီး အမျိုးသမီး တစ်ဦး၏ မျက်နှာကို ဓားဖြင့်ခြစ်ခဲ့သော ဖြစ်စဉ်တွင် ကျူးလွန်သူ ငါးဦးကို ၂၉ ရက်တွင် ဖမ်းဆီးရမိ ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၆ ရပ်ကွက် မွန်းလွဲ ၂ နာရီခန့်တွင် ဓားဖြင့်ခြစ်ခံရသူ အမျိုးသမီးမှာ အ.ထ.က (၃) ကျောင်းသို့ ကျောင်းသွားကြိုရန် ဆိုက်ကားဖြင့်သွားစဉ် တောင်ဥက္ကလာပမြို့နယ် ၁၀ ရပ်ကွက် အဿလမ်းနှင့် ၂၅ လမ်းထိပ်၌ ယင်းအမျိုးသမီး၏ မျက်နှာကို အမည်မသိ အမျိုးသားနှစ်ဦးက ဓားဖြင့် အကြမ်းဖက် လှီးသွားခဲ့သည်။ ယင်းနောက် ကျူးလွန်သူများမှာ ထွက်ပြေးသွားပြီး ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်သွားခြင်း မရှိကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရခြင်း အကြောင်းရင်းမှာ ဒဏ်ရာရရှိသူ အမျိုးသမီး၏ အိမ်နှင့် ဘေးချင်းကပ်ရပ် အိမ်တွင်နေထိုင်သည့် မြေပဲယိုလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား လှဌေးတို့မှာ မုန့်လုပ်စဉ် ညှော်နံ့ထွက်မှုနှင့် ပတ်သက်၍ မကြာခဏ စကားများ ရသည့်အကြောင်း၊ ယင်းအတွက် လှဌေးမှာ မကျေမနပ်ဖြစ်ကာ ထိုအမျိုးသမီး၏ မျက်နှာကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် ပြုလုပ်ရန်အတွက် ယခင်ထောင်ကျဖူးသူ နှစ်ဦးဖြစ်သည့် လှတိုးနှင့် ဟိန်းမင်းလတ် (ခ)အောင်အောင်တို့ကို ငွေကျပ် ငါးသိန်းပေး၍ ငှားရမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ငှားရမ်းခဲ့သူ နှစ်ဦးမှာ ကိုယ်တိုင်ကျူးလွန်ခြင်း မရှိဘဲ ထပ်မံ၍ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့တွင် နေထိုင်သည့် ဇော်ကြီးနှင် မိုးသူတို့ကို ငွေကျပ် ၄၅၀၀၀ ပေးကာ ပြုလုပ်ခိုင်းကြောင်း သိရပြီး ကျူးလွန်သူ ငါးဦးကို ဒလမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
''အန်တီကို အခုလို ကျူးလွန်ဖို့လူငှားပြီးခိုင်းတာပါ။ ခိုင်းတဲ့ သူကလည်း အန်တီအိမ်နဲ့ ဘေးချင်းကပ်ရပ်နေတာ သူနဲ့ကြီးကြီးမားမား စကားများတာမျိုးတော့ မရှိပါဘူး။ သူတို့အလုပ်က အညှော်များတဲ့ အတွက် အချိန်လေးနဲ့လုပ်ဖို့ ရပ်ကွက်ရုံးမှာ ခေါ်ပြောဖူးတယ်။ အဲ့ဒီလို အကြောင်းအရာကို အငြိုးထားပြီး အန်တီကို အခုလိုဖြစ်အောင် ခိုင်းတယ်။ ခိုင်းတော့လည်း ဘာသာမတူတဲ့ လူတွေကို ခေါ်ခိုင်းတယ်။ သူတို့ရဲ့ အကြံက မြန်မာအမျိုးသမီးကို တခြားဘာသာဝင် အခုလို လုပ်တယ်ဆိုပြီး ဆူပူအောင်ပေါ့။ ဆူပူရင် ခိုင်းတဲ့သူက ပျောက်သွားမယ်။ လူမျိုးရေးဘက်ကို ဦးတည်ပြီး အန်တီကို ကြိုတင်ကြံစည်မှုနဲ့ လုပ်တာပါ'' ဟု ကျူးလွန်ခံရသူ ဒေါ်ချိုချိုဝင်းက သြဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုသို့ အကြမ်းဖက် ကျူးလွန်ခဲ့သည့် အတွက် အမျိုးသမီး၏ ယာဘက်ပါးတွင် မျက်ခွံမှ လည်ပင်းအနီးထိ စံပြဆေးရုံတွင် ၁၆ ချက် ချုပ်ရကြောင်း အဆိုပါ အမျိုးသမီး၏ ပြောပြချက်အရ သိရသည်။ ''ကျူးလွန်သူရဲ့ ပုံသဏ္ဌန်ကို တရားလိုကို သေသေချာချာ မေးမြန်းပြီးတော့ တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေ ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ကျူးလွန်သူ တစ်ဦးကို အရင်ဖမ်းမိပြီး ၎င်းကနေတစ်ဆင့် ကျန်ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်။ သူတို့ကလည်း ကျူးလွန်ကြောင်း ၀န်ခံတယ်။ ကျူးလွန်ရာမှာသုံးတဲ့ ခဲချွန်ဓားကိုလည်း သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းထားပါတယ်။ ဆက်လက်ပြီးတော့ ကျူးလွန်တဲ့ သူတွေကို ဥပဒေ အကြံဉာဏ် တောင်းခံပြီး တရားစွဲဆို သွားမှာပါ'' ဟု တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းကျော်က သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

The Daily Eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis