menu

Saturday 31 August 2013

အခြေခံဥပဒေ ပြင်ဆင်ရေးသည် မိမိသမ္မတဖြစ်ရေးနှင့် မဆိုင်ဘဲ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီ သောကြောင့်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    Created on Saturday, 31 August 2013 03:30 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မိမိသမ္မတ ဖြစ်ရေးမဖြစ်ရေးနှင့် မသက်ဆိုင်ဘဲ ဥပဒေသည် ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီ သောကြောင့်သာ ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ် ၃၀ ရက်က ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ဖို့လိုတဲ့ ဥပဒေတစ်ခုလို့ အမြဲတမ်း ပြောခဲ့တယ်။ အန်တီသမ္မတဖြစ်ရေး မဖြစ်ရေးက သတ်သတ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့ မကိုက်ညီလို့ ပြင်ကိုပြင်ရမယ်လို့ ပြောတာ။ ဖြစ်အောင်ပြင်ရမှာပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူများ သိရှိနားလည်နိုင်ရန် အတွက် အသိပညာ ပေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င် ၁၀၉ ဦးဖြင့် ဇူလိုင် ၂၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်းခဲ့သည်။

ထိုသို့ ဖွဲ့စည်းပြီးနောက် သြဂုတ် ၂၃ ရက် တွင် ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်ရုံး အမှတ် ၂၀ တွင် ပြုလုပ်ကြောင်း၊ ကော်မတီအနေဖြင့် လေ့လာသုံးသပ် တွေ့ရှိချက်များကို ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်ရွေး ကောက်ပွဲမတိုင်မီ မည်မျှအထိ ဆောင်ရွက်နိုင်မည် ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆောင်ရွက်ချက်အပြင် အုပ်ချုပ်ရေး အဖွဲ့၏ ပူးပေါင်းပါဝင်မှု အပေါ်လည်း မူတည်ကြောင်း ပြောကြားခဲ့သည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 31-8-2013 
https://www.facebook.com/excellencemedia

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis