menu

Saturday 31 August 2013

သမိုင်းမှာ မသေတော့သော ဆရာ့အတွက် အလွမ်းပြေ

Photo: သမိုင်းမှာ မသေတော့သော ဆရာ့အတွက် အလွမ်းပြေ
===============================

(၁)

ငြိမ်းချမ်းရေးကို ချစ်သော၊ တိုင်း ပြည်ငြိမ်းချမ်းရေး ရတာကို မြင်ချင် လွန်းလှသော ဆရာဒဂုန်တာရာ ကွယ် လွန်သွားခဲ့ပါပြီ။ ၂ဝ၁၃၊ သြဂုတ်လ ၁၉ ရက်၊ တနင်္လာနေ့၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ဟုသိရသည်။ ကွယ်လွန်ချိန် တွင် အသက် ၉၅ နှစ်အတွင်းမှာ။ ‘ငါမသေခင် တိုင်းပြည်ငြိမ်း ချမ်းရေးရတာ မြင်သွားချင်တယ်’ဟု ပြောခဲ့ သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း လည်း ၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ပြီးနောက်တစ်နှစ် ၁၉၆၄ တွင် ကွယ်လွန်ခဲ့သည်။ ပြည် တွင်းငြိမ်း ချမ်းရေး ကို မြင်မသွားခဲ့ရ။

ဆရာဒဂုန်တာရာကလည်း သခင် ကိုယ်တော်မှိုင်း၏ ငြိမ်းချမ်းရေးတပည့် ပီသစွာပင် ဘဝတစ်လျှောက်လုံးတွင် ငြိမ်းချမ်းရေးစကားတွေ ပြော၍ ငြိမ်း ချမ်းရေးစာတွေ ကို ရေးကာ ငြိမ်းချမ်း ရေးအလံကို မလွှတ်တမ်း ဆက်၍ ကိုင် ခဲ့သည်။ တိုင်းပြည်က ငြိမ်းချမ်းရေးရ မလိုလို သောင်မတင်ရေမကျ ကာလ၊ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက် မှတ်ရေးထိုး၍ မင်မခြောက် ခင်မှာပင် သေနတ်သံတွေ ကြိုကြားကြိုကြား ပြန် ကြားနေရဆဲကာလမှာပင် တိုင်းပြည် ငြိမ်းချမ်းလာဦးမည့် ခေတ်သစ်တစ် ခေတ်ကို စိတ်ကူးထဲမှာ မှန်းမျှော်တမ်း တရင်း သူချစ်သောသာမိုင်းခမ်း၊ ရာသီ ဥတုအေးချမ်းသော အောင်ပန်းမြို့ ကလေးတွင် ကွယ်လွန်သွား ခဲ့ပါပြီ။ဆရာဒဂုန်တာရာလည်း တိုင်းပြည်ငြိမ်းချမ်းရေးရ တာကို မြင်မသွားခဲ့ရပါ။

(၂)

ဆရာ ကွယ်လွန်သည့် သတင်းကို ထိုနေ့ညနေပိုင်းတွင် ကြားသိရပြီး ရန် ကုန်နှင့် မန္တလေးမှ ဆရာ့ကို လေးစား ချစ်ခင်သူတွေက ထိုနေ့ညနေပိုင်းက တည်းက ပင် အောင် ပန်းမြို့ဆီသို့ တက် သွားကြပြီဆိုသော သတင်းကို လည်း ရ သည်။ ညပိုင်းလွှင့်သော ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဘီဘီစီ သတင်းတွေ နားထောင်ချိန် တွင် ဈာပ နနှင့် ပတ် သက်သော ဆရာ့တူမ ဒေါ်မြင့်မြင့်စိန် (သင်းမြစန္ဒီ) ၏ သဘောဆန္ဒကိုလည်း ကြားရသည်။ ၁၉၈ဝ လွန်နှစ်၊ မှော်ဘီ ဘောလုံးစက်ရုံတွင် သူနာပြု ဆရာမ လုပ်နေသော ကာလကကတည်းက ဆရာ ဒဂုန်တာရာကို စောင့်ရှောက် ခဲ့ သော တူမ၏ ဆန္ဒကိုတော့ ကျန်ပုဂ္ဂိုလ် များက အလေးထားကြဖို့ လိုမည် ထင် သည်။ အလေးလည်း ထားခဲ့ကြပုံရ သည်။ ဆရာ၏ နောက်ဆုံး လဲလျောင်း ရာနေရာသည်အောင်ပန်းမြို့မှာ ရှိသော ဆရာ့လိမ္မော်ခြံ ထဲမှာဖြစ်သည်ဟု ထိုည မှာကတည်းက ကြားခဲ့ရသည်။ ငြိမ်းချမ်းရေးရတာကို မမြင်သွားခဲ့ရသော်လည်း အေးချမ်းသော မြို့ကလေးမှာ အေး ဆေး ငြိမ်သက်စွာ လဲလျောင်းသွားခဲ့ပါပြီ။

(၃)
ဆရာကွယ်လွန်သော သြဂုတ်လ ၁၉ ရက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ပါပဲ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈၊ ၁၉ နှင့် ၂ဝ ရက်တွေတုန်းက ဆရာ့ကို မှတ်တမ်းရုပ်ရှင် (Documentary) ရိုက်ခဲ့ကြတာ ကို ပြန်၍သတိရသည်။ ဒါရိုက်တာ ချိုတူးဇော်နှင့် မဝေမာညွန့်တို့က ဆရာ့ကိုမှတ်တမ်းရုပ်ရှင် သွားရိုက်မည်ဟု ပြောတော့ ကျွန်တော်က အားပေးသည်။ မေးသင့် သည့် မေးခွန်းတွေရေးပေးဖို့ ကိုချိုတူးဇော်က ပြောပြီး နောက်တစ် ရက်မှာ ချိန်းသည်။ ချိန်းသည့်နေ့တွင် ကိုဌေးလွင် (ထွန်းဇော်ဌေး) နှင့် ကျွန်တော်က ဆရာ့ကို မေးသင့်သည့်မေးခွန်းတွေ ရေးထားသော စာရွက်တွေကို ပေး သည်။ ကိုချိုတူးဇော်က သူတို့သွား ကြမည့် မူလအစီအစဉ်ကို ဖျက်လိုက်ကြောင်းနှင့် ကျွန်တော်နှင့် ကိုဌေးလွင်ကို လိုက်ခဲ့စေချင်ကြောင်း ပြောသည်။

ကိုဌေးလွင်က မအားလပ်သဖြင့် ကျွန်တော့်ကို လိုက်ခဲ့ဖို့ အတင်းခေါ်သည်။ ကျွန်တော်ကလည်း လိုက်၍ရနိုင်သော အခြေအနေကြောင့် သဘောတူ လိုက်သည်။ သြဂုတ် လ ၁၇ ရက်တွင် ရန်ကုန်မှ ထွက်၍ ၁၈ ရက်နံနက်တွင် အောင်ပန်းသို့ ရောက်သည်။ မနက်မိုးမလင်းခင်မှာပင် ဆရာ့အိမ်ရှေ့သို့ ရောက်သည်။ ကိုချိုတူးဇော်က ကြိုတင် အကြောင်းကြားပြီး သဘောတူချက် ယူထားသဖြင့် ဆရာမဒေါ်မြင့်မြင့်စိန်က အိမ်တံခါးဖွင့်ပေးပြီး တစ်ရေးအိပ်ဖို့ စီစဉ်ပေးသည်။

ကျွန်တော်နှင့် ကိုချိုတူးဇော်တို့ အိပ်ရာမှနိုးပြီး အောက်ထပ်သို့ ဆင်းချိန်တွင် မဝေမာညွန့်က ဗီဒီယိုကင်မရာတစ်လုံးဖြင့် အလုပ်စလုပ်နေတာ ကို တွေ့ရသည်။ ခဏေ နတော့ ကိုချိုတူးဇော်နှင့် ကျွန်တော်က ဆရာ့အခန်းထဲ သို့သွားပြီး ဆရာ့ကို နှုတ်ဆက်စကား ပြောသည်။ ကျွန်တော့်နာမည်ကို ပြောတော့ ဆရာက အံ့သြပြီး ”ခင်ဗျားပါ လာလိမ့်မယ်မထင်ဘူး” ဟု ပြောသည်။ ကျွန်တော်က သူတို့အ တင်းခေါ်သဖြင့် ပါလာခြင်း ဖြစ်ကြောင်းရှင်းပြတော့ ဆရာက ပြုံးပြသည်။ ထိုအချိန်တွင် ဆရာ့အ သက်က ၉၃ နှစ်ထဲ ရောက်နေပါပြီ။ ဆရာ့အကြောင်းကို သိသူတွေကတော့ ဆရာ့မျက်စိ မမြင်ရတာ ကြာပြီဆိုတာ သိသည်။ အဲဒီတုန်းက တွဲပြီးလမ်းလျှောက် လျှင် ခြေဖဝါး (ဖိနပ်) က ကြမ်းပြင်ပေါ်မှာ လျှပ်တိုက်ပြီးတော့ တုံ့ဆိုင်းစွာ လျှောက်နို င်တုန်းရှိသေးသည်။ ကိုချိုတူးဇော်နှင့်လည်း ယခင်ကတည်းက စကား ပြောခဲ့ဖူးပုံရသည်။ ရင်းရင်းနှီးနှီး ရှိသည်။

(၄)

ထိုနေ့ (သြဂုတ်၊ ၁၈) နံနက် ၁ဝ နာရီလောက်တွင် ကိုချိုတူးဇော်နှင့် ကျွန်တော်က ဆရာ့ကိုသိချင်တာတွေ မေးသည်။ မဝေမာညွန့်က ဗီဒီယိုရိုက်သည်။ ဆရာ့ငယ်ဘဝကို စမေးကြည့် တော့ ဆရာ့စကားတွေ ငယ်ဘဝအကြောင်းကို ပြောနေရင်း ဟိုရောက်  ဒီရောက် ရောက်သွားသည်။ ထိုအခါ ကျွန်တော်က မေးခွန်း လမ်းကြောင်း ပြောင်းရ သည်။ အစဉ်လိုက် မေးတာမျိုး မလုပ်တော့ဘဲ သိချင်သောအကွက်တွေ ကို မေးသည်။ သိချင်သောသဘောထား အမြင်တွေကို တည်ပြီးမေးသည်။ ထိုအခါ အမေးအဖြေ ပုံစံမပေါက်တော့ ဘဲ ဆွေးနွေးပြောဆိုနေသော အခြေအနေမျိုး ရလာသည်။

ရဲခေါင်၏ ချစ်တငွေ့ငွေ့ဝတ္ထုကို ဆရာက အမှာစာရေးပေးဖူးသည်။ ကျွန်တော်က ‘ရဲခေါင်ဆိုတာ မင်းလတ်ရဲခေါင်လား’ ဟု မေးသောအခါ ”ဟုတ်တယ်” ဟုပြောပြီး မင်းလတ်ရဲခေါင်နှင့် သူနှင့် ရင်းနှီးဆက်စပ်ခဲ့ ပုံတွေကို ဆရာ ကပြောသည်။ ချက်ကိုစလိုဗက်ကီးယား နိုင်ငံမှာ ဘာသာဗေဒ လေ့လာသည့် အကြောင်း၊ တော်သည့် အကြောင်းတွေ ရောက်သွားသည်။ ဆရာ့စကားစ ခဏ ရပ်သည့်အချိန်တွင် ဗီဒီယိုရိုက်နေသော မဝေမာညွန့်က ယခုချက်နိုင်ငံတွင် မင်း လတ်ရဲခေါင်၏ သားရှိကြောင်း ဝင်ပြော ပြသည်။ ထိုအခါ ဆရာက ‘ဟုတ်လား’ ဟုပြောရင်း သူသိချင်တာတွေကို မဝေမာညွန့်ကိုလှမ်းမေးသည်။ ဆရာမေးတာကို မဝေမာညွန့်ကလည်း ဗီဒီယိုရိုက်နေ ရင်းမှ ဖြေသည်။ ကိုချိုတူးဇော်က ဝင်ပြောတာ ဝင်မေးတာရှိသည်။ ကျွန်တော်က မေးရင်းပြောတာလည်းရှိ သည်။ ဆရာကဖြေနေရင်းမှ သိချင်တာ တွေ ကို မေးတာရှိ သည်။

ထိုနေ့နံနက်က စကားဝိုင်းတွင်ပြောရင်း ဆိုရင်းမှာပဲ စကားပြောသလို စာရေးခြင်း (အပြောစကားပြေ) ကို ဆရာက လက်မခံသူဖြစ်ကြောင်း သိလိုက်ရသည်။ ဤသဘော ထားကို ဆရာ ရေးခဲ့ဖူးသလား ကျွန်တော် မမှတ်မိ။ ဆရာက ဘာကြောင့် လက်မခံရတာလဲ ဆိုတာ ကို မေးကြည့်သောအခါ ဤရေးဟန်က စကားပြေ၏ အလှကို မဖော်ပြ နိုင်သောကြောင့်ဟု ဖြေသည်။ စာရေးဟန်ကိစ္စနှင့်ပတ်သက်၍ ဆရာက လက်မခံသော်လည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်သော သဘောထားမျိုး မဟုတ်ကြောင်း ကိုပါ ဆွေးနွေး ရင်းသိခဲ့ရသည်။

(၅)

သြဂုတ်လ ၁၉ ရက်မှာလည်း မဝေမာညွန့်က သူ့ရိုက်ကူးရေးကို ဆက်လုပ်သည်။ ကိုချိုတူးဇော်နှင့် ညှိနှိုင်းထားသော အစီအစဉ်အတိုင်း လုပ်သည်ဟု ဆိုသည်။ ဆရာအိပ်ရာနိုးချိန်တွင် ဒေါ်မြင့်မြင့်စိန်က တီဗီလိုင်းဖြင့် ဗွီအိုအေဖွင့်ပေးထားတာကို အိပ်ရာထဲမှ နားထောင်နေတာ ကစပြီး ထမင်းစားချိန်၊ ထမင်းစားပြီး တစ်ရေး အိပ်ချိန်၊ အိပ်ရာနိုးပြီး အိပ်ခန်းမှ အပြင်ခန်းသို့ ဒေါ်မြင့်မြင့်စိန်က တွဲခေါ်လာချိန်၊ နံနက်ပိုင်း အဆာပြေစားတာ၊ ညပိုင်းနိုင်ငံခြားသတင်းဌာနများမှ လွှင့်သောသတင်း များကို နားေ ထာင်နေတာ၊ အပြင်မှ ဖုန်းဆက်သဖြင့် လက်ခံဖြေ (ပြော) နေတာ…စသဖြင့် မှတ်တမ်း ရုပ်ရှင်သမားပီသစွာ မှတ်တမ်း တင်နေခြင်းကို သတိထားမိသည်။

ထိုနေ့က ကျွန်တော်မြို့ထဲဘက်မှ အိမ်ပြန်ရောက်ချိန်တွင် ဆရာ့အခန်းထဲ သို့ဝင်သွားသောအခါ ပြတင်းပေါက်တွေ ဖွင့်ထားတာကို မြင်လိုက်ရသည်။ ဆရာ က အခန်းထဲမှာ ရှိသော ကီးဘုတ်မှာထိုင်ပြီး အသံစမ်းနေတာ ကို မြင်ရကြားရသည်။ မဝေမာညွန့်က ပြတင်းပေါက် အပြင်ဘက်မှနေ၍ ဆရာကီးဘုတ်တီးနေပုံကို မှတ်တမ်း တင်နေသည်။ ကျွန် တော်က ဆရာ့အနားမှာရပ်ပြီး လှမ်းကြည့်နေရင်း စိတ်ကူးထဲပေါ်လာတာကို လှမ်းမေးသည်။

”ဆရာ၊ ဂျပန်ခေတ်တုန်းက ရွှေ တောင်ကြားအိမ်တွေမှာ ဆရာတို့ နေ ကြတော့ ကိုအောင်ဆန်းနဲ့ကိုသန်းထွန်း တို့က ဆရာ့ကို တီးခိုင်းကြတဲ့ သီချင်းတွေရှိတယ်လို့ ရုပ်ပုံလွှာထဲမှာ ဆရာရေးဖူးတယ်။ ကိုအောင်ဆန်းက ‘ကဉ္ဇန’ သီချင်းကို တီးခိုင်းဖူးပြီး ကိုသန်းထွန်း က ‘သက်ဝေ’ သီချင်းကို ကြိုက်တယ် ဆိုတာလေ”

”အင်း…ဟုတ်တယ်။ ကျွန် တော် ရေးဖူးတယ်”
ဆရာ့လက်နှစ်ဖက်က ကီးဘုတ်၏ ခလုတ်တွေပေါ်မှာ တင်ထားရင်း မျက်နှာက ခပ်ငေးငေးလုပ်ကာ ဖြေသည်။ အတိတ်သို့ ဖျတ်ခနဲ ပြန်ရောက်သွားသည်လား မပြောတတ်။

”ဆရာ၊ ကဉ္ဇနသီချင်းလေးတီးပြပါလား”

ဆရာက ”တီးကြည့်တာပေါ့” ဟု ပြောပြီးလက်တွေက ခလုတ်တွေပေါ်မှာ လှုပ်ရှားပြေးလွှားတော့ ဂီတသံတွေ ထွက်လာသည်။ ဆရာတီးနေရင်းမှာပဲ အသံတွေက ထပ်တာ၊ တန့်သွားတာ တွေရှိသည်။ ခဏလေးပဲ ကြာသည်။ ဂီတသံက ရပ်သွားသည်။

”အေးဗျာ၊ မတီးတာကြာတော့ တီးလို့မရဘူးဖြစ်နေတယ်”

ဆရာ့အသံက သူတီးချင်သလိုတီး၍မရသောကြောင့် စိတ်မရှည်သော သဘောပါသည်။ ကျွန်တော်က မဝေမာညွန့်ကို လှမ်းကြည့်တော့ သူက ကင်မရာကို ချိန်ရိုက်နေရင်းမှ ကျွန်တော့်ကို ပြုံးပြသည်။ ဆက်လုပ်ဆိုသော သဘော ဖြစ်မည်။

”ဆရာ၊ သခင်သန်းထွန်းကလည်း ဆရာ့ကို ‘သက်ဝေ’ သီချင်းတီးခိုင်းလေ့ ရှိတယ်ထင်တယ်”
”ဟုတ်တယ်ဗျ၊ ကိုသန်းထွန်းက အဲဒီသီချင်းကို အတော်ကြိုက်တာ”
ဘေးနားမှာ ရပ်နေသော ကျွန်တော်က ဆရာ့မျက်နှာကို လှမ်းကြည့်မိသည်။ မျက်နှာပေါ်မှာ အပြုံးစခပ်ပါးပါးကို လှမ်းမြင်ရသည်။

”ဆရာ၊ အဲဒီသက်ဝေ သီချင်းလေးလည်း နည်းနည်းလောက် တီးပြပါလား”

ဒီတစ်ခါတော့ ဆရာက ဘာမှ ပြန်မပြောဘဲ ကီးဘုတ်ခလုတ်တွေ ပေါ်မှာ သူ့လက်တွေကို ဆော့ကစား လိုက်သည်။ အခန်းလေးထဲမှာ ဂီတရနံ့ တွေ သင်းပျံ့လာချေပြီ။ ကီးဘုတ်အသံက စန္ဒရားလို မနွဲ့ဘဲ မာတောင့်တောင့် ဖြစ်နေသလို ခံစားရသည်။ ဂီတသံတွေ ကြားနေရင်းမှာပဲ အသံတစ်သံကို နှစ်ခါသုံးခါ နှိပ်ရင်း ရပ်သွားပြန်သည်။

”အေးဗျာ၊ မတီးတာကြာတော့ တီးလို့မရဘူးဗျ၊ အမှန်ကတော့ တစ်လလောက် ပြန်လေ့ကျင့်ပြီးတော့မှ အဆင်ပြေမှာ”

ဆရာက အခုန ”ကဉ္ဇန” တီး တုန်းကလိုပင် သူတီးချင်သလို အသံမျိုးမရသဖြင့် စိတ်ပျက်ပြီး ရပ်သွားခြင်း ဖြစ်သည်။ ကျွန်တော်က ဆရာ့ကို ထပ်မတောင်းဆိုတော့ဘဲ အဲဒီ
(ဂျပန်ခေတ်တုန်းက) အကြောင်းတွေကို စကားစမိသည်။ ဆရာကလည်း ကီးဘုတ်ကို ထပ်တီးချင်ပုံမရတော့ဘဲ ကျွန်တော်နှင့် စကားစ ဆက်မိသွားပြန်သည်။ မဝေမာညွန့်ကတော့ ပြတင်းပေါက်အပြင်မှ ဝင်လာသော အလင်းရောင်က ဆရာ့မျက်နှာမှာပေါ်ဖြာ ကျနေသော မြင်ကွင်းနှင့် ဆရာ့ဟန်ပန်တွေ ကို မှတ်တမ်းတင်နေတုန်း။

(၆)

သြဂုတ်လ ၂ဝ ရက်နေ့ ညနေ ၃ နာရီလောက် (ကားဂိတ်သို့ မဆင်းခင်အထိ) မဝေမာညွန့်က မှတ်တမ်းတင်နေခဲ့သည်။ ဆရာနားနေသောအချိန်မျိုးတွင် ကိုချိုတူးဇော်နှင့် မဝေမာညွန့် က အောင်ပန်းမြို့ထဲနှင့် မြို့ပြင်ရှုခင်း၊ မြင်ကွင်းတွေကိုပါ သွားရိုက်ကြသည်။ တစ်ခါတလေ ကျွန်တော်လည်း ပါသည်။ ရိုက်ကူးချိန် နာရီ ၃ဝ ကျော်လောက် ရှိ မည်ထင်သည်။ အောင်ပန်းက ပြန်လာပြီး သုံးရက်လောက်ကြာတော့ ကိုချိုတူးဇော်က အမေရိကားသို့ သုံးလခရီးထွက်သွားတာ အခုထိ ပြန်မရောက်လာတော့ပါ။ မဝေမာညွန့်ကတော့ ချက်နိုင်ငံတွင်မှတ်တမ်းရုပ်ရှင် (မဟာဝိဇ္ဇာ M.A ထင်သည်) တက်ဖို့ထွက်သွားသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကာလတွင် ပြန်လာသဖြင့် ကျွန်ေ တ်ာနှင့် တွေ့လိုက်သေးသည်။ ဆရာ့ကို ရိုက်ထားသော  အခွေတွေကိုတည်းဖြတ်ဖို့ ကိုချိုတူးဇော်ထံသို့ ပို့ထားသည်ဟု ပြောသည်။ ပြီးတော့ ချက်နိုင်ငံသို့ ကျောင်း တက် ဖို့ ပြန်ထွက်သွားသည်။ ယခု ပြန်ရောက်နေ ပြီလားဆိုတာကိုတော့ မသိပါ။

(၇)

တိုင်းပြည်ငြိမ်းချမ်းရေးမရခင်မှာ ဆရာ ဒဂုန်တာရာကွယ်လွန်သွားခဲ့ပြန် ပါပြီ။ ၂ဝ၁၁၊ သြဂုတ်လတုန်းက ရိုက်ထားခဲ့သော ထိုမှတ်တမ်းကို မကြာမီ ကာလတစ်ခုတွင် ကြည့်ခွင့်ရနိုင်မည် ဆိုလျှင် ဆရာ့ကို ချစ်ကြ၊ လေးစား ကြ၊ တန်ဖိုးထားကြ၊ ကြည်ညိုကြသူတွေ အတွက် အလွမ်းပြေလိမ့်မည် ထင်သည်။

နောင်ကျော်

Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis