menu

Saturday 31 August 2013

ဗြိတိန်စွမ်းအင်ကုမ္ပဏီက ရန်ကုန်ဓာတ်ငွေ့တာဘိုင်များ အဆင့်မြှင့်တင်မည်

ရန်ကုန်၊ သြဂုတ် ၃၀

ဗြိတိန်နိုင်ငံအခြေစိုက် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သော Wood Group GTS သည် ရန်ကုန်မြို့တော်ရှိ လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ငွေ့တာဘိုင်များကို အဆင့်မြှင့်တင်ရန် မြန်မာအစိုးရနှင့် သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

အဆိုပါ သဘောတူညီချက်အရ Wood Group GTS သည် ရန်ကုန်ရှိ 6B ဓာတ်ငွေ့တာဘိုင် သုံးလုံးကို တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၃ သန်း အကုန်အကျခံ ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်ငွေ့တာဘိုင်မှာ လှော်ကား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစခန်းတွင် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ အဓိကဆောင်ရွက်ပေးမှာက ရန်ကုန်မြို့တော်မှာ လျှပ်စစ်မလုံလောက်မှုနှင့် လျှပ်စစ်ပြတ်တောက်မှုတွေကို ဖြေရှင်းပေးမှာပါ” ဟု Wood Group GTS ကုမ္ပဏီဥက္ကဋ္ဌ Frank Avery က ဆိုသည်။

ယင်းသို့ အဆင့်မြှင့်တင်ခြင်းအားဖြင့် တာဘိုင်များ၏ အရည်အသွေး မြင့်တက်လာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏသည်လည်း ပိုမိုများပြားလာမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆင့်မြှင့်တင်မည်ဆိုရာ၌ လက်ရှိလည်ပတ်နေသော ဓာတ်ငွေ့တာဘိုင်များရှိ အစိတ်အပိုင်းအချို့ လဲလှယ်ပေးခြင်း၊ ဒလက်များ ပြင်ဆင်ပေးခြင်း၊ စနစ်တစ်ခုလုံး ထိန်းချုပ်ပေးခြင်း၊ ဓာတ်ငွေ့ထုတ်လုပ်မှု ပမာဏ အဆင့်မြှင့်တင်ပေးခြင်းနှင့် လေဖိအား မြှင့်တင်ပေးသည့်စနစ်များ သတ်မှတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကုမ္ပဏီ၏ အခြားနိုင်ငံများတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းအတွေ့အကြုံအရ ယင်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းအားဖြင့် လျှပ်စစ်ထုတ်လုပ်မှု ပမာဏမှာ ပါဝါဘလောက် တစ်ခုလျှင် ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာနိုင်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကို သက်သာစေမည် ဖြစ်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲများကြောင့် နိုင်ငံတကာ ကုမ္ပဏီကြီးများ ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံ လိုသော်လည်း လျှပ်စစ်မီး အပြည့်အဝ ရရှိရန် အာမခံနိုင်ခြင်းမရှိ၍ အဟန့်အတား ဖြစ်နေရကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis