menu

Saturday 1 December 2012

အိုဘားမားနဲ့ စကားစမြည်( မောင်သွေးချွန်)





thn-26-11-12-5
အမေရိကန်သမ္မတ အိုဘားမား နိုဝင်ဘာလ ၁၉ ရက်နေ့က မြန်မာနိုင်ငံသို့လာရောက်ခဲ့စဉ်
အမေရိကန်သမ္မတ အိုဘားမားရဲ့ သမိုင်းဝင်မြန်မာခရီးစဉ်အပေါ်မှာ ကျွန်တော့်ဘက်က နှစ်ထောင်းအားရ ဖြစ်ခဲ့ရတာတွေရှိသလို တုံ့ပြန်ဆွေးနွေးချင်တာတွေလည်း ရှိနေပါတယ်။ သမ္မတအိုဘားမားရဲ့ ခရီးစဉ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က တီဗီက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာကို အစအဆုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ကမ္ဘာမှာ အင်အားအကြီးဆုံး နိုင်ငံကြီးက သမ္မတတစ်ယောက်ပေမို့ လုံခြုံရေးဘက်မှာ သူတို့စိတ်ကြိုက် သူတို့စီမံသမျှ ခွင့်ပြုခဲ့ရတဲ့အပြင် ကိုယ့်ဘက်ကလည်း ဧည့်သည်တော်သမ္မတကြီး မှဲ့တစ်ပေါက်မစွန်းရအောင် ပုံမှန်ထက်ပိုလွန်တဲ့ လုံခြုံရေးပေးခဲ့ရပါတယ်။ အင်အားအကြီးဆုံးနိုင်ငံက သမ္မတတစ်ယောက်ဟာ အင်အားချည့်နဲ့နေတဲ့ နိုင်ငံတစ်နိုင်ငံကို အလွတ်သဘောလာ ရောက်လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။
အလွတ်သဘောဖြစ်တဲ့အတွက်လည်း မြန်မာသမ္မတရုံးစိုက်ရာ နေပြည်တော်ကိုမသွား၊ အမေရိကန်သမ္မတတစ်ထောက်နားရာ ရန်ကုန်ကိုပဲ မြန်မာသမ္မတက သွားရောက်တွေ့ဆုံရတယ်။ ကိုယ်က ကန္တာရခရီး နေပူကြီးထဲလျှောက်နေသူပဲ။ အရိပ်ရှိရာသွားရပေမပေါ့။ အမေရိကန်သမ္မတနဲ့ မြန်မာသမ္မတမင်းနှစ်ပါးတွေ့ဆုံခန်းကို ကြည့်နေစဉ်မှာ
တို့ဗမာတွေ ရွှေထီးဆောင်းအားကောင်းခဲ့တဲ့ ခေတ်ကောင်းခေတ်မြတ်ကြီး ရင်ထဲကို တလှိုက်လှိုက်စီးဝင်လာတယ်။ ပုဂံခေတ်ဦးမှာ အနော်ရထာမင်းကြီး တရုတ်ပြည်အထိစစ်ချီပြီး ဗုဒ္ဓမြတ်စွယ်တော်တောင်းယူ ပင့်ဆောင်ခဲ့ပုံတွေ၊ (စစ်နိုင်သော်လည်း စွယ်တော်ပင့်လို့မရခဲ့ပါ။) ဘုရင့်နောင်ခေတ်မှာ အရှေ့တောင်အာရှရဲ့ ပြိုင်ဘက်ကင်း နိုင်ငံတော်ကြီး တည်ဆောက်ခဲ့ပုံတွေ၊ အနီးဆုံးကတော့ အလောင်းဘုရား ကုန်းဘောင်ခေတ်ကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရား၊ အားကြီးလှပါတယ်ဆိုတဲ့ အင်္ဂလိပ်တွေနဲ့ စတင်ထိတွေ့နေရပြီ။
အလောင်းဘုရားရဲ့ အင်အားကို မလွန်ဆန်နိုင်မှန်းသိတဲ့ အင်္ဂလိပ်တွေဟာ သံမှူးဘေကာကို လက်ဆောင်ပဏ္ဍာတွေနဲ့အတူ ရွှေဘိုကိုစေလွှတ်ပြီး မဟာမိတ်ဖွဲ့ခဲ့ရတယ်။ သံမှူး ကပ္ပတိန်ဘေကာ အလောင်းဘုရားထံ အခစားဝင်ပြီး အင်္ဂလိပ်တို့ရဲ့ သ၀ဏ်လွှာစာချွန်တော်ကို ဆက်သရ တယ်။ ကပ္ပတိန်ဘေကာဟာ သူ့အတွေ့အကြုံကို မှတ်တမ်းရေးခဲ့ရာ ဆရာညိုမြက ဘာသာပြန်ပြီး 'ကုန်းဘောင်ရှာပုံတော်' စာအုပ်ကြီးမှာ အခန်းတစ်ခန်းအနေနဲ့ ထည့်သွင်းဖော်ပြထားပါတယ်။
မာကြောင်းသာကြောင်း နှုတ် ခွန်းဆက်စကားတွေ ချန်ထားပြီး 'အလောင်းဘုရားရဲ့အသံ' ကို သိရအောင် ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။ အင်္ဂလိပ်ရဲ့စာချွန်တော်မှာ အလောင်းဘုရားလိုအပ်တဲ့ အကူအညီတွေပေးမယ်၊ နိုင်ငံရွှေလမ်းငွေလမ်းဖောက်ပြီး မဟာမိတ်စာချုပ်တွေ ချုပ်သင့်တယ်လို့ဆိုတယ်။ အလောင်းဘုရားက တဟားဟားရယ်မောလိုက်ပြီး
''သင်တို့အကူအညီကို ငါတောင်းခံဖူးသလော၊ ငါ၏ရန်သူတော်များကို နှိမ်နင်းရာတွင် သူတစ်ပါး၏ အထောက်အပံ့ကို လိုလားခဲ့ဖူးသလော။ မည်သူမျှ ဤသို့မထင်မြင်စေလို။ ငါသည် သုံးနှစ်ကြာ ကာလအတွင်း သူတစ်ပါးထံမှ သေနတ်တစ်လက်၊ အမြောက်တစ်ခုမျှ အကူအညီမယူဘဲ အောင်တော်မူခဲ့သည် မဟုတ်လော''
''- - - ကူညီထောက်ပံ့ရေးကို မပြောပါနှင့် ငါ့ကိုဘာမျှကူညီရန်မလို။ ငါတို့၏ ဘိုးဘွားအမွေအနှစ် နိုင်ငံတော်တစ်ရပ်လုံးကို အလုံးစုံ ပြန်လည်သိမ်းပိုက်ရန် တစ်မြို့တည်းသာ ကျန်ရှိသောအချိန်၌ ငါသည် သူတစ်ပါးအထောက်အပံ့ကို လိုအပ်သလော'' (ကုန်းဘောင်ရှာပုံတော် သတ္တမအကြိမ် စာ-၃၆) (၂၀၀၃ ဒီဇင်ဘာ ထုတ်)
နောက်တစ်ကြိမ် ၁၇၅၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ သံငယ်အရာရှိ  လက်စတာက သူတို့ရဲ့ဘုရင်ခံချုပ်နဲ့ ကတိစာချုပ်ပြုလုပ်ဖို့ အလောင်းဘုရားထံ အခစားဝင်ပါတယ်။ သံအရာရှိက အင်္ဂလိပ်တွေမှာ ပြင်သစ်ရန်ရှိတဲ့အကြောင်း တင်ပြလျောက်ထား ပါတယ်။ အဲဒီမှာ အလောင်းဘုရား ပြန်ပြောလိုက်တဲ့အသံဟာ ကျွန်တော်ကိုယ်တိုင်ပဲ နားနဲ့ဆတ်ဆတ် ကြားလိုက်ရတဲ့အလား နှလုံးသားမှာပဲ့တင် ကျန်နေခဲ့တာ ယခုတိုင်အောင်ပါပဲ။
''ငါတို့မြန်မာပြည်ကို တစ်ကမ္ဘာလုံးက လာရောက်စစ်ဆင်ကြပါစေ။ ငါက အားလုံးမောင်းထုတ်ပစ်နိုင်တယ်။ မင်းတို့ အင်္ဂလိပ်တွေက ပြင်သစ်ကိုကြောက်သလား။ (၎င်းစာ-၄)
ကျွန်တော်တို့ကို အင်္ဂလိပ်ကလာပြီး အကူအညီတောင်းရတဲ့အချိန်  ဖြစ်ပါတယ်။ မှတ်ထားလိုက်ပါ။ အဲ ဒီတုန်းက ခရစ်နှစ် ၁၇၅၅ ဖြစ်ပါ တယ်။ မြန်မာတွေဘုန်းမီးနေလ တောက်ပချိန်မှာ ဒီနေ့စူပါပါဝါ အမေရိကန်ကြီးဟာ အင်္ဂလိပ်ရဲ့ ကိုလိုနီသူ့ကျွန်ဘ၀မှာ ရှိနေခဲ့ပါတယ်။ အမေရိကန်ဟာ အင်္ဂလိပ်လက်အောက်က ၁၇၇၆ ခုနှစ် ဇူလိုင်လ၄ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့ပါတယ်။
'ကမ္ဘာသစ်ဟုခေါ်ကြသော အမေရိကန်နိုင်ငံသည် နှစ်ပေါင်းသုံးရာနီးပါးမျှ အနောက်ဥရောပနိုင်ငံများ၏ လက်အောက်ခံ ကိုလိုနီဘ၀တွင်နေခဲ့ရသည်။ အထူးသဖြင့် စပိန်၊ပေါ် တူဂီ၊ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံတို့၏ လက်အောက်ခံဖြစ်ခဲ့ရ၏'(၁၉၇၀ မေလထုတ် မောင်စိတ္တမြန်မာပြန် အမြင်သစ် အမေရိကန်သမိုင်းစာ ၃၅)
ကျွန်တော်တို့ရဲ့ ကိုလိုနီဘ၀က အထက်မြန်မာပြည် မန္တလေးကျတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ရေတွက်ရင် ၆၃ နှစ်ပဲရှိပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ၁၈၂၄ ခုနှစ်ကစပြီး ရေတွက်ရင်တော့ နှစ်ပေါင်းတစ်ရာကျော်၊ အမေရိကန်တွေရဲ့ နှစ်ပေါင်းသုံးရာနီးပါး ကျွန်ဘ၀နဲ့စာရင် ကျွန်တော်တို့ဟာ ကျွန်သက်တိုခဲ့ပါတယ်၊ တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ ရုန်းကန်နိုင်စွမ်းအား ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။
ဒါကြောင့် အမေရိကန်သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောတော့ မြန်မာ-အမေရိကန် နှစ်နိုင်ငံဟာ အင်္ဂလိပ်လက်အောက်က လွတ်မြောက်လာတဲ့ နိုင်ငံတွေအဖြစ်ဘ၀တူခံစားမှုကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကမှ အင်္ဂလိပ်တစ်နိုင်ငံတည်းက အုပ်ချုပ်တာခံရတာ။ အမေရိကန်တွေခမျာ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်တို့ရဲ့ ကိုလိုနီလည်း ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံဟာ အင်္ဂလိပ်တွေ နောက်ဆုံးသိမ်းပိုက်ခဲ့တဲ့နိုင်ငံ။ ဒါပေမဲ့ အမြန်ဆုံး လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံအဖြစ် ကမ္ဘာ့သမိုင်းမှာ မော်ကွန်းထိုးနိုင်ခဲ့ပါတယ်။
အခုတော့ ကြည့်လိုက်ပါဦး။ သူ့ကျွန်ဘ၀ နှစ် ၃၀၀ နီးပါးနေခဲ့ တဲ့နိုင်ငံက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံကြီးဖြစ်နေပြီး ကျွန်သက်တိုခဲ့တဲ့ နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး LDC တစ်နိုင်ငံဖြစ်ခဲ့လေပြီ။ နိုင်ငံလွတ်လပ်ပြီးနောက် ခေါင်းဆောင်ချင်း၊ စနစ်ချင်း၊ ကံကြမ္မာချင်း မတူကွဲပြားတဲ့ အခြေအနေတွေက မိုးနဲ့မြေလောက် ကွာဟသွားအောင် ဖန်တီးခဲ့လေပြီ။
ကျွန်တော်တို့သမ္မတကြီးရဲ့ အပြုံးဟားနွမ်းယဲ့နေတယ်လို့ ကျွန်တော်တွေ့မြင်ခံစားလိုက်ရတယ်။ ကျွန်တော်တို့ဘ၀တွေဟာ အပြုံးချင်းတောင် ပြိုင်နိုင်စွမ်းမရှိတော့ဘူးတဲ့လား။
ဒါပေမဲ့ သမ္မတကြီးဦးသိန်းစိန်ရဲ့ စကားတစ်ခွန်းကြောင့်တော့ အားတက်မိပါတယ်။ ''နှစ်နိုင်ငံ တန်းတူရည်တူရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှုများဖြင့် ရှေ့သို့ဆက်၍ ခရီးဆက်သွားမည်ဖြစ်ပါကြောင်း'' (၂၀-၁၁-၂၀၁၂ ထုတ် ကြေးမုံသတင်းစာမှ)
သူ ဘယ်လောက်အင်အားကြီးကြီး ကိုယ်ဘယ်လောက်အင်အား သေးသေး တန်းတူရည်တူမူကိုတော့ ရှေ့ရှုပေလိမ့်မယ်။ တန်းဆိုတာ အဆင့်အတန်း၊ ရည်ဆိုတာ အရည်အချင်း၊ တူသလားဆိုတော့ မတူသေးပါဘူး။ အဝေးကြီးလိုသေးပေမယ့် စုစည်းညီညွတ်တဲ့အားနဲ့ အသားကုန်ကြိုးစားရင် ဘာလို့မဖြစ်နိုင်ရမှာလဲ။အင်အားချည့်နဲ့ပြီး ရန်သူတွေပတ်လည်ဝိုင်းနေတဲ့ မုဆိုးဖိုရွာကလေးအဆင့်ကနေ 'ကုန်းဘောင်အင်ပါယာကြီး' ထူထောင်နိုင်အောင် ကျွန်တော်တို့ ဘိုးဘွားတွေ ဘယ်လိုကြိုးစား သွားခဲ့သလဲ။ ဓားတောင်အလုံအလောက်မရှိလို့ ရန်သူကို ၀ါးရင်းတုတ်နဲ့ အနိုင်တိုက်ခဲ့တာ ဘိုးဘွားတွေရဲ့ ဇာတိမာန်စိတ်ဓာတ်ပဲ။
ခုတော့ဖြင့် ဟိုလူလာ မျက်နှာချိုသွေး၊ ဒီလူလာမျက်နှာချိုသွေးရနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ နိုင် ငံမျိုးဖြစ်နေပြီ။ ပေးပါပြောရ၊ ကမ်းပါတောင်းရနဲ့ ရာဇဣနြေ္ဒလည်း ပျက်ခဲ့ပြီ။ တကယ်ဆို အကူအညီမလိုဘူး မဟုတ်ပါဘူး။ လိုခြင်းလိုရင် အတတ်ပညာ နည်းပညာပိုင်းလောက်ပဲ လိုတာပါ။ အရင်းအနှီးက သယံဇာတတွေ၊ မြေလွတ်မြေရိုင်းတွေ၊ လူ တော်လူကောင်းတွေ ထိုက်သင့်သလောက်ရှိပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူအတွက် 'ဆင်းရဲမွဲတေ' လို့ မရှက်မကြောက် ပြောနေရတာ။ ချမ်းသာ လိုက်တဲ့ ခရိုနီစီးပွားရေးသမားကြီးတွေ အာဏာပိုင်တွေကဖြင့် ယိုးဒယားက အချမ်းသာဆုံးစာရင်းဝင် တွေကိုသနားတယ်လို့ ပြောလို့ရတယ်။
အမေရိကန်သမ္မတ အိုဘားမား မိသားစုရဲ့ ပိုင်ဆိုင်မှုတောင်မှ ဒေါ် လာ ၁၀ သန်းလောက်ပဲရှိတာဆိုတော့ ဒီက ခရိုနီကြီးတွေက အိုဘားမားကိုလည်း သနားတယ်လို့ ပြောနိုင်ပေလိမ့်မယ်။ ဒီက ခရိုနီတစ် ယောက်က သူ့ဝန်ထမ်းတွေအတွက် တစ်လဒေါ်လာသန်းချီပြီး အကုန်ခံနိုင်တယ်။ နိုင်ငံမှာရှိသမျှ ပြည်သူလူထုကို အကျိုးပြုရမယ့် စီးပွားရေး အရင်းအမြစ်တွေမှန်သမျှ ခရိုနီတွေ လက်ထဲမှာ။ ကျွန်တော် မနာလိုလို့ ပြောနေတာမဟုတ်ပါဘူး။ ဒါတွေ ဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ မဟုတ်ဘူးလား။ ပြည်သူလူထုကြားမှာ စီးဆင်းလည်ပတ်နေရမယ့် ငွေကြေး currency ဟာ ဖြတ်တောက်ခံရပြီး လူတစ်စုလက်ထဲမှာ စုပုံနေတာ မဟုတ်ပါလား။
ဒီပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ပေးပါ။ ပြန်အန်ပါလို့ ကျွန်တော် မတောင်းဆိုလိုပါဘူး။ ဒါပေမဲ့ ဒီလူတစ်စုရဲ့ လက်ထဲမှာ တိုင်းပြည်ရဲ့ အင်အားတွေရောက်နေသမျှတော့ တိုင်းပြည်ဟာ အားချည့်နေဦးမှာပါ။ သူတို့ရဲ့မျိုးချစ်စိတ် တစ်မတ်ဖိုးလောက်ရှိရင်ပဲ အဲဒီတစ်မတ်ဖိုးလောက်နဲ့ နိုင်ငံနဲ့ ပြည်သူကို အကျိုးပြုနိုင်ပါတယ်။ ဆေးရုံနဲ့စာသင်ကျောင်းတွေ အများကြီးဆောက်ပေးနိုင်ပါတယ်။ စစ်ဘေး၊ ရေဘေး၊ ငလျင်ဘေးစတဲ့ ဘေးဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သူလူထုကြီးကို အများကြီးကူညီနိုင်ပါတယ်။ အသေးစားချေးငွေ (အရင်းအနှီး)တွေ ထုတ်ပေးနိုင်ပါတယ်။
တိုင်းပြည် ဘာကြောင့်မွဲခဲ့ရတယ်ဆိုတဲ့ သာဓကတစ်ခု တင်ပြလိုက်ပါဦးမယ်။
'သူသည်သစ်လုံးများကို တစ်လုံးလျင် ၁၀ဒေါ်လာနှုန်းဖြင့် ထုတ်ယူခဲ့ပြီးနောက် ဒေါ်လာ ၅၀၀ သို့မဟုတ် ထို့ထက်ပိုမြင့်သောဈေးဖြင့် ရောင်းချခဲ့သည်။ ---- သစ် လုပ်ငန်းသည် ထူးဂရုဖ်၏အဖိုးတန် ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေသည်။ ၂၀၀၇ ခုနှစ်တွင် အသားတင်အမြတ် ဒေါ်လာ ၇၅ သန်းရရှိခဲ့သည်ဟု ပေါက်ကြားသွားခဲ့သည့် အမေရိကန်ကြေးနန်းတစ်စောင်က ဖော်ပြခဲ့သည်။
(၉ နိုဝင်ဘာလ ၂၀၁၂ ထုတ် လူထု ပုံရိပ်ဂျာနယ်မှ) (စာ-၂၂ရှု)
ကြည့်စမ်း အဲဒီ ၂၀၀၇ ခုနှစ်မှာ ပြည်သူတွေမှာတော့ လောင်စာစွမ်းအင်ဓာတ်ဆီဈေးတက်လို့ လမ်းပေါ်တက်ဆန္ဒပြကြ၊ သံဃာတော်များပါ ပြည်သူ့ဒုက္ခကိုမကြည့်ရက်တော့လို့ လမ်းပေါ်ထွက်ခဲ့ကြ။ မေတ္တသုတ်နဲ့ ဆန္ဒဖော်ထုတ်ခဲ့တာ။ နံပါတ်တုတ်နဲ့ ထောင်ဒဏ်တွေရခဲ့ရနဲ့။ 'ရွှေဝါရောင်တော်လှန်ရေး' လို့ သမိုင်းမော်ကွန်းကို သွေးနဲ့ရေးခဲ့ရ။
တစ်ဦးတစ်ယောက်ကတော့ အဲဒီ ၂၀၀၇ ခုနှစ် တစ်နှစ်တည်းမှာ  သစ်လုပ်ငန်းတစ်ခုတည်းက ဒေါ်လာ ၇၅ သန်း အမြတ်အစွန်းရသွားသတဲ့။ ဒေါ်လာ ၅၀၀ တန်တဲ့ သစ်လုံးတစ်လုံးကို ၁၀ ဒေါ်လာတည်းနဲ့ ထုတ်ယူခွင့်ပေးလိုက်တဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးများရဲ့ အရည်အချင်း . . .။ အခြား အခြားသော တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ ဘယ်လိုခွဲဝေပြီး ဘယ်လိုအခြေအနေ ဆိုက်ရောက်ခဲ့ပါလိမ့်။
မစ္စတာအိုဘားမားကတော့ သတ္တိကောင်းတဲ့ ပြည်သူလူထုကြီးကို ချီးကျူးစကားဆိုခဲ့ပါတယ်။ ''အ ဖြူရောင်ဝတ်ထားတဲ့ လှုပ်ရှားတက်ကြွသူတွေဟာ တနင်္ဂနွေနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေဆီ သွားတွေ့ခဲ့ကြတာတွေ၊ ရွှေဝါရောင်ဝတ်ထားတဲ့ ရဟန်းတွေက လမ်းတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာတွေကို ကျွန်တော်တို့မြင် ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်းကို တုံ့ပြန်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့ခဲ့ကြတဲ့ သာမန်ပြည်သူတွေအကြောင်းလည်း သိခဲ့ရပါတယ်။ လွတ်လပ်မှုကို ဖော်ကျူးခဲ့ကြတဲ့ ဟစ်ဟော့အဆိုတော်တွေရဲ့ တေးသံကိုလည်းကြားရပါတယ်'' (ရန်ကုန် တက္ကသိုလ်မှာပြောတဲ့မိန့်ခွန်းမှ ၂၂-၁၁-၂၀၁၂ ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ် စာ-၁၉)
ဒီအကြောင်းအရာ ဒီစာပိုဒ်ကလေးကိုပဲ ၂၀-၁၁-၂၀၁၂ ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့ပုံကတော့ ဆင်ဆာအဖြတ်အတောက်တွေနဲ့ပါ။
'ဆိုက်ကလုန်းမုန်တိုင်းဒဏ် ခံရသူများကို ကူညီရန် စုပေါင်းလုပ်ဆောင်ကြသည့် သာမန်ပြည်သူများ၏အကြောင်း၊ ကျောင်းသားများ၏ အသံ၊ လွတ်လပ်ခြင်း သီချင်းများကို သီကျူးနေသည့် ဟစ်ဟော့ဂီတသမားများ၏ အသံအားလုံးကိုလည်း မိမိ တို့ကြားခဲ့ရပါကြောင်း''
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားတဲ့ အဖြူရောင်လှုပ်ရှားမှုကို နိုင်ငံပိုင်သတင်းစာက ဆင်ဆာဖြတ်ခဲ့တယ်။ သံဃာတော်များရဲ့ ရွှေဝါရောင်အရေးတ်ာပုံကြီးကို ဆင်ဆာဖြတ်ခဲ့ပါတယ်။ အဲဒါ ဒီနေ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေပါတယ်ဆိုတဲ့ နိုင်ငံပိုင် သတင်းစာများရဲ့ လုပ်ထုံးလုပ်နည်း
တစ်ပြည်လုံးက ချန်ပီယံလိဂ်ဘောလုံး ဗိုလ်လုပွဲစောင့်ကြည့်သလို ကြည့်မြင်နားစိုက်ခဲ့တာကို နိုင်ငံပိုင်သတင်းစာဆရာများ သိပါလေစ။
ကြည့်စမ်း သမ္မတအိုဘားမားဆီကတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအကူအညီတွေ ပေးပါ၊ ကမ်းပါနဲ့ လက်ဖြန့်ခံတောင်းနေပြီးတော့ အိုဘားမားမိန့်ခွန်းကျတော့ ဖြတ်တောက်ဖော်ပြသတဲ့။ အမေရိကန်သမ္မတကြီးခမျာ အပွဲပွဲနွှဲခဲ့လေသမျှ မြန်မာပြည်ရောက်မှ မိန့်ခွန်းတော်ကြီး အဖြတ်တောက်ခံရရှာတယ်။ ဒီလောက်ဆို မြန်မာပြည်အကြောင်း သိလောက်ပါပြီ မစ္စတာအိုဘားမား ခင်ဗျား။
အမေရိကန်သမ္မတကြီးကတော့ ဒီလိုဖြတ်တောက်ခုတ်ထစ်ပစ်မှာ ကြိုသိနေတဲ့ အကြားအမြင်ရ ပါရမီရှင်တစ်ဦးပမာ သူ့မိန့်ခွန်းထဲမှာ ဒီလိုမိန့်ကြားသွားခဲ့ပါတယ်။
''ဖိနှိပ်ချုပ်ချယ်ထားမယ့်အစား  လူထုရဲ့စုဝေးခွင့်ကို အခုအခါမှာ အပြည့်အ၀လေးစားရပါတော့မယ်။ သတင်းဆင်ဆာဖြတ်တောက်မှုနဲ့ အသံတွေကိုပိတ်ဆို့ထားမယ့်အစား ခြုံလွှာကို ဆက်လက်ရုပ်သိမ်းရပါလိမ့်မယ်''
သမ္မတအိုဘားမားအပေါ် နိုင်ငံတော်ကရော ဒေါ်အောင်ဆန်းစုကြည်ကပါ ဧည့်ဝတ်ကျေပွန်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတကြီးကို ဧည့်ခံရာမှာ ကိုယ်ပိုင်ပုဂ္ဂလိက သတင်းစာလေးတစ်စောင်လောက်နဲ့ ဧည့်မ ခံနိုင်ခဲ့တာကတော့ မျက်နှာပျက်စရာ ရှက်စရာ ကောင်းလှပါတယ်။ တကယ်တော့ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတစ်စောင်ဟာ မစ္စတာအိုဘားမားအတွက် ကျေနပ်နှစ်သက်ဖွယ် အကောင်းဆုံးလက်ဆောင် ဖြစ်နိုင်လောက်ပါတယ်။
အမေရိကန်သမ္မတကြီး ပြောသွားတာတွေ လယ်ယာမြေပိုင်ဆိုင်ခွင့်၊ ဒီမိုကရေစီနိုင်ငံမှာ ရှိသင့်တဲ့ တပ်မတော်ရဲ့အနေအထား၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ၊ တိုင်းရင်းသားများနဲ့ ပြန်လည်သင့်မြတ်ငြိမ်းချမ်းရေး စသည်ဖြင့် အတော်များများကို ကျေနပ်အားရပါတယ်။
တစ်ခုပဲ ရခိုင်-ဘင်္ဂါလီအရေး။ မစ္စတာအိုဘားမား နားလည်နိုင်တဲ့အရာမဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ဖြစ်နေတာတွေက အမေရိကန်ပုံစံနဲ့ လုံးဝမတူပါဘူး။ အမေရိကန်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဘုံ အကျိုးစီးပွားနဲ့ နေကြတဲ့ဓလေ့။
'ထို့ကြောင့်ပင်လျင် အမေရိကန်တို့က သူတို့၏အဖွဲ့အစည်းကို 'အရည်ဖျော်ပေါင်းအိုးကြီး' ဟု တင်စားခေါ်ကြလေသည်။ (၁၉၇၀ မေလထုတ် မောင်စိတ္တမြန်မာပြန် အမြင်သစ် အမေရိကန်သမိုင်း စာ-၁၆၁)
ကျွန်တော်တို့မှာ အမေရိကန်ကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ကောင်းကောင်းမရှိဘဲနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုမူမရှိဘဲနဲ့ ရှမ်း၊ မွန်၊ ကချင်၊ ရခိုင်၊ ကရင်၊ ချင်း၊ ကယား စတဲ့ တိုင်းရင်းသားတွေကို ပေါင်းအိုး ကြီးထဲထည့်ပြီး အရည်ဖျော်မပစ်နိုင်ပါဘူး။ ဖျော်ရင်လည်း ဘယ်သူကမှ ငုံ့မခံပါဘူး။ အမေရိကန်မှာက ရှေးကာလမှသည် ယခုချိန်အထိ လူဝင်လူထွက်များလှပါတယ်။ ဒါကြောင့်လည်း လူဝင်မှုဆိုတဲ့စကား (ဝေါဟာရ) ဟာ အမေရိကန်နိုင်ငံရဲ့ အခြေ အနေက တောင်းဆိုသောကြောင့် အင်္ဂလိပ်ဘာသာစကားတွင် အသစ်ပေါ်လာရသော ဝေါဟာရဖြစ်သည်' လို့ ဆိုပါတယ်။ (အမြင်သစ် အမေရိကန်သမိုင်း စာ-၁၅၅)
မစ္စတာအိုဘားမားက ''ဘင်္ဂါလီတွေမှာလည်း သူတို့ဂုဏ်သိက္ခာနဲ့သူ တို့ရှိပါတယ်'' လို့ နိဒါန်းသွယ်ရင်း ''ဘယ်နိုင်ငံက ဖြစ်ဖြစ် ဘယ်ကလာလာ၊ ဘယ်ဘာသာပဲကိုးကွယ်သည် ဖြစ်စေ၊ ဘယ်လိုကွဲပြားမှုမျိုးပဲရှိရှိ သူတို့ရဲ့မိသားစုတွေကို ခြိမ်းခြောက်မှုမရှိဖို့နဲ့ သူတို့အိမ် ဖျက်ဆီးခြင်းမခံရဖို့ဟာ သူတို့လူမျိုးရဲ့ ဖြစ်တည်မှု သူတို့ဘယ်ကလာတယ်ဆိုတာကြောင့် မဖြစ်သင့်ပါဘူး''လို့ ပြောသွားပါတယ်။
မိသားစုတွေ ခြိမ်းခြောက်ခံရ၊ အိမ်မီးရှို့ခံရတာက ဘင်္ဂါလီတစ်ဖက်တည်း နစ်နာခဲ့တမဟုတ်ပါဘူး။ ရခိုင်တွေဘက်လည်း အများကြီးနစ်နာခဲ့တာ လည်လှီးသတ်တာတောင် ခံရပါတယ်။ အမေရိကန်တွေ ဗီယက်နမ်ကို ကျူးကျော်ပြီး ဗုံးမိုးရွာချခဲ့စဉ်က ဗီယက်နမ်တွေလည်းသေ၊ ဗီယက်ကောင်းတွေက ပြန်ချတော့ အမေရိကန်တွေလည်းသေ။ ဒီသဘောပါပဲ။ ပဋိပက္ခဆိုတာ ကြီးသည် ဖြစ်စေ၊ ငယ်သည်၊ သေးသည်ဖြစ်စေ နှစ်ဖက်နစ်နာတာချည်းပါပဲ။ အိမ်ရှင်နဲ့ ဧည့်သည်မှာ အိမ်ရှင်အတွက်  ထည့်မပြောဘဲ ဧည့်သည်ဘက်က ပြောသွားတာကတော့ အမေရိကန် သမ္မတကြီး ပမာဒလေခသွားပုံရပါတယ်။
ကျွန်တော်တို့ရဲ့သဘောထားက ဘယ်သူပဲလာလာပါ လာခြင်းကောင်းဖို့ပါပဲ။ ဘင်္ဂါလီပဲလာလာ အမေရိကန်ပဲလာလာ။ ကျွန်တော်တို့ ပြည်ထောင်စု၊ ကျွန်တော်တို့ ယဉ်ကျေးမှုကိုမထိပါး၊ မစော်ကားဖို့ပါပဲ။ ကျွန်တော်တို့နဲ့အေးအတူ ပူအမျှ နေထိုင်ပြီး ဒီတိုင်းပြည်အပေါ် သစ္စာရှိ မယ်ဆိုရင် ကြိုက်သလိုနေပါ။ ကြိုက်သလောက်နေပါ။ အမေရိကန်မှာ အခြေချနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံလို 'ပေါင်းအိုးကြီး' ထဲ အရည်ဖျော်သွားတာမျိုးမဟုတ်ဘဲ ဒီပေါင်းအိုးကြီးကို ရိုက်ခွဲဖို့ ကြိုးစားလာရင် မစ္စတာ အိုဘားမား ဘာလုပ်မလဲ။ဘင်လာ ဒင်ကို သတ်ခဲ့တယ် မဟုတ်လား။ အဖြေက အဲဒါပါပဲ။
ပြီးတော့ အမေရိကန်မှာ လာရောက်နေထိုင်ကြတဲ့ လူမျိုးတစ်မျိုးဟာ သူတို့ချည်း သီးသီးသန့်သန့် စုစည်းပြီး ပြည်နယ်တောင်း သို့မဟုတ် နိုင်ငံတစ်ခုတည်ထောင်ခွဲထွက်မယ် ဆိုပါစို့။ မစ္စတာအိုဘားမား ဘာလုပ်မှာလဲ။ အဖြေက အဲဒါပါပဲ။
ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို အားပေးကူညီခဲ့တဲ့အတွက် အမေရိကန်ပြည်သူများကို ကျေးဇူးတင်ပါတယ်။  ကျွန်တော်တို့ရဲ့သမ္မတကြီးဦးသိန်း စိန်ကတော့ မစ္စတာအိုဘားမားသမ္မတ ရွေးကောက်ပွဲဝင်စဉ်က ကြွေးကြော်ခဲ့တဲ့အတိုင်း “FORWARD ရှေ့သို့” လို့ ကတိပေးလိုက်ပါပြီ။ (မဆလခေတ်က ထုတ်ဝေခဲ့တဲ့ 'ရှေ့သို့' ဆိုတဲ့ ၀ါဒဖြန့်စာစောင်ကို သတိရလိုက်မိပါသေးရဲ့)
ရှေ့သို့လို့ ဆိုတဲ့အတွက် 'နောက်ပြန်ဆုတ်မှာလား' ဆိုတဲ့ ပြည်သူတွေရဲ့ သံသယကို ချေဖျက်လိုက်တယ်လို့ပဲ အကောင်းမြင်ပါရစေ။ နောက်ပြန်ဆုတ်မယ်ဆိုရင်လည်း ကျောက်ခေတ်အထိရောက်အောင် ပြန်ဆုတ်မှာလားလို့ မေးလိုက်ချင်ပါဘိတော့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာသီချင်းလေးတစ်ပုဒ် ရှိပါတယ်။
'သောကြာကြယ်အလား ရှေ့သို့သွား' တဲ့။
သမ္မတကြီး ဦးသိန်းစိန်က သောကြာသားခင်ဗျ။ ရှေ့သို့သာ သွား . . .။   ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis