menu

Saturday 1 December 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချကြောင်း သံဃာတော် အပါး ၃၀ ၀န်းကျင်နှင့် ပြည်သူတို့မှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့




lp

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံး နှိမ်နင်းခဲ့မှုနှင့်ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချကြောင်းကို သံဃာတော်အပါး သုံးဆယ်ဝန်းကျင်နှင့် ပြည်သူတို့မှ နိုဝင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမှရှေ့မှ ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ ရှိ မြန်မာစီးပွားရေး ဦးပိုင်လိမိတက်ရုံး ရှိရာသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။                                   အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် သံဃာတော်များနှင့် ပြည်သူများက အချက်  ၅ ချက်ပါဝင်သည့် တောင်းဆိုမှု ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ချွင်းချက်မရှိ ချက်ချင်းရပ်ဆိုင်းရန်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အကြမ်းဖက် မီးလောင်ဗုံးများဖြင့် အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူအများအား တိုက်ခိုက်ခဲ့သော အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူပေးရန်၊ မီးလောင်ဗုံးထိမှန်သော ရဟန်းသံဃာတော်များနှင့် ပြည်သူတို့အား ကျန်းမာရေးကောင်းမွန်သည်အထိ အစိုးရမှ တာဝန်ယူ ဆေးကုသပေးရန် စသည်တို့ပါဝင်သည်။

 lp2        
ထို့ပြင် နိုဝင်ဘာလ ၂၆ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆူးလေဘုရားတွင် ဆန္ဒဖော်ထုတ်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဒေါ်နော်အုံးလှ၊ ဒေါ်ရှမ်းမ၊ ကိုဝေဠု အစရှိသည့် ပုဂ္ဂိုလ်များအား ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် မြန်မာနိုင်ငံမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီ ချက်ချင်းထွက်ခွာပေးရန်တို့ကို တောင်းဆိုချက်တွင် ဖော်ပြထားသည်။
အထက်ပါ ဖော်ပြချက်များအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ တာဝန်ယူဖြေရှင်းမပေးနိုင်ပါက  သမ္မဦးသိန်းစိန်သည်လည်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုလိုက်သည်ဟုလည်း အဆိုပါတောင်းဆိုချက်တွင် ပါဝင်သည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တိုးချဲ့ရပ်ကွက် (၁) ၊ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက '' လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာဟာ လယ်တီဆရာတော်ဘုရားကြီး သာသနာပြုသွားတဲ့ အရပ်ဒေသ ဖြစ်တယ်။ ပြီးတော့ ဒီစီမံကိန်းဟာ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့သာ အကျိုးစီးပွားဖြစ်ထွန်းပြီး ဒေသခံပြည်သူများကို အကျိုးမပြုတဲ့အပြင် နစ်နာမှုတွေရှိနေတာကို တွေ့ရတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့အတွက် ဒီနေ့မှာ ဘုန်းကြီးတို့ဟာ အခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်'' ဟု မိန်ကြားခဲ့ပါသည်။
''လက်ပံတောင်းတောင် ဒေသမှာ ဖြစ်ခဲ့တဲ့ကိစ္စဟာ တောင်းပန်ရုံလောက်နဲ့ ကျေလောက်တဲ့ပြဿနာ မဟုတ်ပါဘူး။ ဒီကစ္စကို လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်သူတွေကိုလည်း ရာထူးက အမြန်ဆုံးရပ်ဆိုင်းပြီး တရားဥပဒေအရ အရေးယူရမှာပါ။ အစိုးရရဲ့ လုပ်ရပ်ဟာ လုံးဝကြီးမှားနေပါတယ်။ နိုင်ငံတော်က ပြည်သူတွေရဲ့အပေါ်မှာ ထားတဲ့စေတနာဟာ ဒီမိုကရေစီဆိုတာဟာ အာဠာဝကရဲ့ ဘွဲ့ဖြူလက်နက်ထက်တောင် ဆိုးဝါးနေတယ်လို့ ဘုန်းကြီးကမြင်တယ်။ အခုကိစ္စဟာ လက်နက်မဲ့ပြည်သူကို ညအချိန်မတော်ကြီးမှာ အကြမ်းဖက် တိုက်ခိုက်တာပါပဲ။ ဒီမိုကရေစီလို့ပြောပြီး အောက်ကကျင့်သုံးနေတာက အာဏာရှင်ပုံစံပါပဲ'' ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါသည်။    
lp3                                     
ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည့် သံဃာတော်များနှင့် ပြည်သူများသည် မဟာဗန္ဓုလပန်းခြံရှိ လွတ် လပ်ရေး ကျောက်တိုင်ရှေ့တွင် အဆိုပါ တောင်းဆိုချက်များကို ဖတ်ကြားခဲ့ပြီး ဆူးလေစေတီတော်အား တစ်ပတ်ပတ်ကာ မဟာဗန္ဓုလလမ်းအတိုင်း လမ်း ၅၀ရှိ မြန်မာစီးပွားရေးဦးပိုင် လိမိတက်ရုံးသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆန္ဒထုတ်ဖော်မှု ပြုလုပ် ရာတွင် သံဃာတော်များမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းရာတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ရုပ်ပုံပါ ဗီနိုင်းများအား ကိုင်ဆောင်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာ သံဃာတော်များအား ပြည်သူများမှ ကာကွယ်မှုပြုလုပ်ပေးပြီး ခြံရံလိုက်ပါခဲ့သည်။                        
မြန်မာစီးပွားရေးဦးပိုင် လိမိတက်ရုံးရှေ့အရောက်တွင် သံဃာတော်များမှ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ရုပ်ပုံပါ ဗီနိုင်းများကို ကိုင်ဆောင်ပြီး သံဃာတော်များအား ယခုကဲ့သို့ အင်အားသုံးနှိမ်နင်းခဲ့မှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်သည့် တာဝန်ရှိသူများအား အမြန်ဆုံးဖော်ထုတ် အရေးယူရန် စသည်တို့ကို တောင်းဆိုမှုပြုလုပ်ခဲ့ပြီး အချက် ၅ချက်ပါ တောင်းဆိုမှုအား ထပ်မံဖတ်ကြားခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ညနေ ၄နာရီဝန်းကျင်က မြို့တော်ခန်းမရှေ့တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခန့် အချိန်တွင် မြန်မာစီးပွားရေး ဦးပိုင်လိမိတက်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုကို ငြိမ်းချမ်းစွာ အဆုံးသက်ခဲ့ကြသည်။
နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီကျော်အချိန်မှ စတင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ မီးသတ်ပိုက်၊ မီးလောင်ဗုံး စသည်တို့နှင့် အင်အားသုံးနှိမ်နင်းခဲ့ရာ သံဃာတော် အများစုအပါအ၀င် တစ်ရာဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis