menu

Tuesday 9 October 2012

Public Chemistry လူထုဓာတုဗေဒ( ဒေါက်တာ ခင်မောင်ညို)



thn-10-7-3
''ကိုဘသစ်ကျောင်းမှာ ခင်ဗျား ဓာတုဗေဒသင်နေတယ်မဟုတ်လား''
''ဟုတ်ပါတယ်''
''နောက် ပညာတော်သင်သွား ပြီး ဒေါက်တာဘွဲ့ရတယ်''
''ဟုတ်ပါတယ်။ ခင်ဗျားသိနေတာပဲ၊ ဘာလို့ ဒါတွေမေးနေတာလဲ''
တစ်နေ့တွင် ကိုဘသစ် ကျွန်တော့်ထံကိုရောက်လာပါသည်။
သူနှင့်ကျွန်တော် နိုင်ငံရေးတွေဆွေးနွေးငြင်းခုန်ရတာတွေ များလှပါပြီ၊ သူသည် ဓာတုဗေဒဆရာဖြစ်သည်။ ထိုကြောင့် ယနေ့ ပြဿနာများစွာရှိနေသည့် ဓာတုဗေဒအကြောင်းကို သူ့ထံက မေးနေခြင်းဖြစ်သည်။
''ယနေ့ခေတ်မှာ ဓာတုဗေဒကို  လူတွေ စိတ်ဝင်စားလာကြတယ်။ ဘာကြောင့် ဘယ်ဟာတွေက ဓာတုဗေဒကို လူတွေစိတ်ဝင်စားတာလဲ ဆိုတာကို မေးချင်လို့ပါ''
''ခင်ဗျားအမေးမှာ 'ဘ'သုံးလုံး ပါလာတယ်။ ခင်ဗျားတို့လို စာရေးဆရာတွေကို နားလည်အောင်ပြောဖို့ လွယ်ပါ့မလားပဲ။ ကျုပ်တို့လို ဓာတုဗေဒဆရာတစ်ယောက်အနေနဲ့ကတော့ မြင်မြင်သမျှ ဓာတုဗေဒတွေချည်းလို့ပဲ မှတ်တယ်။ ဘာကိုကြည့်ကြည့် အက်တမ်တွေ မော်လီကျူးတွေကို သူမြင်တယ်။
ဓာတ်ပြု ပြောင်းလဲနေတာတွေကို မြင်နေတယ်။ ဘာတွေဖြစ်နေလဲဆိုတာကိုသိတယ်။ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကို ရှုသွင်းတယ်။ အောက်ဆီဂျင်ကို ထုတ်နေတယ်။ လူသတ္တ၀ါတွေက အောက်ဆီဂျင်ကိုရှုတယ်။ နွားတွေက လေချဉ်တက်ရင် မီသိန်းတွေထုတ်နေတယ်''
''ဟုတ်ပါတယ်။ လတ်တလော ကျွန်တော်သိချင်တာက ဓာတုဗေဒကို  လူထုစိတ်ဝင်စားလာတဲ့သမိုင်းလေးပါ''
''သမိုင်းကိုကြည့်ရင် လူတွေဟာ ကျောက်ခေတ်လို့ခေါ်တဲ့ Hunter gather ခေတ်ကိုကျော်ခဲ့တယ်။ အဲဒီနောက် စိုက်ပျိုးရေးခေတ်ဆိုပါတော့။ မွေးမြူစိုက်ပျိုးပြီး ရွာတွေနဲ့ နေထိုင်လာတယ်။ ပြီးတော့ စက်မှုထွန်းကားတဲ့ ခေတ်ရောက်လာတယ်။ မြို့တွေမှာ ပြောင်းရွှေ့နေထိုင်လာပါတယ်။  ဒီနောက်တော့ ယနေ့ရောက်လာတဲ့ IT ခေတ်သို့မဟုတ် Digital  ခေတ်ကိုရောက်လာတယ်။ ဒီလိုခေတ်ကို ရောက်တဲ့အခါ လူတွေဟာ အကြားအမြင်ရသလို ဖြစ်နေတယ်။ ကမ္ဘာတစ်ဖက်က သတင်းကို အခြားတစ်ဖက်က ချက်ချင်းကြားနေမြင်နေရတယ်''



လူနေမှုစနစ်ကြီးဟာ ပြောင်းလဲလာတယ်။ ဒီလို အဆင်ပြေလာတဲ့အခါ လူတွေဟာ သူတို့ရဲ့စားဝတ်နေရေးကို ပြန်ကြည့်ဖို့ အချိန်ရလာတယ်။ စားဝတ်နေရေးဆိုတဲ့ သုံးခုထဲမှာ အ၀တ်စားကောင်းကောင်းရနိုင်တယ်။ အကောင်းဆုံးအိမ်ကို လည်း ရနိုင်တယ်။ ဒါပေမယ့် အကောင်းဆုံးအစားကိုကျတော့ တကယ်ရနိုင်လား။ အရသာအရှိဆုံး အစားအစာရနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဒီအစားအစာတွေဟာ အထောက်အကူပြုရဲ့လားဆိုပြီး စဉ်းစားလာတယ်။

''ဆက်သွယ်ရေးဂြိုဟ်တုတွေကို  ကောင်းကောင်းသုံးလာနိုင်ကြတာကိုး''
''ဟုတ်တယ်။ ဘယ်နေရာကိုမဆို အီးမေးလ်နဲ့ စာပို့လို့ရတယ်။ စာပို့သမားမလိုဘူး။ အိမ်ပြောင်း၊ နေရာပြောင်း နိုင်ငံပြောင်းလည်း လိပ်စာသစ်မလိုဘူး''
''ခရီးသွားရတာလည်း လွယ်လာတယ်''
''အရင်က မန္တလေးကို လှည်းနဲ့သွားရင် ရက် ၆၀ လောက်ကြတယ်။ အခု ကားနဲ့သွားရင် ၆ နာရီကနေ ၁၀ နာရီလောက်ပဲကြာတယ်။ လေယာဉ်နဲ့သွားရင် မိနစ် ၆၀ ဒါမှမဟုတ်  မိနစ် ၉၀ လောက်ပဲကြာတော့တယ်'' အင်းဒီတော့ လူတွေဟာ အင်မတန် အဆင်ပြေတဲ့ ခေတ်ကိုရောက်နေပြီပေါ့''
''ဒီတော့ လူနေမှုစနစ်ကြီးဟာ ပြောင်းလဲလာတယ်။ ဒီလို အဆင်ပြေလာတဲ့အခါ လူတွေဟာ သူတို့ရဲ့စားဝတ်နေရေးကို ပြန်ကြည့်ဖို့ အချိန်ရလာတယ်။ စားဝတ်နေရေးဆိုတဲ့ သုံးခုထဲမှာ အ၀တ်စားကောင်းကောင်းရနိုင်တယ်။ အကောင်းဆုံးအိမ်ကို လည်း ရနိုင်တယ်။ ဒါပေမယ့် အကောင်းဆုံးအစားကိုကျတော့ တကယ်ရနိုင်လား။ အရသာအရှိဆုံး အစားအစာရနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဒီအစားအစာတွေဟာ အထောက်အကူပြုရဲ့လားဆိုပြီး စဉ်းစားလာတယ်။ အမေရိကန်ပြည် ထောင်စုလို တိုးတက်မှု အမြင့်ဆုံးနိုင်ငံမှာ လူဝကြီးတွေများလာပြီး ရောဂါတွေများတယ်။ ဒီအတွက် သိပ္ပံနည်းကျကျ ကြိုးစားလေ အန္တရာယ်ရှိလေလေ ဖြစ်လာတာကို တွေ့ရတယ်''
''ကောင်းကောင်းနေ၊ ကောင်းကောင်းသွား၊ ကောင်းကောင်းစားနေရတာပဲ မဟုတ်လား။ ဘယ်လိုအန္တရာယ်ရှိတာလဲ''
''အသွားအလာကြောင့် အန္တရာယ်ရှိတာကို ရှောင်လို့ရတယ်''
''ရတာပေါ့၊ မသွားဘဲနေလို့ရတာပဲ''
''နေရေးကလည်း အကောင်းဆုံးနေရာတွေကို ရွေးချယ်နေလို့ရတယ်။ ဒါပေမယ့် မစားဘဲတော့နေလို့မရဘူး။ ယနေ့ခေတ်မှာ အစားအသောက်ကြောင့် လူတွေဟာ အန္တရာယ်ရှိလာနိုင်တာကို သတိပြုလာမိ တယ်။ အဓိကကတော့ အစားအသောက်ထဲမှာ လူလုပ်တဲ့ အထူးအဆန်းပစ္စည်းတွေ ထည့်လာကြလို့ပါပဲ''
''ဒါတော့ သဘောပေါက်နိုင်ပါတယ် ကိုဘသစ်ရာ၊ စားကုန်သောက်ကုန်အချို့မှာ ရေးထားတယ်။ ဓာတုဗေဒပစ္စည်းများ မပါဝင်ပါတဲ့။ ဒါဟာ လူတွေကိုဆွဲဆောင်တာပဲ မဟုတ်လား''
''မှန်ပါတယ် တကယ်တော့ ဒီလိုရေးတာမှားပါတယ်။ အဲဒီကုန်ပစ္စည်းမှာ အပိုလူလုပ်တဲ့ ဓာတုဗေဒပစ္စည်းတွေ မပါဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ ဓာတုဗေဒပစ္စည်းများ မပါဝင်ပါလို့ ရေးထားတာနဲ့ကို လူတွေသိနေကြပါတယ်။ ခေါင်းကိုက်ဆေးလို့ ပြောရင် ခေါင်းကိုက်ပျောက်ဆေးလို့ လူတွေသဘောပေါက်ပါတယ်။ ဘာကြောင့် ဓာတုဗေဒပစ္စည်းများ မပါလို့ ကြေညာရလဲဆိုတော့ စားသောက်ကုန်ပစ္စည်းတွေမှာ လူလုပ်တဲ့ပစ္စည်း (Food Additive) တွေ ထည့်လာကြလို့ပါပဲ''
''ဒါက အန္တရာယ်ရှိလို့လား''
''အတိအကျ ပြောရင် သဘာဝလောက် မကောင်းနိုင်ဘူးပေါ့''
''ဒါဆိုလည်း ဘာလို့ အဲဒီအစားအသောက်တွေအတွက် (Food Additive) တွေ ထည့်ကြတာလဲ''
''အဓိကအချက် ငါးချက်ရှိတယ်ဗျ။ ပထမအချက်ကတော့ ''မျက်စိကို လှည့်စား''တာပဲ။ လူတွေဟာ အစားအစာတွေကို ပါးစပ်နဲ့ချည်း စားတာမဟုတ်ဘူး။ မျက်စိနဲ့လည်း စားတယ်'' ''ဘယ်လို ဘယ်လို''
''အစားအသောက်တွေမှာ လှလှပပလေးတွေလုပ်ထားမှ သဘောကျတယ်။ အိမ်ရှင်မတွေဟာ ငါးဝယ်ရင် လတ်လတ်ဆတ်ဆတ်ကိုပဲ လိုတယ် မဟုတ်လား''
''ဒါဆိုရင် ဘယ်လိုကြည့်လဲ''
''အင်း၊ အရောင်အသွေး''
''ဟုတ်တယ်။ ဒီလိုအရောင်အသွေးရဖို့ ငါးကိုဆေးဆိုးတယ်။ ငါးပုဏ္ဏားဆိုရင် အ၀ါရောင်လေးဆိုးတယ်။ လက်ဖက်ဆိုရင် အိုရင်မင် ချည်ဆိုးဆေးကို ဆိုးတာပဲ၊ ပုစွန်တွေကျတော့ ဆပ်ပြာမှုန့် ရေဖျော်စိမ်လိုက်တာပဲ''
''ဘယ်လို''
''ဥပမာ နို့မှုန့်တွေမှာ မယ်လမင်းအမှုန့်တွေ ထည့်တာမျိုးပဲ။ ဒီမယ်လမင်းအမှုန့်တွေဟာ ကင်ဆာဖြစ်စေနိုင်တယ်။ ဒါပေမယ့် သူတို့မှာ  နိုထရိုဂျင်တွေပါတယ်။ နို့က ပရိုတင်းမှာလည်း နိုက်ထရိုဂျင်ပါတယ်။ ဓာ တုဗေဒ စစ်ဆေးတာကတော့ ပရိုတင်းပါဝင်မှုကို နိုက်ထရိုဂျင်ပမာဏနဲ့ စစ်ဆေးတာပဲ ဖြစ်တယ်။ ဒီတော့ မယ်လမင်းရောထားတဲ့ နို့မှုန့်တွေဟာ နို့ပရိုတင်းတွေ လုံလုံလောက်လောက် ပါဝင်တယ်ဆိုပြီး FDA ကနေ ခွင့်ပြုတာပါပဲ။ တရုတ်ပြည်မှာ ကလေးသုံးသိန်းကျော်ဟာ မယ်လမင်းအဆိပ်သင့်လို့ သေတယ်လို့ ပြောတယ်။ ဒါတောင် နောက်ဆက်တွဲ ရောဂါတွေလိုက်လာမှု မပါသေးဘူး''
''နောက်တစ်ခုက''
''တာရှည်ခံအောင်လုပ်တာပဲ၊ စောစောကယမ်းစိမ်းတွေထည့်သလို င်္FDA ကခွင့်ပြုထားတဲ့ ဆိုဒီယမ်ဘင် ဇောဝိတ် (Sodium Benzoate) တွေ ကိုလည်းထည့်တယ်။ အရင်ခေတ်ကတော့ ဆားတွေ သကြားတွေနဲ့ တာရှည်ခံအောင် လုပ်တယ်။ ဆိုးတာက ဖော်မလင်လိုမျိုးကို သုံးတာပါပဲ''            ''ဖော်မလင်ဆိုတာလူသေရင်ထိုး တာမဟုတ်လား''
''ဟုတ်တယ်လေ။ နွားနို့တွေ ချက်နို့ဆီတွေမှာ ဖော်မလင်တွေပါတယ်။ ပဲပြားမှာလည်း မကင်းဘူးကြားတယ်။ မုန့်ဟင်းခါးဖတ်တွေမှာတော့ ဘိုရက်စ်(လက်ချား)ကိုထည့်တယ်''
''နောက်ထည့်တဲ့ Food Additive ရဲ့ ရည်ရွယ်ချက်ကရော''
''အရသာတွက်ထည့်တာပေါ့။ MSG လို့ခေါ်တဲ့ အချိုမှုန့်တွေကို သတိထားရတယ်။ မြန်မာတစ်ပြည်လုံး အချိုမှုန့်တွေစွဲကုန်ပြီ ဖြစ်တယ်။ သူဟာလည်း အလွန်အကျွံသုံးရင် ပြဿနာကြီးကြီးရှိတယ်။နောက် ကျွန်တော်ကြားဖူးတာကတော့ အကြော် တွေကို ကျွတ်အောင်လို့ ဆိုပြီးပလတ်စတစ်အိတ်တွေ ထည့်ကြော်တယ်တဲ့''
''ဒီလိုကြော်ရင် ကျွတ်ရောလား''
''ကျွတ်တာပေါ့။ ဆီရဲ့အပူချိန် (ဆူမှတ်) မြင့်လာတာကိုး၊ ဒါပေမယ့် ပလတ်စတစ်ဟာ PVC ပေါ့လေ။ အင်မတန်အန္တရာယ်ကြီးတယ်''
''ဒါပေမယ့် ကိုဘသစ်ရာ။ အကြော်စားလို့ သေတဲ့လူခုထက်ထိ တစ်ယောက်မှမတွေ့သေးဘူး''
''ဒီပစ္စည်းတွေဟာ အဆိပ်ဆိုပေမယ့် ချက်ချင်းတော့ ဘာမှမဖြစ်သေးဘူး။ လူရဲ့ခံနိုင်ရည်စွမ်းကိုကျော်တဲ့အခါမှာ ဒုက္ခစပြီးပေးမှာပါ။   တဖြည်းဖြည်းလှိုက်စားနေတာပါ''
''နောက်တစ်မျိုးကရော''
''အနံ့ကောင်းကောင်းကို လိုတာပါပဲ။ ဒီအတွက် အနံ့ကောင်းစေဖို့ Food Additive တွေထည့်တယ်။ Food Additive ထဲမှာ အနံ့ဟာလည်း  အရေးပါတယ်။ အထူးသဖြင့် အရက်သောက်သူတွေ သတိထားဖို့လိုတယ်။ အရက်တွေကို အနံ့ထည့်ပြီး ရမ်ဆို ရင် Essence Rum ထည့်တယ်။  ၀ီစကီဆိုရင် Essence of Whisky ကိုထည့်တာပဲ။ အရက်ချက်တော့ ဖားပြုပ်တွေထည့်ချက်တယ်။ ယူးရီးယားတွေ ထည့်ချက်တယ်လို့ဆိုတယ်''
''ဘာလို့ ဒီလိုထည့်တာလဲ''
''အရက်ချက်တဲ့အခါ Fermentation မြန်စေဖို့ပါပဲ။ ဒါပေမယ့် ယူရီးယားဟာ တစ်ခါတစ်ခါ ဘက်တီးရီးယားတွေကြောင့် ဓာတ်ပြောင်းကာ Cyanide ဖြစ်သွားနိုင်သေးတယ်။ အဆိပ်ဖြစ်တာပေါ့။ Cyanide ကတော့ အချိန်မစောင့်ဘူး ချက်ချင်းသေတယ်။ အန္တရာယ်ကြီးပါတယ်။  အချို့က အင်ဒရင်းဆိုတဲ့ ပိုးသတ်ဆေးကို နှီးတစ်ပြားစာထည့်တယ်တဲ့''
''အင်ဒရင်းက အတော်ဆိုးလား''
''နှစ်သက် သုံးသက်လောက် သေတယ်။ ကျီးစားလို့ သေတယ်ဆိုရင် ကျီးကို စားတဲ့ ခွေးတောင်သေသတဲ့''
''ကြောက်စရာကောင်းတာပဲ''
''ဒီလိုပဲ ဆေးရွက်ကြီးတွေက ကင်ဆာဖြစ်နိုင်တယ်။ ဒီဆေးရွက်ကြီးကို စီးကရက်လိပ်တယ်။ ပြီးတော့ အနံ့ထည့်ပြီး ဘူးလှလှနဲ့ ရောင်းတော့တာပဲ''
''မိန်းကလေးတွေ အတွက်တော့ ပြဿနာနည်းတာပေါ့''
''သူတို့ရဲ့ဒုက္ခဟာလည်း ဘယ်နည်းပါ့မလဲ၊ သူတို့ဟာ မိတ်ကပ်တွေကြောင့် ဒုက္ခရောက်တယ်။ ဆံပင်ဆိုးဆေးတွေ ဆံပင်ဖြောင့်ဆေးတွေကြောင့် ဒုက္ခရောက်တာတွေအများကြီးပဲ''
''မင်းတို့ ဓာတုဗေဒဟာ ကြောက်စရာကြီးပါလား''
''မင်းစားနေတဲ့ ဆေးဝါးတွေ အ၀တ်အထည်တွေ လူ့အသုံးအဆောင်တွေ အများကြီးဟာ ဓာတုဗေဒကြောင့် တိုးတက်နေတာပါ။ ဓာတုဗေဒဟာ လူဆိုးကြီးမဟုတ်ပါဘူး။ သုံးတတ်ရင် ဆေးလို့ပြောတာ''
''ရှင်းပါဦး''
''ဒီတစ်ပတ်တော့ ဒီလောက်ပဲ၊ နောက်တစ်ခါပြောကြတာပေါ့''
''ကောင်းပြီလေ၊ လူထုဓာတုဗေဒဟာ စိတ်ဝင်စားစရာအကောင်းသား''
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis