menu

Monday 15 October 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ အောက်တိုဘာလ ၁၅ ရက်နေ့က
ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပု

ဒ်မ ၆၄ တွင် ''နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည်
နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ်
ရွေးချယ်တင်မြောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏
ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ''ဟု ပြဋ္ဌာန်းထားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃
တွင်လည်း ''နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင်
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း
နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး
သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်''ဟု ပြဋ္ဌာန်းထားကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေးက ပြောကြားခဲ့သည်။

''နိုင်ငံတော်သမ္မတကြီးက ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဖြစ်တယ်။ အဲဒီကနေပြီး သူ့ကို သမ္မတအဖြစ် တင်မြောက်လိုက်တယ်။
တင်မြောက်လိုက်တဲ့အချိန်က စပြီးတော့ သူ့အနေနဲ့ ပါတီလုပ်ငန်းတွေမှာ ဆောင်ရွက်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့်
သူ့ကို ဥက္ကဋ္ဌအဖြစ်သော်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း သူက နုတ်ထွက်စရာ မလိုပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဆိုတာက
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရယ်၊ နိုင်ငံ့ဝန်ထမ်းအဖြစ်မှရယ် ဆိုတာပါ။ ဒါကြောင့် ပါတီဝင်အဖြစ်ကတော့
နုတ်ထွက်စရာ မလိုပါဘူး။ နုတ်ထွက်ရမယ်လို့ ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ ဒါကြောင့် နိုင်ငံတော်သမ္မတက
ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ရှိနေဆဲဖြစ်တယ်။ ဒါပေမယ်လို့ ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေ၊ ပါတီလုပ်ငန်းတွေမှာ
ဝင်ပြီး မဆောင်ရွက်ရင် ရပါတယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီပါတယ်''ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
ဦးဇော်ဌေးက ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပါတီညီလာခံသို့ တက်ရောက်ခဲ့ပြီး ပါတီကိုယ်စားလှယ်များအား နှုတ်ဆက်အားပေးခဲ့သည်။

သမ္မတဦးသိန်းစိန်သည် နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး သမ္မ္မတအဖြစ် ရွေးချယ်တင်မြောက်ခံခဲ့ရသည်။

ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်နေ့က လျှောက်ထားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်အစိုးရက လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က လူမှုရေး အသင်းတစ်သင်းအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ပြောင်းလဲဖွဲ့စည်းလိုက်သော ပါတီဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်မှာ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းနီးပါးဖြင့် အများစုပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis