menu

Sunday 16 September 2012

လစ်ဗျားရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနှင့် သက်ဆိုင်သော အချက်အလက်များ ထပ်မံထွက်ပေါ်




လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း
တိုက်ခိုက်မှုမဖြစ်မီ သုံးရက်အလိုကပင် လစ်ဗျားလုံခြုံရေး တာဝန်ရှိသူတစ်ဦးဖြစ်သော February 17th Brigade အဖွဲ့ဝင် ဂျာမယ်မာဘရော့က အမေရိကန်သံတမန်များနှင့် တွေ့ဆုံခဲ့ပြီး လုံခြုံရေးအခြေအနေ စိုးရိမ်စရာကောင်းကြောင်း သတိပေး ခဲ့သည်ဟု စက်တင်ဘာလ ၁၅ ရက်တွင် ထပ်မံထွက်ပေါ်ခဲ့သော အချက်အလက်များအရ သိရသည်။ ဘင်ဂါဇီတွင် ဂျီဟတ်အဖွဲ့များ များပြားလာမှုအပေါ် မာဘရော့က သတိပေးခဲ့မှုမှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။
စက်တင်ဘာလ ၁၁ ရက်က ဆန္ဒပြနေချိန်တွင် လက်နက်များ ကိုင်ဆောင်လာသော လူတစ်စုက လူအုပ်ထဲဝင်လာချိန်မှစပြီး ၀ရုန်းသုန်းကားဖြစ်ခဲ့ကြောင်း လစ်ဗျားပြည်ထဲရေး ဒုတိယ၀န်ကြီးဝါနစ် အယ်ရှရိဖ်က ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်များအရ ယင်း ဖြစ်စဉ်မှာ ည ၁၀ နာရီတွင်စတင် ခဲ့ပြီး သေနတ်သမားများက သံရုံး၏ အဓိက၀င်းကို ပစ်ခတ်ခဲ့ကာ ၁၅ မိနစ်အကြာတွင်သံရုံးထဲဝင်ခဲ့ကြောင်း သိရသည်။

ရော့ကတ်လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် သံရုံးမှာမီးလောင်ခဲ့သည်ဟု အမေရိကန်အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မီးလောင်မှု ကူးစက်ချိန်တွင် စတီဗင်၊ ပြည်ပရေးရာပြန်ကြားရေး စီမံခန့်ခွဲရေးအရာရှိ ရှောင်စမစ်နှင့် အမေရိကန်ဒေသဆိုင်ရာ လုံခြုံရေးဝန်ထမ်းတစ်ဦး၊ စုစုပေါင်းသုံးဦးမှာ ဘေးကင်းသည့်အခန်းတွင် ရှိနေခဲ့သည်ဟု သိရသည်။ ဒေသဆိုင်ရာ လုံခြုံရေးဝန်ထမ်းဆိုသူမှာ အဆောက်အအုံတွင်းမှ လွတ်မြောက်ခဲ့ပြီး စတီဗင်နှင့် စမစ်ကိုကယ်ရန်လာချိန်တွင် စမစ်မှာ သေဆုံးနေခဲ့ကာ မီးခိုးမွှန်မှုကြောင့်ဖြစ်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယင်းအချိန်တွင် စတီဗင်မှာ ပျောက်နေခဲ့သည်။ စတီဗင်အလောင်းကိုတွေ့ခဲ့သော အခန်းမှတံခါးကြီးနှင့် ပြတင်းပေါက်များကို သံမဏိတိုင်များဖြင့် ကာထားသည်ဟု သိရသည်။ လုယက်တိုက်ခိုက်သူများက အခန်းထဲဝင်စီးခဲ့ပြီးနောက် စတီဗင်အလောင်း ကို တွေ့ခဲ့ခြင်းဖြစ်ပြီး သေဆုံးရသည့် အကြောင်းရင်းအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ် မထုတ်ပြန်သေးပေ။ ဒေသခံများကစတီဗင်ကို ဘင်ဂါဇီရှိဆေးရုံတစ်ခုသို့ ပို့ပေးခဲ့ပြီး ဆရာဝန်များက မကယ်နိုင်တော့ဘဲသေပြီဟု ကြေညာ ခဲ့ရသည်။ သံရုံးဂိတ်တစ်ခုတွင်စောင့်ရသော လုံခြုံရေးတစ်ဦးက တိုက်ခိုက်မှုမှာ နေရာသုံးခုမှ တစ်ဆက်တည်း ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ စက်သေနတ်များ၊ ရော့ကတ် လောင်ချာများဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်း သူကပြောကြားခဲ့ပြီး မျက် နှာဖုံးစွပ်ထားသော သေနတ်သမားများက သူ့ကိုသတ်ရန် ခြိမ်းခြောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref:CNN;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis