menu

Sunday 16 September 2012

ကမ္ဘာဦးအမွေးထူဆင် ပုံတူမျိုးပွားရန် မျှော်လင့်ချက်ရှိလာ





ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသတွင် ကမ္ဘာဦးအမွေးထူဆင်တစ်ကောင်၏ အေးခဲနေသည့် ရှင်သန်နေသည့်ဆဲလ်များ ကြွင်းကျန်နေသေးသည်ဟု ယူဆရသော အစိတ်အပိုင်းများ တွေ့ရှိခဲ့ရသောကြောင့် ကမ္ဘာဦးဆင်ပုံတူ မျိုးပွားရေး အကောင်အထည်ပေါ်လာနိုင်ဖွယ် ရှိနေသည်။
ရုရှားနှင့် တောင်ကိုရီးယားပညာရှင်များပါရှိသည့် သုတေသနအဖွဲ့သည် ယခင်ကတည်းက အငြင်းပွားဖွယ် အိုင်ဒီယာတစ်ရပ်ဖြစ်သော ကမ္ဘာဦးဆင်ပုံတူမျိုးပွားရေးကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ဆိုက်ဘေးရီးယားဒေသအရှေ့ပိုင်း အေးခဲနေသော မြေအောက်  ၃၂၈ ပေအနက်တွင် ကမ္ဘာဦးဆင်၏ အမွေးများ၊ တစ်သျူးမျှင်နှင့် ရိုးတွင်းချင်ဆီများကို တွေ့ခဲ့ရကြောင်း ရုရှားမြောက်ပိုင်းပြည်ထောင်စုတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။

အမွေးထူ ကမ္ဘာဦးဆင်များသည် လွန်ခဲ့သော အနှစ်တစ်သောင်းကတည်းက မျိုးသုဉ်းသွားခဲ့သည်ဟု ယူဆရသော်လည်း အချို့သော အုပ်စုငယ်များမှာ အလာစကာနှင့် ဆိုက်ဘေးရီးယားကမ်းလွန် ၀ရမ်ဂယ်ကျွန်းတို့တွင် လွန်ခဲ့သော အနှစ် ၄၀၀၀ ခန့် အထိရှင်သန်ခဲ့သေးသည်ဆိုသောအယူအဆ ကလည်းရှိနေသည်။
ယခင်ကတည်းက ကမ္ဘာဦးဆင်များ၏ အရိုးနှင့်အစိတ်အပိုင်းများ တွေ့ရှိခဲ့ဖူးပြီး ပုံတူမျိုးပွားရန် ကြံစည်ခဲ့ကြဖူးသော်လည်း ရှင်သန်နေသည့်ဆဲလ်များ မကြွင်းကျန်ခြင်းကြောင့် မအောင်မြင်ခဲ့ပေ။ ပုံတူမျိုးပွားရန် ကြံနေသည့်အဖွဲ့နှင့်ပတ်သက်ပြီးလည်း သံသယဖြစ်မှုများ ရှိနေသည်။
အဖွဲ့ဝင်တစ်ဦးမှာ အငြင်းပွားဖွယ် တောင်ကိုရီးယားပညာရှင် ဟွမ်ဝူဆွတ် ဖြစ်သည်။ ဟွမ်သည် ပုံတူမျိုးပွားမှုနယ်ပယ်တွင် ရှေ့ဆောင်ပုဂ္ဂိုလ်အဖြစ် တောင်ကိုရီးယား ထင်ရှားခဲ့သော်လည်း ၂၀၀၆ တွင် သူ၏ လူသားပင်မကလာပ်စည်း သုတေသနတွင် လိမ်လည်မှုများရှိခဲ့ကြောင်း ပေါ်ပေါက်ပြီး နာမည်ပျက်ခဲ့ရသူဖြစ်သည်။ သို့ရာတွင် ၂၀၀၅ ခုနှစ်က ကမ္ဘာ့ပထမဆုံး ပုံတူမျိုးပွား ခွေးကလေးစနူပီကို ဖန်တီးနိုင်ခဲ့မှုမှာမူ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
Ref;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis