မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာဒေသရှိ
အင်ကြင်းကျောက်ကွင်းများသို့ ရောက်ရှိသောအခါ
ကဗျာဆရာပိုင်စိုးဝေ၏ ''ကိုယ့်အိတ်ထဲက တစ်ပြားတစ်ချပ်မှမပါဘဲနဲ့ လမ်းပေါ်က
တစ်ပြား တစ်ချပ်မှ ကောက်ရဖို့ မျှော်လင့်မထားနဲ့ ကံကြမ္မာဆိုတာ
‘ဒီလိုဘဲမျှားယူရတယ်...'' ဆိုသည့် ကဗျာတစ်ပိုဒ်ကို သတိရမိသည်။
အညာပီသသော အညာဒေသမို့ မုတ်သုံဝင်ချိန်ဖြစ်သော်လည်း
မိုးသားတိမ်လိပ်ကြားမှ နေပြူကာ စူးစူးရဲရဲနှင့် အညာသရုပ်က ပီပြင်စွာ
ပေါ်လာသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသ၌
မိုးဦးနောက်ကျကာ စိုက်ရေးပျိုးရေး မဖြစ်ထွန်းခြင်းတို့ကြောင့် ရှေးပျုတို့
အခြေချနေထိုင်ခဲ့ရာ၊ ပျုယဉ်ကျေးမှုတို့ ထွန်းကားခဲ့သော
နွားထိုးကြီးမြို့နယ်အတွင်းရှိ ၀တီးမြို့ဟောင်းအစပ်မှ အင်ကြင်းကျောက်ကွင်းက
တစ်ပိုင်းတစ်စ ကန္တာရဆန်သော်လည်း ဒေသခံတို့၏ ၀မ်းတစ်ထွာအတွက်
အားကိုးအားထားရာ သမုဒ္ဒရာဟုဆိုလျှင်လည်း မှားအံ့မထင်။
ထိုအရပ်ထိုဒေသတွင် ရုပ်ကြွင်း သယံဇာတများကို
တူးဖော်အသက်မွေးဝမ်းကျောင်းပြုနေကြသော အရပ်အခေါ်
ဘုရားကြီးကျောက်ကွင်းကိုရောက်သည်နှင့် ထန်းပင်ထန်းလက်များကြားမှ
မြင်တွေ့ရသည်မှာ နှမ်းရိုး၊ ပဲစင်းငုံကိုင်းမဲ့ လွင်တီးမြေပေါ်တွင် ဖို့မြေ၊
စွန့်ပစ်မြေနှင့် ဂပူဇာငယ်များ၊ တစ်ကိုယ်စာ
ကျင်းစောက်နက်နက်ပတ်ဝန်းကျင်တွင် နီကြန့်ကြန့်၊ ၀ါဖန်ဖန်ခါတစ်ရံ
သဲဖြူလွှလွှနှင့် အင်ကြင်းကျောက် ရှာဖွေပွဲက သိုက်သိုက်မြိုက်မြိုက်
ရှိလေလှတော့သည်။
တစ်နည်းခြုံငုံကာ ဆက်စပ်တွေးခေါ်ကြည့်သော် ကချင်ပြည်နယ်အတွင်းရှိ
ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်တို့သကဲ့သို့ ကျောက်စိမ်းမှော်များကို
ပြေးမြင်မိသလိုပင် ဤသည်ကလည်း မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၏
အင်ကြင်းကျောက် များထွက်ရှိရာ ကျောက်မှော်ပင် ဖြစ်တော့သည်။ မြေအောက်သယံဇာတ
တစ်မျိုးဖြစ်သည့် အင်ကြင်းကျောက် တူးဖော်ရေးလုပ်ငန်းဆိုသည်မှာလည်း
ဒေသခံတို့အဖို့ မမြင်နိုင်သော ကံတရား၊ ကံကြမ္မာနှင့်
ကြွေအံကစားရသူများပမာဖြစ်လေရာ ၎င်းတို့၏ဘ၀များကို တစ်ခန်းတစ်ကန့်ချင်း
ပန်းခင်းကိုမြင်းစီးရင်း ဖြတ်ကြည့်လေမိသောအခါ . . . ။
''အခုလို အင်ကြင်းကျောက်မှော် လုပ်ကွက်ပုံစံဖြစ်လာတာကတော့ မကြာသေးပါဘူး။
သုံးလေးနှစ်လောက်ပဲ ရှိပါသေးတယ်။ ဒီရွာအနီးဝန်းကျင်မှာထွက်တဲ့
အင်ကြင်းကျောက်နဲ့ ချင်းပုတီးလုပ်ငန်းကတော့ ဟိုးအရင် ဘိုးဘွားတွေ
လက်ထက်ကတည်းက လုပ်လာကြတာ မိရိုးဖလာလိုဖြစ်နေပြီ။ ချင်းပုတီးဆိုတာကလည်း
ရှေးအခေါ်ကတော့ ပျုပုတီးပေါ့။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း
ဝတီးဆိုတာက ပုတီးကိုဆိုတာပါ။ အင်ကြင်းကျောက်ကို အခြေခံပြုလုပ်တဲ့
ပျုပုတီးတွေထွက်ရှိရာ ဟောဒီ အရပ်ကို ပျုယဉ်ကျေးမှု ထွန်းကားခဲ့ရာ
ဝတီးမြို့ဟောင်းလို့ သမိုင်းသုတေသီတွေက သုံးသပ်ကြတယ်''ဟု ဆိုပြန်လေတော့လည်း
လွန်ခဲ့သော နှစ်သန်းနှင့်ချီ၍ မြေအောက်ကမ္ဘာတွင်
ပုန်းလျိုးတိမ်းရှောင်နေသော သဘာဝရုပ်ကြွင်းများ၊ လွန်ခဲ့သော
နှစ်ပေါင်းနှစ်ထောင်ကျော်ကပင် တည်ရှိခဲ့ဖူးသော ပျုလူမျိုးတို့၏ သမိုင်းဝင်
ယဉ်ကျေးမှုတို့နှင့် ဆက်စပ်ကာ ယနေ့မျက်မှောက်ကာလ၏ အင်ကြင်း
ရုပ်ကြွင်းတူးဖော်ရေး လုပ်ကိုင်နေကြသည်။ မြင်ကွင်းကလည်း ကွဲနေသော
မှန်စများပမာပင် ဖြစ်ချေတော့မည်။
''ဘိုးဘွားစဉ်ဆက်တုန်းကတော့ တစ်ပိုင်တစ်နိုင်တွေ့ရှိတဲ့
ကျောက်အပိုင်းအစတွေကိုပဲ ပုတီးသွေးပြီး အသက်မွေးခဲ့ကြတာပေါ့။ ချင်းပုတီးတွေ
ရန်ကုန်ဈေးကွက်မှာ တွင်ကျယ်လာတဲ့အခါ ရန်ကုန်ဝယ်လက်က
အင်ကြင်းကျောက်ဆိုတာကို မမြင်ဖူးလို့ နမူနာပြရင်းက အတုံးအခဲလိုက်၊
ပိဿာချိန်အလိုက် ရောင်းဝယ်တဲ့ဈေးကွက်က ဖြစ်ထွန်းလာတာပေါ့။ အဲ့ဒီနောက်တော့
သိတဲ့အတိုင်းပဲ တရုတ်ဝယ်လက်လိုက်လာပြီး ကြယ်ခေါင် ဈေးကွက်ထိအောင်
ရောက်ကုန်တော့တာပါပဲ''ဟု အင်ကြင်းရုပ်ကြွင်း ရှာဖွေသူတစ်ယောက်က
ပြောကြားလေရာ တစ်စထက်တစ်စ ကျယ်ပြန့်လာသော ဈေးကွက်နှင့်အညီ အညာမှ
ကျောက်တုံး၊ ကျောက်ခဲက ပြည်မကြီးတွင် ဧည့်ကောင်းစောင်သည်ဖြစ်၍ နေတော့သည်။
မိုးမအောင်ရေမရ၍ စိုက်ရေးပျိုးရေးက အားထား၍မရသောအခါ မြေပေါ်သီးနှံထက်
မြေအောက် သယံဇာတသည်သာ တစ်ဝမ်းတစ်ခါးကို ကူညီဖြေရှင်းနေရသော အခြေအနေ၊
ယင်းသို့သော အခိုက်အတန့်မှာပင် ကျင်းပိုင်၊ ကျင်းသား၊ အညာသူ၊ အ
ညာသားတို့မှာ ထန်းပင်ကြို၊ ထန်းပင်ကြား နှမ်းခင်းပဲခင်းအလယ်မှ
သဘာဝကျောက်ဖြစ်ရုပ်ကြွင်း သယံဇာတကို ရှာဖွေရင်း ပြည်မကြီးမှလာရောက်မည့်
ကုန်သည်ပွဲစားအ၀ယ်ကို မျှော်လင့်နေရ သည်မှာလည်း . . .
''ကျောက်တူးမယ်ဆိုရင် ယာရှင် အခင်းရှင်ကို တူးဖော်လို့ရတဲ့ ကျောက်ရဲ့
ရောင်းဈေးသုံးချိုးတစ်ချိုး ပေးရတယ်။ တူးဖော်စရိတ်၊ နေစရိတ်၊ စားစရိတ်နဲ့
လုပ်သားခက ကျောက်ရရက်ကြာတဲ့အပေါ် မူတည်တာပဲ။ တစ်ခါတလေ ကျောက်ပေါ်အောင်
အတောင်အစိတ်၊ သုံးဆယ်ထိတူးရင်း ရေထွက်လာတယ်။ ရေထွက်လာတော့
ဘယ်လိုမှဆက်တူးလို့မရလို့ လက်လျော့လိုက်ရတာမျိုးလည်း ရှိတယ်။ အခုချိန်မှာ
တောင်သူ လုပ်ငန်းက လည်း အလုပ်မဖြစ်တော့ အကျိုးအမြတ်ရရှိဖို့ မသေချာတဲ့ အင်
ကြင်း ကျောက်တူးတဲ့အလုပ်ကိုပဲ တစ်နေ့ တွေ့နိုးနိုးနဲ့ ကံစမ်းပြီး
ပေကပ်လုပ်နေရတာ''ဟု ဆိုပြန်ရာသည် အရပ်နှင့်သည်ဇာတ်၏ တစ်ခုအဆင်မပြေ၊
တစ်ခုအဆင်ပြေလိမ့်နိုးနှင့် လှုပ်ရှားရုန်းကန်ဖြစ်တည်နေမှုက သူ့နေရာနှင့်သူ
အသားကျနေသလိုပင်။
လွင်တီးခေါင်ထက်က အရိပ်ခို ထန်းရွက်မိုးကာတဲများ
အစွန်းဝယ်ကျနေရောင်သဲ့သဲ့သည် ထိုထိုသော ဘ၀အမောတွေအား တစ်ရက်တာ
အနားယူအိပ်စက်ရန် အချက်ပြနေလေတော့သည်။ လူကြီး၊ လူငယ်၊ အမျိုးသမီး တစ်စု
ရေဘူး၊ ထမင်းချိုင့်၊ သံတူရွင်း၊ ဂေါ်ပြား၊ တောင်း၊ ပုံးစ သည့်
တိုလီထွာလီများကို ကိုင်ဆွဲပြီး အရိပ်ခိုတဲလေးများကို ကျောခိုင်းခါ
ရွာဘက်သို့ ဦးတည်ကာ လေးတွဲသည့် ခြေလှမ်းများဖြင့် လျှောက်လှမ်း လို့နေသည်။
ညာသံပေး အော်ဟစ်သံ ကြားရာကိုကြည့်မိတော့ တွင်းထဲမှ ကျောက်ကို ကုန်းပေါ်သို့
ဆွဲတင်နေသော ပုရိသသားတစ်စု၏ အသံက ကျောက်မတွေ့ရှိသေးသည့် အခြားသော
ကျောက်ရှာသူများအား မသေချာ၊ မရေရာနှင့် မာယာများသည့်
အင်ကြင်းကျောက်လုပ်ကွက်နေရာကို မနက်ဖြန်များစွာအတွက်များ ခေါ်နေသယောင်ယောင် .
. . မြင်ရ၊ ကြားရ၊ ထိတွေ့ ခံစားရခြင်းများကို အတွေးပွားရင်း စိတ်ထဲက
ရေရွတ်မိသည်က . . .
''တကယ်တော့ နွားအုပ်က မြက်ခင်းကို ရွေးချယ်ခဲ့ခြင်းမဟုတ် မြက်ခင်းကသာ နွားအုပ်ကို ရွေးချယ်ခဲ့တာပါ...
ကံကြမ္မာဆိုတာ ဒီလိုဘဲများ ယူရတယ်''နှုတ်ဖျားမှ ကဗျာတစ်ပိုင်းတစ်စ လွတ်ကျသွားခဲ့သည်။
EMG |
No comments:
Post a Comment