menu

Thursday 2 August 2012

အလက်ပိုမြို့နှင့် တူရကီအကြားရှိ မဟာဗျူဟာမြောက် စစ်ဆေးရေးဂိတ်တစ်ခုကို ဆီးရီးယားတော်လှန်ရေးသမားများ သိမ်းပိုက်




ဆီးရီးယား တော်လှန်ရေးသမားတို့လက်ချက်ဖြင့် ဆီးရီးယား စစ်တပ်တင့်ကားတစ်စီး ပျက်စီးနေမှုကို ဇူလိုင်လ ၃၀ ရက်က တွေ့ရစဉ်
ဆီးရီးယားလူဦးရေ အထူထပ်ဆုံးမြို့တွင် ဇူလိုင်လ ၃၀ ရက်က အစိုးရတပ်များနှင့် အတိုက်အခံ တော်လှန်ရေးတပ်များအကြား ၁၀ နာရီကြာ တိုက်ခိုက်မှုအပြီး တော်လှန်ရေးသမားများက အလက်ပိုမြို့ အနောက်မြောက် ဘက်နှင့် တူရကီအကြားရှိ မဟာဗျူဟာမြောက် စစ်ဆေးရေးဂိတ် တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။
အလက်ပိုမြို့အနောက်မြောက်ဘက်မှ ငါးကီလိုမီတာအကွာရှိ အန်နာဒန် စစ်ဆေးရေးဂိတ်တစ်ခုကို သိမ်းနိုင်ခဲ့ကြောင်း ပြီးခဲ့သောလကမှ ဆီးရီးယားစစ်တပ်မှ ဘက်ပြောင်းခဲ့သော ဗိုလ်ချုပ်ကြီးအဆင့်ရှိ အဘ်ဒယ်နာဆာက ပြောကြားခဲ့သည်။ ယင်းအတွက်ကြောင့် တူရကီနယ်စပ်နှင့် အလက်ပိုမြို့တို့အကြား ဆီးရီးယား အတိုက်အခံဖြစ်သော ဆီးရီးယားလွတ်မြောက်ရေး တပ်မတော် (FSA) မှာ လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိတော့ မည်ဖြစ်သည်။

တော်လှန်ရေးသမားများ ခြေကုပ်ယူရန်ကြိုးပမ်းနေသော အလက်ပိုမြို့ကို အစိုးရတပ်များက ဇူလိုင် လ ၃၀ ရက်တွင် ရဟတ်ယာဉ်များ ဖြင့်ပစ်ခတ်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အလက်ပိုမြို့မှ အရပ်သားနှစ်သိန်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး လူသားချင်း အကူအညီပေးမှုဆိုင်ရာ ကပ်ဘေးတစ်ခု ကြုံရနိုင်ကြောင်း သတိပေးခဲ့သည်။
ဆီးရီးယားတွင် သမ္မတ ဘာရှားအယ်လ်အာဆတ်နုတ်ထွက်ရေး အပါအ၀င် ဆီးရီးယားပြည်သူများ၏ဆန္ဒများကို တုံ့ပြန်ရေး စသည်တို့ပါဝင်သော ဆီးရီးယားနိုင်ငံရေး အသွင်ကူးပြောင်းရေး အရှိန်မြှင့် လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန် သမ္မတဘာရက်အိုဘားမားနှင့် တူရကီဝန်ကြီးချုပ် ရီဆက်တေရစ်အာဒိုဂန်တို့က ဇူလိုင်လ ၃၀ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်။
တူရကီမှာ အာဆတ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သော နိုင်ငံဖြစ်ပြီး ဆီးရီးယား စစ်တပ်မှဘက်ပြောင်းလာသူများစွာကို ခိုလှုံခွင့်ပေးထားကာ ဆီးရီးယားဒုက္ခသည် ၄၄၀၀၀ ခန့်ကို လက်ခံပေးထားသည်။ ဆီးရီးယား အိမ်နီးချင်း ဂျော်ဒန်ကလည်း ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံနိုင်ရန်အတွက် ပထမဆုံးဒုက္ခသည်စခန်းကို ဇူလိုင်လ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃၀ ရက်တွင်ပင် လန်ဒန်ရှိ ဆီးရီးယာားအကြီးတန်း သံတမန်တစ်ဦးဖြစ်သူ  Khaled al Ayoubi က အာဆတ်အစိုးရ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်သည့်အနေဖြင့် ရာထူးမှနုတ်ထွက်ကြောင်း အကြောင်းကြား ခဲ့ရာ ဆီးရီးယား အစိုးရအတွက် ထပ်မံထိုးနှက်ချက်ဖြစ်ခဲ့သည်။ သြစတြေးလျရှိ ဆီးရီးယားသံရုံးတွင်လည်း ၀န်ထမ်းအချို့က ခိုလှုံမှုများရှိခဲ့သဖြင့် ယင်းသံရုံးကို ဆီးရီးယားက ပိတ်ပစ်ခဲ့ကြောင်း သိရသည်။ 
ဆီးရီးယားအစိုးရနှင့် စစ်တပ်ဘက်မှ ဘက်ပြောင်းမှုများမှာ အာဆတ်အစိုးရအတွက် ကြီးထွားလာသော ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Walid al-Muallem သည် မဟာမိတ်အီရန်သို့ အံ့အားသင့်ဖွယ် သွားရောက်ခဲ့ပြီး အလက်ပိုရှိ ဆီးရီးယားသူပုန်များ ချေမှုန်းခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref:AFP;CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis