မင်းလည်း
ဘိုကေ။ ငါလည်း ဘိုကေ xxx ညှပ် ညှပ် ဆိုတဲ့ စာသားနဲ့ ဒုံး ဒုံး ဒုံးပျံ
ဆိုတဲ့ စာသားတွေက လူငယ် ပရိသတ် ပါးစပ်ဖျားမှာ စွဲထင်နေတဲ့ သီချင်းတွေပါ။
လျှာခလုတ် တိုက်မတတ် ရွတ်ဆိုရတဲ့ တချို့
Rap သီချင်းတွေက လူငယ်တွေတင်မက လူကြီးတွေရဲ့ နားထဲကိုပါ ၀င်ရောက်နေပါတယ်။
ဒီသီချင်း ဖန်တီးရှင်တွေက လူငယ်တွေဖြစ်တဲ့ အတွက် လတ်ဆတ်မှု၊ ဖျတ်လတ်မှု၊
တက်ကြွမှုနဲ့ ခေတ်မီမှုတွေ အပြည့်အ၀ ပါဝင်နေတာပါ။ အခုတစ်လော လူငယ်တွေ
စီးနေကြတဲ့ ဒုံးပျံနဲ့ လူငယ်တွေ ညှပ်နေတဲ့ ဘိုကေကို ဖန်တီး သီဆိုသူက
လွှမ်းပိုင်ပါ။
ဒုံးပျံ တေးစီးရီး မှာ လွှမ်းပိုင်နဲ့ Bobby Soxer က
ပါဝင် သီဆို ထားကြတာ ဖြစ်ပြီး ၂ ယောက်စလုံးရဲ့ သီချင်းတွေကို ပရိသတ်
လက်ခံခဲ့တာ ဖြစ်ပါတယ်။ လွှမ်းပိုင်က ဒုံးပျံ ခွေမထွက်ခင်မှာ ၇ နှစ်၊ ၈
နှစ်လောက် ကြိုးစားနေခဲ့ရတာ ဖြစ်ပြီး Hip Hop Show နဲ့ အတွဲ
တေးစီးရီးတွေမှာ ပရိသတ်နဲ့ အရင်ဆုံး ရင်းနှီးအောင် ထိတွေ့ခဲ့ရ ပါတယ်။
ဘာပဲပြောပြော လူငယ်တစ်ယောက်ရဲ့ကြိုးစားမှုတွေ အရာထင်ခဲ့ပါပြီ။
ခိုးကူးခေတ်မှာ အခွေကို ရဲရဲဝံ့ဝံ့ ထွက်ခဲ့ပြီး ဘာပဲဖြစ်ဖြစ် အနုပညာတစ်ခု
ထင်ကျန်အောင် လုပ်နိုင်ခဲ့ပါပြီ။ အသက်ငယ်ပေမဲ့ အနုပညာကြီးတဲ့ လူငယ်
အဆိုရှင် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို၊ သူများတွေအတွက်လည်း သီချင်းတွေ
ရေးပေးနေတဲ့ လွှမ်းပိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရွှေအမြုတေ ပရိသတ်ကြီးလည်း
ဒုံးပျံစီးကြည့်ပြီး ဘိုကေ ညှပ်ကြည့်ကြပါဦး။
ဒုံးပျံ
တေးစီးရီးက Audio CD မှာတင် လူငယ်ပရိသတ်ရဲ့အားပေးမှုကို
ရရှိတယ်။ပေါက်တယ်ပေါ့။ သီချင်းတိုင်း မဟုတ်ရင်တောင်မှ လူငယ် ပရိသတ်ကြားထဲ
ရောက်သွားတဲ့ သီချင်းတွေ ရှိတယ်။ ဒါကိုမှ ဗီစီဒီ အနေနဲ့ ထပ်ရောက်အောင်
ဘယ်လို စိတ်ကူးတွေနဲ့ လုပ်ဦးမလဲ။ ကျွန်တော်ကတော့
ဗီစီဒီမှာ ပေါက်တဲ့ သီချင်းကိုမှ ဘယ်လိုဆိုပြီးတော့ မဟုတ်ပါဘူး။ ဒီအခွေ
မထွက်ခင်ကတည်းက ကျွန်တော့် စိတ်ကူးထဲမှာ ရှိပြီးသား။ ဘယ်အပုဒ်ကို ဘယ်လို
ရိုက်မယ်ပေါ့။ အခုလည်း ကျွန်တော် အဲဒီလိုပဲ။ ပေါက်တဲ့သီချင်းကို ပိုပြီး
အားစိုက် မရိုက်ဘူး။ မပေါက်တဲ့ သီချင်းကိုလည်း လျှော့မရိုက်ဘူး။
အကုန်လုံးကို ဒီလိုပဲ။ စိတ်ပါဝင်စားစွာနဲ့ ခန့်မှန်းထားတဲ့ အပုဒ်တွေ
အားလုံးကို ရိုက်ပါတယ်။
အခု ဘယ်နှပုဒ်လောက် ရိုက်ပြီးသွားပြီလဲ။
အခု ကျွန်တော့်ဘက်က ၃ ပုဒ်ပေါ့နော်။ ထက်ထက်(Bobby Soxer) ဘက် က ၃ ပုဒ်။ နှစ်ယောက်ပေါင်း ၆ ပုဒ်ပြီးသွားပြီ။
ဒါဆို
ဒါရိုက်တာတွေကတော့ တစ်ခွေလုံး အတွက် ဘယ်သူတွေဆိုတာ
ရွေးချယ်ပြီးသွားပြီပေါ့။ လွှမ်းပိုင်ရော၊ Bobby Soxer ရောဒုံးပျံတစ်
ခွေလုံး အတွက်ပေါ့။
ကိုစိုင်းလုံးကျောက် တစ်ပုဒ်ပါမယ်။ ကိုအောင် မြတ်က ကျန်တဲ့အပုဒ်တွေ ရိုက်မယ်။ ကိုဝင်းလွင်ထက် နဲ့လည်း ရိုက်ဖို့ရှိပါတယ်။
အခု လူငယ်အနုပညာ ရှင်တွေက အားလုံး ဖန်တီးနိုင် အောင် ကြိုးစားကြတယ်။ လွှမ်းပိုင်ကရော ကိုယ်တိုင် ဒါရိုက်တာလုပ်ဖို့ မရှိဘူးလား။
ကျွန်တော်က ဒါရိုက်တာရယ်လို့တော့ နာမည် မတပ်ဘူး။ ဘာလို့လဲဆိုတော့
ရိုက်ခဲ့တဲ့ အပုဒ်တွေ အားလုံးက ကျွန်တော့် Idea တွေပေါ့။ ကိုယ့် Idea နဲ့ပဲ
ကိုယ်ရိုက် ကူးတယ်။ ဒါရိုက်တာတွေက တော့ ရိုက်ပေးတဲ့ သူဖြစ်တဲ့ အတွက်
သူတို့ နာမည်တွေပဲ ကျွန်တော် တပ်ပါတယ်။
ထက်ထက် (Bobby Soxer) အပိုင်းမှာရော ကိုယ် ပါဝင် စီစဉ်ပေးခဲ့တာ ရှိလား။
အဲဒီလိုတော့ မစီစဉ်ပေး ခဲ့ဘူး။ ထက်ထက် အပုဒ်တွေက ဒါရိုက်တာတွေကပဲ
စဉ်းစားတာ များတယ်။ ကျွန်တော့် သီချင်းတွေပဲ ကျွန်တော် Idea ပေးတယ်။ စီစဉ်
ပေးဖြစ်တယ်။
Idea တွေက ဘယ်လို ထူးခြားမှုတွေ ရှိမလဲ။
ဘာတွေ ထူးခြားမလဲ ဆိုတော့ အခု ဘိုကေ ပြီးပြီ။ Baby Girl ပြီးပြီ။ LCD ပြီး
ပြီ။ အားလုံးကို အဆိုကတ် တွေနဲ့ နေရာနည်းနည်းနဲ့ မတူ ညီအောင်တော့
ကြိုးစားပြီး ရိုက်ထားတယ်။ ဘိုကေ မှာ ဆိုရင်လည်း ပရိသတ်အမြင် ဆန်းမှာပါ။
အကောင်းဆုံး လုပ်ထားတယ်။ LCD ဆိုရင်လည်း ပရိသတ် ကြည့်လိုက်တာနဲ့ ရယ်ရတယ်။
တ၀ါးဝါး ရယ်ရအောင် လုပ်ထားတယ်။ Idea တွေကိုတော့ မပြောပြဘူး။
အနုပညာ
တန်ဖိုး တစ်ခုခု ဒါမှမဟုတ် အရည်အသွေး တစ်ခုခုကို ပြနိုင်မယ့်
ပုံစံမျိုးနဲ့ လုပ်ထားတဲ့ အရာတွေပါမလား။ သီချင်း တစ်ပုဒ်ချင်း ပဲဖြစ်ဖြစ်၊
ဒါမှမဟုတ် တေးစီးရီး တစ်ခုလုံးကိုခြုံပြီးပဲ ဖြစ်ဖြစ်ပေါ့။
အဲဒီလိုအရာနဲ့
ခံစားမှုနဲ့ ဆိုရင်တော့ ဒုံးပျံ ကိုပဲ ပြောရပါလိမ့်မယ်။ ဇာတ်လမ်းတွေ၊
ပုံစံတွေ၊ ဖရိန်တွေတော့ အကုန်ချပြီးပြီ။ သရုပ်ဆောင်လိုက်ရှာမယ်။ ပြီးတော့
ဒီထဲမှာ ကပ်စတင်ချမယ့်သူတွေ အဲဒါတွေကို လိုက်ရှာမယ်။ ပြီးရင် ရိုက်မယ်။
အဲဒီတစ်ပုဒ်ကိုတော့ ပရိသတ်ကြည့်လိုက်ရင် တစ်ခုခုတော့။ တစ်ခုခု ဆိုတာ
နောက်ဆုံး အဆုံးသတ်လေးမှာပေါ့။ တစ်မျိုးလေးပေါ့။ လွတ်လပ်ခြင်းနဲ့
နွေးထွေးမှုအရသာ ပေါ်လွင်အောင် ကျွန်တော်နဲ့ ဒါရိုက်တာနဲ့ ကြိုးစားပြီး
ရိုက်မယ်။
ဒုံးပျံ တို့ ဘိုကေတို့ ဆိုတဲ့ သီချင်းတွေက
အသံနဲ့ ပရိသတ် လက်ခံမှု ရထားပြီး သားဆိုတော့ အရုပ်နဲ့ ထပ်ပြရမယ့် နေရာမှာ
အသံနဲ့ အောင်မြင် ထားတာကို ထပ်ကျော်ဖို့ အတွက် အခက်အခဲ ရှိမယ်လို့
စိုးရိမ်မိလား။
ဒုံးပျံတို့ ဘိုကေ တို့က အခု မေးလိုက်သလို
အရုပ်နဲ့ ပရိသတ် လက်ထဲ ရောက်ဖို့ တာဝန်ပိုကြီး ပါတယ်။ ကျွန်တော်တို့
အရုပ်ထည့်ရတယ် ဆိုတာက အသံနဲ့ ဆိုရတာထက် ပိုပြီး ခက်ခဲတယ်။ ပြောရမယ်ဆိုရင်
အချိန်လည်း ပိုကုန်တယ်။ ပိုက်ဆံလည်း ပိုကုန်တယ်။ ကျွန်တော်တို့ အရင်ကလည်း
ဖြစ်ခဲ့ဖူးပါတယ်။ ချစ်တယ်၊ မုန်းတယ် ဗီစီဒီထဲကဟာတွေ ဆိုရင်လည်း အဲဒီတုန်းက
ကျွန်တော် အကောင်းဆုံးရိုက်ချင် ခဲ့တယ်။ ဒါပေမဲ့ ပရိုဂျူဆာ ဘတ်ဂျက်
မပြည့်တာတို့ ဘာတို့ပေါ့။ အဲဒီ ကိစ္စမျိုး အမြဲဖြစ်ခဲ့တယ်။ ကျွန်တော့်
ဒီအခွေ (ဒုံးပျံ) ကတော့ တစ်ကိုယ်တော်ခွေ မဟုတ်ရင်တောင် ကျွန်တော်တို့
တစ်ကိုယ်တော်ခွေပါပဲ။ ငွေလိုနေရင်လည်း စိုက်ထုတ်လိုက်တယ်။ ပရိုဂျူဆာဆီကလည်း
ကောင်းတယ်။ ကျန်တာ ကျွန်တော်လည်း စိုက်တယ်ပေါ့။ အဓိကကတော့ ကျွန်တော့်
အနုပညာကို ပုံပေါ်အောင်လို့ပါ။
လွှမ်းပိုင်တို့ခေတ်က
ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတွေ များလာတယ်။ အောင်လည်း အောင်မြင် လာကြတယ်။
အခု ဒီအခွေရဲ့ လွှမ်းပိုင် အပိုင်းမှာဆိုရင် ဒုံးပျံ နဲ့ ဘိုကေပေါ့။
ဒီသီချင်းတွေကို စတင်ရေးစပ်ပြီး သီဆိုကြည့်လိုက် ကတည်းက အောင်မြင်
လိမ့်မယ်လို့ ထင်ခဲ့လား။
ဒီသီချင်းတွေအပေါ် ခံစားမှုဆိုရင်
ဘိုကေ ပေါ့ နော်။ ဘိုကေ သီချင်းကို စရေးစပ်တုန်းက ကြိုက်တယ်။
အရမ်းကြိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကို လိုက်ဖွင့်ပြတော့ အဲဒီမှာ
သူတို့က သိပ်မကြိုက်ဘူး။ အဲဒီတော့ သူတို့ မကြိုက်တော့ ကျွန်တော်လည်း
မကြိုက် တော့ဘူး။ ဒုံးပျံ ကိုတော့ ကျွန်တော် ရေးကတည်းကလည်း ကြိုက်တယ်။
သူငယ်ချင်းတွေကလည်း ကြိုက်တယ်။ အရမ်းကြိုက်တယ်။ အဲဒီတော့ ကျွန်တော့်အထင် က
ဘိုကေ နဲ့ ဒုံးပျံ မှာ ဒုံးပျံက ပိုပေါက်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့
တကယ်အခွေ ထွက်အပြီးမှာတော့ ဘိုကေက အသံ ပိုကြားရတယ်။ အဲဒါ
အံ့သြစရာကောင်းတယ်။ ပထမတုန်းကဆို ဘိုကေ ကို အခွေထဲကနေ ဖြုတ်ဖို့တောင်
စဉ်းစားထားတယ်။ သီချင်းတွေက ပုံစံတူ နေပြီး အမြူးတွေ အရမ်းများ တယ်ဆိုပြီး
စဉ်းစားခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဘိုကေက အဲဒီလိုဖြစ်သွားတယ်။ ဒုံးပျံ
ကိုတော့ ပေါက်မယ့် သီချင်းအဖြစ် နဂိုကတည်းက ခံစားမိတယ်။ အဲဒီလိုပုံစံနဲ့
ခံစားမှုတွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ ဒုံးပျံ အခွေ ကတော့ သီချင်းလည်းများ
တယ်။ ပြီးတော့ ဒုံးပျံ ထဲမှာ ကျွန်တော် ထင်ထားတဲ့ နောက်တစ်ပုဒ်က LCD ပေါ့။
သူလည်း ထင်သလောက် မသွားဘူး။ ဘိုကေ လောက် မသွားဘူး။ အဲဒီသီချင်းကို
ကျွန်တော် သီချင်းတစ်ပုဒ် သွားသလောက် ရောက်သင့် သလောက်အထိ အရမ်း
ရောက်စေချင်တာ။ ဒါပေမဲ့ အဲဒီ သီချင်းက ထင်သလောက် မသွားဘူး ဖြစ်နေတယ်။
ဘိုကေ
သီချင်း ပုံစံနဲ့ စာသားတွေက နည်းနည်း ထူးဆန်းနေတယ်လို့ ထင်တယ်။
ဒုံးပျံကလည်း သူ့ပုံစံနဲ့သူ သွားထားပြီး ပုံစံတူတယ် ထင်ရပေမဲ့ တကယ်
နားထောင်ကြည့်ရင် သိပ်မတူဘူး။ အခုလို ပရိသတ်ကြိုက် သီချင်းတွေကို
ဘယ်လိုခံစား ရေးစပ်တယ် ဆိုတဲ့ အကြောင်းလေးလည်း မျှဝေပေးပါဦး။
ဘိုကေ
ကို ရေးစပ်ဖြစ်တဲ့ အကြောင်းက ကျွန်တော် စဉ်းစား မိသွားတာ။ ကျွန်တော်
ငယ်ငယ် လေးကတည်းကလည်း အဲဒီ စကားလေးက ရှိနေခဲ့တာ။ အမှန်တော့ ခေတ်က တစ်ပတ် ပြန်လည်
နေတာပေါ့နော်။ ငယ်ငယ်က ဆံပင်ညှပ်ဆိုင် သွားရင် ပြောကြတယ်။ ဘိုကေ
ပဲညှပ်ပေး။ အဲဒီ စကားလေးကို အရမ်း သဘောကျနေတာ။ ကျွန်တော်က ဆံပင် ညှပ်တာကို
အရမ်း ၀ါသနာပါတယ်။ ဆံပင်ကိုလည်း ထူးထူးဆန်းဆန်း ညှပ်လေ့ရှိတယ်။ အဲဒီစကားကို
စဉ်းစားမိပြီး ရေးတယ်။ ဒုံးပျံ ကျတော့ ဒုံးပျံ ဆိုတဲ့ စကားလုံးကို
သဘောကျလို့။ ဒုံးပျံ ဆိုတာက လျင်မြန်တယ်။ ပေါက်ကွဲ အားကောင်းတယ်။ အဲဒီ
စာသားကို ကြိုက်လို့ ကျွန်တော်ကလည်း ကျွန်တော့် ကိုယ် ကျွန်တော် “ဒုံးပျံ”
လို့ တင်စားပြီး ရေးစပ်တာ။
လူငယ် ဆိုတာကတော့ လူငယ်ပီပီ
တွေးကြ၊ ရေးကြ မှာပါပဲ။ ဒါပေမဲ့ လွှမ်းပိုင်က သီချင်း ရေးတဲ့နေရာမှာ လူ ငယ်
ပီသတဲ့ စိတ်ဓာတ်အပြင် ဘယ်လိုဦးနှောက်၊ ဘယ်လို နှလုံးသားနဲ့ ရေးစပ်လဲ။
သီချင်းလုပ်ပြီဆိုရင်တော့ အဓိကက အကြောင်းအရာက တော့ လူငယ်အကြောင်းအရာ
ဖြစ်မယ်။ နောက်ပြီးတော့ Music ပိုင်းကလည်း လူငယ် ပုံစံဆိုပေမဲ့
သေချာပြန်တီး ရပါမယ်။ အကြောင်းအရာ ကို လူငယ်ဆန်ပြီး စာသားကို ရဲရဲဝံ့ဝံ့
ရေးရပါတယ်။ အဓိက အနေနဲ့ လူငယ်အကြောင်း အရာကို တွေးပြီး လူကြီးလို
ရေးရပါတယ်။
များသောအားဖြင့်က Hip Hop မှာ Rap ဆိုရင် Rap
ပဲရွတ်ပြီး Melodic ပိုင်းဆိုရင် လည်း Melodic ပေါ့။ ဒါပေမဲ့ လွှမ်းပိုင်က ၂
မျိုးစလုံး ကို တစ်ပြိုင်နက်တည်း သွားတယ်။ မဝေးဘူး သီချင်း
ဆိုရင်အစပိုင်းမှာ အေးအေးလေးနဲ့ မယ်လိုဒီနဲ့ သွားထား တာမျိုးပေါ့။ ဒါက ၂
မျိုး စလုံးကို ပိုင်နိုင်တယ်ဆိုတာ ပြချင်တာလား။ ကိုယ်နှစ်
သက်လွန်းတဲ့ပုံစံနဲ့ လျှောက်ခဲ့တာလား။
မယ်လိုဒီ ဆိုတာက
ကျွန်တော် ဟိုးအရင်ကတည်း ကဆိုနေကျပါ။ ဂီတ လောကထဲ မရောက်ခင် ကတည်းက
မယ်လိုဒီဆိုတာက ကျွန်တော် လုပ်နေကျ အလုပ်ပါ။ ပြီးတော့ ကျွန်တော့် စိတ်ထဲမှာ
ရှိတာက Featuring ခေါ်ဆိုရတာ ကောင်းတဲ့ဟာက ကောင်းတယ်။ မကောင်းတဲ့ဟာကျ
မကောင်းဘူး။ ကိုယ်လိုချင် တဲ့ Mood ကို သူက မသိဘူး။ ဒီသီချင်းကို
ကိုယ်တိုင်ရေးတော့ ကိုယ်တိုင်ပဲသိတဲ့အတွက် ကိုယ့်ဟာကိုယ်ပဲ ဆိုဖြစ်တာ
များသွားတယ်။
အခု လက်ရှိရော ဘယ်လို သီချင်း ပုံစံတွေရေးဖြစ်နေလဲ။
ကျွန်တော့် တစ်ကိုယ်တော်ခွေ အတွက် ရေးဖြစ်နေတယ်။ မတူတဲ့ ပုံစံနဲ့
သီချင်းတွေပေါ့။ အကြောင်းအရာ တူမယ် ဆိုရင်တောင် တင်ပြပုံ
မတူတာမျိုးတွေပေါ့။ ပရိသတ်ကြီးအတွက် သီချင်းအသစ်တွေ ပြန်လုပ်နေတာ ၇ ပုဒ်
လောက်ရပါပြီလို့။ အခု ကျွန်တော် ရွေးထားတာတွေက
သူငယ်ချင်းသီချင်းပုံစံမျိုးတွေ ပါမယ်။ တစ်ရာတန်လို သီချင်းပုံစံတွေပါမယ်။
ဘိုကေ လိုဟာလေးတွေပါ မယ်။ မဝေးဘူး လိုမျိုး သီချင်းချိုချိုလေးတွေပါမယ်။
ဒုံးပျံ
တေးစီးရီးမှာ လွှမ်းပိုင်နဲ့ Bobby Soxer အတွဲကို ပရိသတ်က လက်ခံတယ်။
အသိအမှတ် ပြုကြတယ်။ ဒါပေမဲ့ နောက်တစ်ခွေက အတွဲ မဟုတ်တော့ဘဲနဲ့
တစ်ကိုယ်တော်ဆိုတော့ ဘာကြောင့်လဲဆိုတာ သိချင် တယ်။ ပြီးတော့ ၂ ယောက်
တွဲတစ်ခွေပဲ ထွက်ထားတာ ဆိုတော့ ဒီ ၂ ယောက်တွဲ အားကိုရော ထပ်မယူတော့ ဘူးလား။
၂ ယောက်တွဲ အင်အား ထပ်မယူတော့ဘူးလား ဆိုတော့ ပထမကတည်းက ကျွန်တော် နဲ့
သူနဲ့က တစ်ယောက်စီ တစ်ကိုယ်တော် လုပ်ကြမလို့ ပါ။ ဒါပေမဲ့ နောက်ကျတော့ Solo
ခွေ လုပ်ရတာ ရှုပ်ပါတယ်။ အကောင်းဆုံးသီချင်းတွေ ပေါင်းထုတ်လိုက်မယ် ဆိုပြီး
ရည်ရွယ်ပြီး လုပ်ခဲ့တာ။ အခု ကျတော့ Solo လုပ်ဖို့ ကိုယ့် ကိုယ်ကို အချိန်
တန်ပြီလို့ ထင်တယ်လေ။ ကျန်တာက ဘာမှ မရှိပါဘူး။
အရင်က
လွှမ်းပိုင်နဲ့ အခု ဒုံးပျံ အခွေ ထွက်ထားပြီးတဲ့ လွှမ်းပိုင် ဘာတွေကွာခြား
သွားပြီလဲ။ ဘယ်လိုပုံစံနဲ့ ဆက်လျှောက်ဖို့ အစီအစဉ်တွေ ချထားပြီလဲ။
အရင်တုန်းက ပုံစံ အတိုင်းပါပဲ။ လွှမ်းပိုင်က ဒုံးပျံ မထွက်ခင်တုန်းက လွှမ်း
ပိုင် စိတ်ဓာတ်ပါပဲ။ သီချင်း တွေကို အကောင်းဆုံးဖြစ် အောင် လုပ်မယ်။
ပရိသတ်ကို အကောင်းဆုံးဖြစ်ပြီ ဆိုမှ ချပြမယ်။ အဲဒီက နေပြီးတော့ မှ
အောင်မြင်မှု အသီးအပွင့် တွေကို ကျွန်တော် နားထောင်မယ်။ ခံစားမယ်။ ဒါပါပဲ
ကျွန်တော့် စိတ်ဓာတ်ကတော့ အခုအချိန်ထိလည်း အဲဒီ အတိုင်းပါပဲ။
သီချင်းတွေက လွှမ်းပိုင်ရဲ့ ဘ၀ရဲ့ဘယ်လို အစိတ် အပိုင်းလဲ။ သီချင်းတွေကို ဘယ်လောက်အထိ ဖက်တွယ် သွားမလဲ။
သီချင်းတွေက
ကျွန်တော့် ဘ၀အတွက် မေဂျာပါပဲ။ အဓိကကတော့ သီချင်းတွေ ရေးနေဦးမယ်။ ပရိသတ်
လက်ခံနေသရွေ့ သီချင်းတွေ ဆက်လုပ် သွားမယ်။ ပရိသတ် လက်ခံအောင် အမြဲ
ကြိုးစားသွားမယ်။ လွှမ်းပိုင်က ဒုံးပျံ တေးစီးရီး ဗီစီဒီထဲက
သူ့ရဲ့သီချင်းတွေတိုင်းမှာ ပါဝင် သရုပ်ဆောင်ဖို့ အသေချာဆုံး သရုပ်ဆောင်
တစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်အကြိုက် အနုပညာရှင်တွေထဲက နာမည်ကြီး
အနုပညာရှင်တွေကိုလည်း ထည့်သွင်း သရုပ်ဆောင် စေမယ်လို့ ဆိုပါတယ်။ ဒုံးပျံ
ဗီစီဒီအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ လွှမ်းပိုင်က “ဒီနှစ်က ၂၀၁၂
ခုနှစ် ဆိုတော့ စောပါသေးတယ်။ ၂၀၁၃ ခုနှစ် ကျရင်တော့ Solo ခွေထွက်ပြီးတဲ့
အချိန် ကျရင် ပရိသတ်ကို အကြီးမားဆုံး တစ်ခု လုပ်ပြဖို့ ပေးဖို့
စဉ်းစားထားတယ်။ ဒါပေမဲ့ မသေချာသေး တော့ သေချာ မပြောချင် သေးဘူး” လို့လည်း
သူ့ပရိသတ်စိတ်ဝင် စားအောင် တစ်ကြိုသတင်း ပေးသွားခဲ့ပါသေးတယ်။
သင်းပပ (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
No comments:
Post a Comment