menu

Thursday 2 August 2012

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်ကာ မြစ်ချောင်းအနီး နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်




၂၀၁၂ ခုနှစ် မိုးလယ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သံလွင်၊ စစ်တောင်း အပါအ၀င် မြစ်ငယ်များ၊ ချောင်းများတွင် မြစ်ရေမြင့်တက်ကာ မြစ်ချောင်းကမ်းတစ်လျောက်ရှိ နယ်မြို့အချို့တွင် ရေကြီးမှုများဖြစ်ပေါ်လာကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး ပထမကာလသည် မိုးဦးကာလ ဇွန်လ၊ ဒုတိယ ကာလသည် မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်လများ၊ တတိယကာလသည် မိုးနှောင်းကာလ စက်တင် ဘာလနှင့် မိုးလွန်ကာလဖြစ်သော အောက်တိုဘာလတို့ဖြစ်ကာ လက်ရှိအချိန်သည် မြစ်ရေကြီးမှု ဒုတိယကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
မိုးလယ်ကာလအတွင်း ဇူလိုင်လ နောက်ဆုံးပတ်အတွင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေကြီးခြင်း သတိပေးချက်များကို စစ်တောင်းမြစ်တွင် မဒေါက်မြို့နှင့် တောင်ငူမြို့၊ သံလွင်မြစ်တွင် ဘားအံမြို့၊ ပဲခူးမြစ်တွင် ပဲခူးမြို့၊ င၀န်မြစ်တွင် ငါးသိုင်းချောင်းမြို့၊ ဧရာဝတီမြစ်တွင် ဟင်္သာတမြို့၊ ရွှေကျင်မြစ်တွင် ရွှေကျင်မြို့ စသည်တို့၌ ထုတ်ပြန်ခဲ့ရသည်။

ယင်းအနက် မဒေါက်မြို့၊ ငါးသိုင်းချောင်းမြို့၊ ဘားအံမြို့၊ ရွှေကျင်မြို့တို့တွင် အဆိုပါမြို့အသီးသီး၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
''ပထမ ရေကြီးကာလတုန်းက မြစ်ကြီးနားမှာ မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့ရတယ်။ နောက်ဗန်းမော်၊ ကသာရောက်တယ်။ အခုလည်း second flood wave ကို တာစူနေပြီ''ဟု မြစ်ရေကြီးမှုများနှင့် ပတ်သက်၍ Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
စစ်တောင်းမြစ်ရေသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် မဒေါက်မြို့၌ ၁၀၃၄ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၀၇၀ စင်တီမီတာသို့ ရောက်ရှိရန် နီးကပ်လာ၍ မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။  ၂၀၁၂ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်ပွားသော တိုင်ဖွန်းမုန်တိုင်းသည် အနောက်ဘက်သို့ ရွှေ့လျားကာ အင်ဒိုချိုင်းနားဒေသကို ဖြတ်သန်းရာ၌ မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိ ရှိရသည်။
ယင်းသို့ မိုးရက်ဆက် ရွာသွန်းမှုများဖြစ်ပေါ်မှုကြောင့် စစ်တောင်းမြစ်ရေသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် မဒေါက်မြို့၌ ၁၀၈၄ စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေမှတ် အထက် ၁၄ စင်တီမီတာ ကျော်လွန်ခဲ့သည်ဟု သိရှိရသည်။
တောင်ငူမြို့၌ စစ်တောင်းမြစ်ရေမြင့်တက်မှုသည် ရေအတက် မြန်ဆန်ခဲ့ကြောင်း သိရှိရသည်။  
ထို့အတူ င၀န်မြစ်ရေသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ငါးသိုင်းချောင်းမြို့၌ ၁၁၁၁ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း၊  သံလွင်မြစ်တွင်လည်း ဇူလိုင်လ ၂၅ ရက်နေ့၌ ဘားအံမြို့တွင် ၇၀၀ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇ လဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ကာ ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း စိုးရိမ်ရေမှတ်ကို ဆက်လက်ကျော်လွန်နေခဲ့သည်။ စစ်တောင်းမြစ်ရေသည်လည်း ဇူလိုင်လ ၂၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့ကာ ဇူလိုင်လ ၂၉ ရက်နေ့အထိလည်း စိုးရိမ်ရေမှတ်ကို ကျော်လွန်တည်ရှိနေခဲ့သည်။
ဘားအံမြို့တွင်လည်း ဇူလိုင်လ ၃၁ ရက်နေ့၌ စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်နေကာ ရွှေကျင်မြစ်တွင်လည်း ရွှေကျင်မြို့၌ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့သည်။
ထို့အတူ ပဲခူးမြစ်တွင် ပဲခူးမြို့အတွက် မြစ်ရေကြီးခြင်း သတိပေးချက်ကို ဇူလိုင်လ ၂၉ ရက်၊ ဧရာဝတီမြစ်တွင် ဟင်္သာမြို့အတွက် သတိပေးချက်ကို ဇူလိုင်လ ၃၀ ရက်နေ့၊ စစ်တောင်းမြစ်တွင် တောင်ငူမြို့အတွက် သတိပေးချက်ကို ဇူလိုင်လ ၃၁ ရက်နေ့တို့တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်ဟု သိရှိရသည်။
ယခုနှစ် မြစ်ချောင်းများ၌ ရေကြီးရေလျှံမှုများ ကြုံတွေ့ရာတွင် လယ်ယာမြေများ ရေနစ်မြုပ်ခြင်းကို ဒေသအချို့၌ ကြုံတွေ့ခဲ့ရကြောင်း၊ လယ်ယာမြေအချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။ 
''လာမယ့် စက်တင်ဘာလ အောက်တိုဘာလမှာလည်း ရေကြီးမှုအန္တရာယ်ကို သတိပြုဖို့ လိုပါတယ်''ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။
မိုးဦးကာလဖြစ်သော ဇွန်လအတွင်းကလည်း ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့တို့၌ မြစ်ရေကြီးခြင်းကို ကြုံတွေ့ခဲ့ရပြီး ယခင်က ဧရာဝတီမြစ်တွင် မိုးဦးကာလ၌ ယင်းသို့ ကြုံတွေ့ရလေ့မရှိကြောင်း သိရသည်။
''မိုးရွာလို့ ရေကြီးလာတာလို့ ပြောနိုင်ပေမယ့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခဲ့တဲ့ အကျိုးဆက်ကြောင့် အချိန်မတိုင်ခင် ရေကြီးတာကို ကြုံရတာလို့ မြင်ပါတယ်။ မြစ်အထက်ပိုင်းမှာ သစ်တောပြုန်းတယ်။ ရွှေလုပ်ကွက်တွေလုပ်တယ်။ မြစ်ထဲကို မြေဆီတွေ လွယ်လွယ်ရောက်ပြီး မြစ်ကြမ်းပြင် မြင့်တက်နေတော့ မိုးနည်းနည်းရွာတာနဲ့ ရေကြီးတာဖြစ်လာတာပဲ''ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရေကြီးမှုဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောပြသည်။
''မြစ်ကြမ်းပြင်တွေ တိမ်လာတာကြောင့် မိုးရွာလိုက်ရင်မိုးရေကို မထိန်းနိုင်တော့ဘူး။ မြစ်တွေမှာ နုန်းပို့တာ များလာတယ်။ မြစ်ကော လာတယ်။ ဒါကြောင့် မိုးကောင်းလိုက်တာနဲ့ ရေကြီးတာကို ကြုံတွေ့လာတာပါပဲ''ဟု ဒေါက်တာထွန်းလွင်က သုံးသပ်ပါသည်။
သတိပြုရသော မြစ်များမှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌ၀တီမြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ င၀န်မြစ်တို့ဖြစ်ကာ မိုးလယ်ကာလအတွင်း ချင်းတွင်းမြစ်နှင့် ဒုဋ္ဌ၀တီမြစ်တို့မှအပ ကျန်မြစ်များ၌ မြစ်ရေကြီးခြင်း သတိပေးချက်များကို မြို့အချို့တွင် ထုတ်ပြန်ခဲ့ရ ခြင်းဖြစ်သည်။
အဆိုပါမြစ်များအနက် ရေကြီးမှု ဖြစ်ပေါ်မှု အများဆုံးမြစ်မှာ သံလွင်မြစ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်သည် ငလျင်၊ မုန်တိုင်းတို့ပြီးပါက ပျက်စီးဆုံးရှုံးမှုများပြားသော သဘာဝဘေးအန္တရာယ် အမျိုးအစားဖြစ်ပြီး အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကို ၂၀၀၄ ခုနှစ်တွင် ဧရာဝတီမြစ်၌ ကြုံတွေ့ခဲ့ရသည်။
၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝနှင့် မော်လိုက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်များအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနမှ ခန့်မှန်းထားသည်။
EMG
မြန်မာနိုင်ငံ၏ သမိုင်းဝင်ရေကြီးမှုများ
၁၉၇၄ ခုနှစ် ဧရာဝတီမြစ်ရေကြီးမှု(မြို့နယ်ပေါင်း ၂၀)
၁၉၇၆ ခုနှစ် ချင်းတွင်းမြစ်ရေကြီးမှု(၁၈ မြို့နယ်)
၁၉၇၉ ခုနှစ် ဧရာဝတီမြစ်ရေကြီးမှု (၁၄ မြို့နယ်)
၁၉၉၁ ခုနှစ် ချင်းတွင်းမြစ်ရေကြီးမှု(၁၆ မြို့နယ်)
၁၉၉၇ ခုနှစ် စစ်တောင်းမြစ်ရေကြီးမှု(၁၉ မြို့နယ်)
၂၀၀၂ ခုနှစ် ချင်းတွင်းမြစ်ရေကြီးမှု(၁၅ မြို့နယ်)
၂၀၀၄ ခုနှစ် ဧရာဝတီမြစ်ရေကြီးမှု (၂၁ မြို့နယ်)
မြစ်ရေကြီးမှုဆိုင်ရာ အချက်အလက်အချို့
မြစ်ရေကြီးမှု ကြုံတွေ့ရလေ့ရှိသည့် ကာလများ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ။
ရေကြီးမှုကို သတိပြုရသည့်မြစ်များ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌ၀တီမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ င၀န်မြစ်။
ရေကြီးမှုအဖြစ် အများဆုံးမြစ်အမည် သံလွင်မြစ်။
ရေကြီးမှုကို သတိပြုရသောမြို့များ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မုံရွာ၊ မြစ်ငယ်၊ တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ဘားအံ၊ ပဲခူး၊ ငါးသိုင်းချောင်း။
ရေကြီးမှုကြောင့် ကြုံတွေ့ရမှုများ နေအိမ်များ၊ စာသင်ကျောင်းများ စသည့်အဆောက်အအုံများ ရေနစ်မြုပ်ခြင်း၊ လူများရွှေ့ပြောင်းရခြင်း၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်း၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ နှောင့်နှေးခြင်း၊ ကားလမ်း၊ ရထားလမ်းများ ရေကျော်၍ ခရီးသွားလာမှုများ အခက်အခဲကြုံတွေ့ခြင်းနှင့် အခြားအခြေအနေများ။
ပျက်စီးဆုံးရှုံးမှုအများဆုံး ကြုံတွေ့ခဲ့သောနှစ် ၂၀၀၄ ခုနှစ်ဖြစ်ပြီး မြစ်ကမ်းတစ်လျှောက်ရှိ မြို့နယ်များတွင် စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။
၂၀၁၂ ခုနှစ် မိုးရာသီကာလ ရေကြီးမှု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ
ရေကြီးမှုကို စတင်ကြုံတွေ့ရသည့်ကာလ ဇွန်လ နောက်ဆုံးပတ်
ကြုံတွေ့ရသည့် မြစ်အမည် ဧရာဝတီမြစ်
မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ခဲ့သည့်မြို့များ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ
စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့်မြို့ ဗန်းမော်မြို့(စိုးရိမ်ရေမှတ်မှာ ၁၁၅၀ စင်တီမီတာဖြစ်ပြီး ၁၁၆၀ စင်တီမီတာရောက်ရှိခဲ့)
မိုးလယ်ကာလ ဇူလိုင်လ၌ ရေကြီးမှုကြုံတွေ့ခဲ့ရသောမြစ်များ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ င၀န်မြစ်၊ သံလွင်မြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်။
မြစ်ရေကြီးခြင်း သတိပေးချက်ထုတ်ပြန်ခဲ့သည့် မြို့များ ဟင်္သာတမြို့၊ မဒေါက်မြို့၊ ငါးသိုင်းချောင်းမြို့၊ ဘားအံမြို့၊ ရွှေကျင်မြို့၊ ပဲခူးမြို့၊ တောင်ငူမြို့။
စိုးရိမ်ရေမှတ် ကျော်လွန်ခဲသည့်မြို့များ မဒေါက်မြို့(စိုးရိမ်ရေမှတ်မှာ ၁၀၇၀ စင်တီမီတာဖြစ်ပြီး အမြင့်ဆုံး ၅၂ စင်တီမီတာအထိကျော်လွန်) ငါးသိုင်းချောင်းမြို့(စိုးရိမ်ရေမှတ်မှာ ၁၁၃၀ စင်တီမီတာဖြစ်ပြီး အမြင့်ဆုံး ၂၃ စင်တီမီတာအထိ ကျော်လွန်)ဘားအံမြို့(စိုးရိမ်ရေမှတ်မှာ ၇၅၀ စင်တီမီတာဖြစ်ပြီး အမြင့်ဆုံး ၉၂ စင်တီမီတာအထိ ကျော်လွန်) ရွှေကျင်မြို့(စိုးရိမ်ရေမှတ်မှာ ၇၀၀ စင်တီမီတာဖြစ်ပြီး ၁၉ စင်တီမီတာအထိ ကျော်လွန်)
b5_18_03_1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis