“မြန်မြန် ရတာထက် အဲ့ဒီ စာတစ်ပုဒ်ကို ဘယ်အချိန်ပြန် မေးမေး မထစ်မငေါ့
ဒိုးဒိုးဒေါက်ဒေါက် ပြန်ဖြေနိုင်အောင် မှတ်မိ နေတာမျိုး ပိုဖြစ်စေချင်တယ်”
ထင်သည့် အတိုင်းပဲ လာပါပြီ။
ထုံးစံအတိုင်း ခံစားမှုမဲ့သော
ကျောက်ရုပ်ပမာ မပြုံးမရယ် မျက်နှာပေးနှင့် မပြေပြစ်သော စကား။ အစကတည်းက
“တော်သားပဲ“ဟူသော ချီးကျူး စကားမျိုးကို မျှော်လင့်ခဲ့၍ဖြင့် မဟုတ်ပါ။
သို့ပေမဲ့ “ဒီလောက်ဆို မဆိုးပါဘူး” ဆိုသည့် မှတ်ချက်မျှ လောက်တော့
ရရှိလိမ့်မည် ထင်ထားခဲ့သူ ကိုယ့်မှာသာ အောင့်သီးအောင့်သက် ဖြစ်မိရသည်။
အင်းလေ၊ တကယ် တမ်းတွေးကြည့်တော့လည်း သူ့အပြစ်တော့ မဟုတ်။ သူ့အကြောင်း
သိပါလျက်နှင့် အမှတ်သည်းခြေ မရှိစွာ မျှော်လင့်ချင်ခဲ့သည့် ကိုယ်သာလျှင်
အပြစ်ရှိသူ။
“ကဲ အချိန်ဖြုန်း မနေနဲ့။ စာလုပ်ကြရအောင်”စာအုပ်ကို
တမင်တကာ အသံမြည်အောင် စားပွဲပေါ်ပစ်တင်လိုက်သည်။ ကိုယ့်ကို တစ်စက်ကလေးမှ
အထင်မကြီးသည့် အမျိုးသမီး။ အောင်စာရင်းတွေ ထွက်လာမှ ဘယ်လိုဆိုတာ
သိသွားရလောက်အောင် ကြိုးစား ပြလိုက်ဦးမည်ဟု ခက်ဖြူသွယ် ရင်ထဲကြိတ်၍
တေးမှတ် ထားလိုက်သည်။
“နှမြောစရာ ကောင်းလောက်အောင် ဆေးမှတ်မီဖို့ရာ
ဆယ့်တစ်မှတ်ပဲ လိုခဲ့တာ။ ဘာဖြစ်လို့လဲတော့ မသိဘူး။ မိဘကလည်း
တတ်နိုင်ရဲ့နဲ့ကျောင်း မတက်ဘူး။ သူ့အဒေါ်တွေရဲ့ မိတ်ဆွေတွေဆီက တစ်ဆင့်
ဒါလေးကြားရတာနဲ့ မေမေလည်း သမီးအတွက် အပြေးအလွှားဂိုက် သွားငှားလိုက်တာ”ဟု
မေမေပြောစဉ်က သူမကို ယခုလိုမာကျောကျော အေးစက်စက်ဟန်ပန် စရိုက်နှင့် မိန်းမ
တစ်ယောက်ဟု ဘယ်လိုမှ မမျှော်လင့် မိခဲ့တာ အမှန်။ ခက်မျက်စိထဲမှာ တပည့်နှင့်
အသက်အရွယ်ချင်းမတိမ်းမယိမ်း ဂိုက်ဆရာမ လေးဆိုတာ သဘောမနောကောင်းသူ၊ ကိုယ့်
စာသင်သား တပည့်နှင့်နွေးထွေးချစ်ခင်စွာ တိုင် ပင်ညှိနှိုင်းမှုရှိပြီး
သူငယ်ချင်းလိုလည်း ပေါင်းနိုင် သူဟု မျှော်လင့်ထားခဲ့တာ။ လွန်ခဲ့သည့်
ရှစ်တန်း၊ ကိုးတန်းနှစ်တွေကတည်းက အိမ်၌ဂိုက်ခေါ် သင်ခဲ့ကြသော ခက်၏
အတန်းဖော်သူငယ်ချင်း (တစ်နည်းအားဖြင့် အတန်းတိုင်းမှာ ခက်နှင့် အဆင့်တစ်၊
နှစ်၊ သုံးနေရာတွေကို အမြဲလုနေ ကျ)၀င့်ဝါတို့ ယမင်းဖြိုးတို့၏
ဂိုက်ဆရာမတွေနှင့် ဆက်ဆံရေးကို ခက်မြင်ဖူးခဲ့ရသည်လည်း သည် အတိုင်းပဲ
မဟုတ်လား။
ယခုတော့ သူမ ပုံစံက အပိုအလို ခံစား လှုပ်ရှား မရှိသည့် သံပတ် ပေးထားသော စက်ရုပ်နှင့် မထူး။
သတ်မှတ်ထားသည့် စာသင်ချိန်အတွင်း ဘာအကြောင်းကြောင့်ရယ်ဖြစ်ဖြစ်(သူမဘက်မှ
လက်ခံခွင့်ပြုနိုင်စရာ ခိုင်လုံသည့်အရေးတကြီး ကိစ္စမျိုးမှလွဲလျှင်)
အချိန်လုံးဝ မခိုကပ်ရ။ ထို အတောအတွင်း၌ စာအကြောင်းမှလွဲ၍ ဘာ
စကားမှမပြောဖြစ်သလို ခက်ပြောလျှင်လည်း နား မထောင်ပေ။ တကယ်ဆို ခက်သည်လည်း ဤ
ဆယ်တန်းနှစ်မှ ဂိုက်ခေါ် သင်ဖူးသည် မှန်ပေမဲ့ စာညံ့သူမှ မဟုတ်ပဲလေ။
သူငယ်တန်းကတည်းက ကိုးတန်းအထိဆုတွေ ဆက်တိုက်ပိုက်ရင်း လက်ခုပ်သံတွေကြား
ခေါင်းမော့ ရင်ကော့ကာ အတန်း တက်လာခဲ့သူပါ။ ယခုနှစ်မှာ ဂိုက်ခေါ်
သင်ရသည်ကလည်း ဆေးလိုင်း ၀င်လိုသည့် ခက် နှင့်မိဘနှစ်ပါး၏
ရည်ရွယ်ချက်ကြောင့် ရနိုင်သမျှ ကိုယ့်ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားပြင်
ဆင်လိုမှုကြောင့်သာ ဖြစ်ပါသည်။ ကျောင်းမှ ဆရာ၊ ဆရာမတွေကလည်း ခက်ကို
အတော်ဆုံး ကျောင်းသူစာရင်းထဲ ထည့်ကာ ဆယ်တန်းစာမေး ပွဲနှင့် ပတ်သက်၍
တော်တော်လေး မျှော်လင့်ထား ကြသလို ခက်မိသားစု၊ အသိုင်းအ၀ိုင်းနှင့်သူငယ်
ချင်းတွေကလည်း ထိုနည်းတူစွာ။
သည်လို ခက်ကိုမှ စာကြည့်တိုက်ခန်း
နံရံ တစ်လျှောက် အကျအန မှန်ဘောင်သွင်း ချိတ်ဆွဲ ထားသော ခက်၏ ဂုဏ်ယူဖွယ် ဆုရ
ဓာတ်ပုံများ၊ ဆုတံဆိပ်များနှင့် စပ်လျဉ်း၍ သူမထံမှအသိအမှတ် ပြုမှု
တစ်စုံတစ်ရာကိုမှ ခက်မရရှိဖူးသေး သည်မှာ တစ်ဆိတ်တော့ အံ့သြမိချင်စရာ။
လက်ခုပ်သံတွေကြားမှာ အလိုက်သင့် ပြုံး ရယ်နေမိပေမဲ့ ခက်၏အာရုံတွေက ထိုလက်ခုပ် သံတွေကြား အပြည့်အ၀မရောက်ဖြစ်နေသည်မှာ သေချာပါသည်။
“မင်းဝင်ချင်နေတဲ့ ဆေးလိုင်းဆိုတာ ခုလို လူလေးငါးဆယ်လောက်ရှိတဲ့
စာသင်ခန်းထဲမှာ အဆင့်တစ် ရရုံနဲ့ ၀င်ခွင့်ရလိမ့်မယ် ထင်နေရင်
မှားသွားလိမ့်မယ်။ မင်းပြိုင်ရမှာက မင်းရဲ့အတန်း ဖော်ငါးဆယ် မဟုတ်ဘူး။
ဆေးဝင်ခွင့်လို့ သတ် မှတ်ထားတဲ့ အမှတ်ကို လွတ်လွတ်ကျွတ်ကျွတ်
ကျော်ဖြတ်ဖို့ရာ သင်ရိုးညွှန်းတမ်း စာအုပ်တွေနဲ့ ပြိုင်ရမှာ။ ပြိုင်ပွဲ
ပြီးဆုံးသွားတဲ့ တစ်နေ့မှာ သူတို့ ကပဲ မင်းကိုအနိုင်နဲ့ ပိုင်းသွားမလား။
မင်းကပဲ သူတို့ကို အနိုင်နဲ့ ပိုင်းပစ်နိုင်မလား ဆိုတာကိုသာ
စောင့်ကြည့်ရမှာ”
ရလာသည့် ရီပို့ကတ်လေးကိုပင် ဆက်မ
ကြည့်ချင်တော့လောက်အောင် ခံစားရသည်။ ကျောင်းမှ ပါလာသည့် ကြည်နူးစိတ်ကလေးပင်
ဘယ်ချောင်သွားကပ်မှန်း မသိလိုက်။ တစ်ခန်း လုံးမှာ ပထမဟူသည့် ခက်၏
အောင်မြင်မှုကိုပင် သူမဘက်မှ အသိအမှတ်ပြုဖော် မရပါလား။ သို့ သော်
ခက်အတန်းဖော်တွေ ခေါ်သင်သည့် ဂိုက် ဆရာတွေ အားလုံးထဲမှာ ခက်၏ သူမက အထက်
မြက်ဆုံးဟူသော အသိ၊ လပတ်စာမေးပွဲတိုင်း ခက်ထက်ပိုအပင်ပန်းခံကာ
ကြိုးစားပမ်းစား သင် ကြားပြသပေးခဲ့သည့် သူမ၏ စေတနာနှင့် အရည် အသွေးကို
လက်တွေ့ခံစားမိနေသည့် အသိအပြင် ကိုယ့်စည်းနှင့်ကိုယ်နေသော လေးစားလောက် စရာ
ဂိုက်ကောင်းတစ်ယောက်ဟူသည့် အသိဖြင့် ခက်သည် သူမအပေါ် လက်လွှတ်ဖို့ရာတော့
ခုထိ စိတ်မကူး မိသေးပါချေ။
စာသင်နေချိန် ခက်အစား စားတာကို
သူမတစ်စက်ကလေးမှ သည်းမခံသလို သူမ ကိုယ်တိုင်လည်း ချိုချဉ် တစ်လုံးပင် ငုံသူ
မဟုတ်ပါ။ ၀င့်ဝါ၏ ဆရာမများဖြင့် တစ်ခါ တစ်ခါ သူမ ပျင်းလာလျှင် ၀င့်ဝါကို
ကျက်စရာ၊ တွက်စရာတွေ တစ်ပုံကြီး ပေးပြီး စာအုပ်ထိုင်ဖတ် ချင်ဖတ်၊ မဖတ်လျှင်
အမ်ပီသရီးနှင့် ငြိမ့်နေတတ် သည်ဆိုပဲ။ ယမင်း၏ ဂိုက်ဆိုလည်း စာသင်တာ
တော်သော်လည်း ညညဆို အိပ်ရေးပျက် မခံနိုင်၍ တော်ကြာ လက်ဖက်သုပ်၊ တော်ကြာ
ကော်ဖီ၊ တော်ကြာ အချဉ်ပေါင်းနှင့် ပါးစပ်နှင့် အစားမပြတ် သဖြင့်
စာသင်ချိန်က တစ်ဝက်၊ အစားစားချိန်က တစ်ဝက် ဖြစ်သည်ဆိုပဲ။
ခက်၏
မရွှေဂိုက်ကတော့ သည်လိုမဟုတ်။ ခက် သင်္ချာတစ်ပုဒ်တွက်လျှင် သူပါဘေးမှ
လိုက်တွက်သည်။ ဒီတော့ ခက်တွေ့သည့် အခက်အခဲတွေကို သူမကလည်း
တွေ့ပြီးဖြစ်သဖြင့် ကူညီ ဖြေရှင်းပေးနိုင်သည်။ ကျက်စာဆိုလည်း ဒီအတိုင်း
အလွတ်မကျက်ခင် လိုအပ်သည့်အဓိက အချက်အလက်တွေကို သူက ရှေ့မှ အရင်ထုတ်
နုတ်ရှင်းပြပြီး မှတ်မိအောင် ခေါင်းထဲရိုက်သွင်းပေး သွားသည်။ ပြီးမှ
လိုအပ်သည့် တန်ဆာပလာတွေ ကို ဖြည့်စွက်ကာ ကျက်ခိုင်းပါသည်။ ပုံသေနည်း တွေ
သိပ်ခက်လျှင် သူ့ဘာသာ လင်္ကာလေး တွေလည်း လက်တန်းကောက်စပ်သွားပေးတတ် သေးသည်။
သူ့ဂိုက်လုပ်သက်တမ်းမှာ ခက်က ပထမဆုံး တပည့်ဆိုသော်လည်း တကယ့်ဝါရင့်
ဆရာတစ်ယောက်လို ထောင့်စေ့နေသည့် သူ့သင် ပြထိန်းကွပ်မှု စနစ်ကျပုံက
အတော်လေးချီးမွမ်းဖို့ ကောင်းသည်မှာတော့ အမှန်ပင်။
ခက်၏
စာမေးပွဲသည် နက်ဖြန် သန်ဘက် ခါပဲ ဖြေရတော့မလို သူ့အတွက်အမြဲအရေးကြီး
နေတတ်သည်။ မေးခွန်းဟောင်းတွေကိုလည်း ခဏခဏ ဖြေခိုင်းသည်။ ဆယ့်လေးငါးရက်
တစ်ခါ စာမေးပွဲဖြေကြည့်ရပါသည်။ ညခုနစ်နာရီ မှ ဆယ့်တစ်နာရီအထိ တစ်ညကို
စာသင်ချိန်လေး နာရီကွက်တိ သတ်မှတ်ထားခြင်းကိုလည်း ဘယ် သောအခါမျှ
မလျှော့သလို ပိုလည်း မယူပေ။
“ဦးနှောက် ဆိုတာ သူ့အကန့်အသတ်နဲ့သူပဲ
အလုပ်လုပ်ခိုင်းသင့်တယ်။ လိုအပ်တာထက် လျော့ရင် ကိုယ့်ရည်ရွယ်ချက်ကို
မရောက်နိုင်သလို ပိုခိုင်းမိရင်လည်း ဆိုးကျိုးဖြစ်တတ်တယ်”သူ့
စည်းကမ်းချက်တိုင်း အတွက် သူ့မှာ ခိုင်လုံသည့် အကြောင်းပြချက်တွေလည်း
ရှိနေတတ်သည်။ ခက်ကိုလည်း ပေးမငိုက်ချေ။
“ငိုက်တယ်ဆိုတာ
တားလို့မရတာမှန်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မငိုက်အောင် အနေအစား
ဆင်ခြင်ရင် သတိထားရင် မငိုက်တော့ပါဘူး။ တမင်ညစ်စိတ်နဲ့ တားတာမဟုတ်ဘူးနော်။
လူ တစ်ယောက်မှာ စိတ်က အဓိကပဲ။ ငါ သတ်မှတ် ထားချိန် မပြည့်မချင်း
ကုတ်နဲ့ကော်ရွှေ့ရင်တောင် ဒီနေရာက တစ်ဖ၀ါးမှ မခွာဘူးဟေ့ဆိုတဲ့ ဇွဲလုံ့လ၊
သတိ္တမျိုးပေါ့။ မင်းရောက်ချင်တဲ့ ရည်ရွယ်ချက် ပြီးမြောက်ချင်ရင် အဲဒီ
စိတ်တစ်ခုနဲ့သာ အလုပ် လုပ်။ မင်းဖြစ်ချင်တာ ဖြစ်မလာရင် ကိုယ့်ဇက်
လာဖြတ်လှည့်။ ဘာလေးစားလိုက်ရမှ ငါ အိပ်ငိုက်ပြေမယ်။ ဘာလေးလုပ် လိုက်မှ ငါ
အဆင်ပြေပြေ စာကျက်နိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကို အားကိုး လိုစိတ်ကို
ဖျက်ဆီးမိမှန်းမသိ၊ ဖျက်ဆီးနေကြတဲ့သူတွေရဲ့ ခပ်ညံ့ညံ့အကြောင်း ပြချက်တွေပါ”
ခက်ကတော့ သြ၀ါဒခြွေနေသည့် သူမ၏ အရွယ်နှင့်မလိုက် တည်ငြိမ် ရင့်ကျက်နေသည့်
မျက်နှာနုနုကို စေ့စေ့ကြည့်ရင်းမှ“ဒါနဲ့များတောင် ဒီလောက် တော်ပြီး
ထက်မြက်တဲ့ မိန်းမဟာ သူ ဖြစ်ချင်တဲ့ဆရာဝန်ဘ၀နဲ့ ဘာဖြစ်လို့
လွဲချော်ခဲ့ပါလိမ့်”ဟု တိတ်တိတ်လေးတွေးနေမိခဲ့သည်။
ခက်တို့နှစ်ယောက် စာသင်ဝိုင်းက တစ်ခါတစ်ရံ ခြောက်ကပ်တိတ်ဆိတ် လှစွာ။
တစ်ခါတစ်ရံ စိတ်ပါလက်ပါရှိလှစွာ စည်စည်ဝေေ၀။ ရယ်စရာ ပြောရလျှင် သူမမသိအောင်
ခက်ငိုခဲ့ရသည့် အကြိမ်တွေလည်း ရှိခဲ့ဖူးသည်။
သူမထံမှ ခက်၏
အရည်အသွေးနှင့် ပတ်သက်ပြီး ချီးကျုးအသိအမှတ် ပြုမှုမျိုး တစ်ကြိမ်တစ်ခါမျှ
မရခဲ့။ သူမကို ကြည့်ရသည်မှာ ပညာရေးနှင့် ပတ်သက်၍ လေးနက်မှုကြီးလှသည်။
သို့ပါလျက်ရည်ရွယ်ရာ ခရီး မရောက် ခဲ့သလို တခြားလိုင်းကိုလည်း
မတက်ခဲ့မှန်းမသိပါ။ သူမကို ပေးထားသည့် တန်ရာတန်ကြေးထက် ပို၍ ခက်အပေါ် တာဝန်
ကျေနေတာ သိပေမဲ့ သူမပေး သည့်စည်းကမ်းချက်တွေက တစ်ခါတစ်ရံ တင်းကျပ်လွန်းသည်
ထင်သည့် အခါ “ဒီစာမေးပွဲ ငါ မအောင်တော့လည်း ဘာဖြစ်သေးလဲ”ဟူသည့် အတွေး
ဆိုးမျိုး ၀င်မိဖူးသည်လည်း ၀န်ခံရမည်။ တကယ်ဆို ခက်သည် လာမည့် စာမေးပွဲကို
အခက်အခဲနည်းပါးလှစွာဖြင့် အလွယ်တကူကျော်ဖြတ်နိုင်မည့် သူဟု ခက်ဘာသာ
ယုံကြည်စိတ်ရှိသလို ခက်နှင့်နီးစပ်ရာ (သူမမှ လွဲ၍) အသိုင်းအ၀ိုင်းကလည်း
လိုသည်ထက်ပိုပြီး ဖောဖောသီသီ ထင်ကြေးပေးထား ကြပြီးသား။ ဒါပေမဲ့လည်း
ခက်၏ထိုယုံကြည်မှုကို ကသိကအောက် ဖြစ် ချင်စရာ သူမ၏သာမန်ကာလျှံကာ
ခပ်လျှမ်းလျှမ်းအကြည့်ကို ပြန်မြင်မိတော့ ခက်၏ ဦးနှောက်ထောင့်တစ်နေရာမှာ
စိုးရိမ်ပူပန်စိတ်က အပြေးအလွှားခို အောင်းလာတတ်ပြန်သည်။ ဘာပဲဖြစ်ဖြစ် သူမဟာ
ခက်ထက် ဦးနှောက်ဉဏ် အနေနှင့်ကော အတွေ့အကြုံအနေနှင့်ပါ သာလွန်နေသည်ကိုတော့
ငြင်း၍မှ မရပဲလေ။
သည်အမျိုးသမီးကြည့်ရတာ ယခုချိန်၌တောင်
အလွန်စနစ်ကျ၊ အလွန်ထက် မြက်နေတာ။ ဒါတောင် ခက်အတွက်။ သူကိုယ်တိုင်အတွက်
တုန်းကဆိုလျှင် မည်မျှ ကြိုးစားအားထုတ်ခဲ့မည်ပါလိမ့်။ ဒါနှင့်များတောင်
လိုချင်သည့်လိုင်းကို မမီခဲ့ဘူးတဲ့။ ထိုသို့ အတွေ့အကြုံများကြောင့်သာပဲ
သူမဟာ ခက်၏လက်ရှိ အခြေအနေကိုအပေါ်စီးမှ မြင်နိုင်ပြီး အတင်းတွန်းတင်
ပေးနေလေရော့သလား။ ထိုအတွေးက ခက်ကို အခြောက်လှန့်နိုင်ဆုံးဖြစ်သလို
ထိုကြောက်စိတ်ကြောင့် အမြဲ သတိကပ်ကာ ခက် စာပိုကြိုးစားခဲ့မိသည်ကို လည်း
ဝန်ခံပါသည်။ အနှစ်နှစ်အလလ မျှော်လင့် တည်ဆောက်ခဲ့ရရာ ခက်၏ ပန်းတိုင်၊
ခက်၏အရူးအမူး ၀ါသနာ ဖြစ်သည့် ဆရာဝန် တစ်ယောက် ဘ၀ကိုများ ပိုင်ဆိုင်ခွင့်
မရခဲ့ပါလျှင်...။
တစ်ခါက ခက် သူမကို မေးဖူးသည်။ သူမစိတ်လက်ကြည်လင်နေပုံရ သောနေ့ကဖြစ်သည်။ “အစ်မ၊ ကျောင်းနေတုန်းက စာသိပ်တော်ခဲ့ မှာပဲနော်”
သူမက ခက်ကို ခပ်စူးစူးကြည့်ပြီး ပခုံးတွန့်လျက်ဖြေသည်။
“အဲဒီတုန်းကတော့ ကိုယ့်ကိုယ်ကို သိပ်တော် တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့
တကယ်မတော် မှန်းကို စာမေးပွဲပြီးလို့ အောင်စာရင်းထွက်ချိန်မှ သိလိုက်ရတယ် ” သူမစကားကို ခက်သိပ်နားမရှင်းလှပါ။ “ခက် သိထားရသလောက်တော့ အစ်မရဲ့ ဆယ်တန်းအောင် အမှတ်စာရင်းက အတော် ကောင်းတယ်ဆိုပြီး ဘာဖြစ်လို့ကျောင်းတစ်ခုခု မတက်တာလဲ ဟင်”
“ကိုယ်လိုချင်တဲ့ လိုင်းမရလို့ပေါ့”
သူမအဖြေက မြန်ဆန်ပြတ်သားလှပါ သည်။
ထိုအဖြေကို သိပ်မကြိုက် လှသော်လည်း အတွန့်တော့ ထပ်မတက်ရဲခဲ့ပါ။
ပြတ်သားလိုက် တာနော်။ ခက်သာဆို ထိုမျှစိတ်မပြတ်လောက်ဘူး ထင်သည်။
ဒီလိုပြောလို့ ခက်ကို ရည်ရွယ်ချက် မခိုင်မာဟု ထင်လျှင်မှားပေလိမ့်မည်။
ခုနေခါမှာ တစ်ယောက်ယောက်ကများ ခက်ကို “ဆရာဝန် လိုင် ရချင်သလား”ဟု မေးကြည့်။
“တစ်ပိုင်းကို သေနေတာပဲ”ဟု မဆိုင်းမတွ ပြန်ဖြေလိုက်မည် သာ။ သို့ပေမဲ့
ကံတရားဆိုသည် ကိုယ် မြင်နိုင် သည့်အရာ၊ ပြုပြင်ခြယ်လှယ်နိုင်သည့် အရာမှ
မဟုတ်ပဲလေ။ ခက် သတ်မှတ်ထားဖူးသည့် စိန တိုင်းအတွေး အမြင်လေးတစ်ခုကို သတိရပါ
သည်။ “ကိုယ်ပိုင်အရည်အချင်း ရှိသူမှန်ရင် ပ၊ ဒု၊ တ ဆိုတဲ့ အဓိက
ဆုသုံးဆုထဲတော့ ကြိုးစားရင် ကြိုးစားသလောက် ၀င်သွားနိုင်တယ်။ ဒါပေမဲ့
ပထမနေရာကို ရဖို့ကျတော့ ကံလည်းပါမှ“တဲ့။ သည်လိုဆိုတော့ ပထမ ဆုနှင့်
လွဲပြီဆိုတိုင်း ကျန် နှစ်ဆုရတာကို မတော်ဘူးဟု လက်လွတ်စပယ် ပြော၍
ရဦးမှာတဲ့လား။
သို့သော် ဒါသည် သူမ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သာ ဖြစ်ပါသည်။ ခက်၏ အလှည့်ကျလျှင် ကော။
“ငါတော့ ဒီနေရာတစ်ခုကို ငါ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းနဲ့
ဝင်ဖို့ရာ အဆင်သင့် ဖြစ်နေပြီလို့ ယူဆမိတဲ့နေ့က စပြီး ကိုယ်ဟာ အဲဒီ့
နေရာကို ရောက်ဖို့ မသေချာတော့ဘူးလို့သာမှတ်” တဲ့။ ခက် ကျောထဲ စိမ့်ခနဲ
ဖြစ်သွားကာ စာအုပ်ကို ကမန်းကတန်း ပြန်ကောက်ကိုင်ရသည်။ သေချာ
သည်ကထိုကြောက်စိတ်ဝင်လာတိုင်း ခက်ပိုင်ဆိုင် ခဲ့ဖူးသော ဆုလက်မှတ်တွေ၊
ကြားခဲ့ဖူးသော လက်ခုပ်သံတွေက ခက်စိတ်အေးအောင်၊ ခိုင်လုံ သော
အာမခံချက်တွေရဖို့ မစွမ်းဆောင်ပေးနိုင်ကြ ခြင်းပင် ဖြစ်သည်။
သည်လိုနှင့်ပဲ ခက်စောင့်စား နေခဲ့ရသော တက္ကသိုလ် ၀င်တန်း စာမေးပွဲကြီးက ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာတော့သည်။
စာမေးပွဲဖြေဆိုပြီးသည့်နေ့မှာ သူမက ခက်ကို မေးသည်။ “ဖြေနိုင်ရဲ့လား”
တစ်နှစ်ပတ်လုံး လေးလံ ပင်ပန်းစွာ သယ် ပိုးခဲ့ရသော ၀န်ထုပ်ဝန်ပိုးတွေကို
ခါချခဲ့ပြီးသူ တစ်ယောက်၏ ပေါ့ပါး လွတ်လပ်သွားသော ဟန်ပန်မူရာဖြင့်
ခက်ကသွက်လက်စွာ ပြန်ဖြေဖြစ်ခဲ့သည်။ “အဆင်ပြေမယ် ထင်တာပဲ။ မပြေရင်လည်း
ဒုတိယ ဦးစားပေးတစ်ခုခုပေါ့။ လူဆိုတာ ကိုယ့် ကြိုးစားမှု၊
ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်တဲ့ နေရာ ရောက်ရတာပဲလို့ ဖေဖေက ပြောဖူးတယ်။
လိုချင်တဲ့ နေရာ ရချင်လွန်းလို့မှ ကိုယ့်ဘက်က ကိုယ်စွမ်းဉဏ်စွမ်းရှိသလောက်
မီးကုန်ယမ်းကုန် ကြိုးစားခဲ့ ပြီးပြီ။ ဒါကိုမှ လိုချင်တဲ့ နေရာမရခဲ့ရင်
ရတဲ့နေရာကို ၀င်ပြီး တတ်စွမ်းသမျှ ကြိုးစားမယ်။ ကိုယ်နဲ့ထိုက်တာက အဲဒီ
နေရာပဲကိုး။ မှား သလား၊ မှန်သလားတော့ မသိပါဘူး။ အခုဖြေထားတဲ့ စာမေးပွဲနဲ့
ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ထားတဲ့ ခက်ရဲ့ခံယူချက်ကို ပြောတာ”
စကားအဆုံးမှာ ခက်က ပြုံးသော်လည်း သူမက လိုက်မပြုံးပါ။
တစ်စုံတစ်ခုကို တွေးနေဟန်ဖြင့် ခက်ကို တွေတွေငေးငေးသာ
စိုက်ကြည့်နေခဲ့ပါသည်။ ခက်ကတော့ ဘယ်တုန်းကမှ နားမလည်ခဲ့သော သူမနှင့်
ခက်အကြားမှ နံရံကို အဓိပ်္ပာယ်ဖော်ဖို့ရာ နောက်ဆုံးအနေနှင့်
မကြိုးစားတော့ပြီ။ မကြာခင်၌ လက်ခံပိုင်ဆိုင်ရတော့မည့်ရလဒ် သို့မဟုတ်
ကံတရားတစ်ခုအတွက် စောင့်စား မျှော်လင့် စိတ်ဖြင့် ကြိုတင်ရင်ခုန်ရဦးမည်
မဟုတ်ပါလော။
မျှော်လင့် ဆန္ဒတွေ ပြည့်ဝလာချိန်မှာ မျှော်
လင့်ချက်ကျောက်မျက်ရတနာကို အရိုင်းတုံးဘ၀မှ ပွဲလယ်တင့်သည်အထိ
သွေးပေးခဲ့ကြသူတွေကို သတိရအောက်မေ့မိသည်မှာ မဆန်း။ ထိုအထဲ၌ သူမလည်း
ထိပ်ဆုံးမှပါသည်လေ။ သူမနေထိုင်ရာ အိမ်သို့ အပြေးအလွှားရောက်သွားသည့် ခက် ကို
သတင်းစကားတစ်ခုက ဆီးကြိုပါသည်။
“သမီး အစ်မက သူမြို့သူ ပြန်သွားပြီ။ ကျောင်းပြန်တက်ဖို့ စီစဉ်မလို့တဲ့”
သူမအဒေါ်က ကြည်နူး ကျေနပ်နေသော မျက်နှာဖြင့် ဆိုပါသည်။ ခက်အတွက်တော့
အပျော်တွေ ထပ်ဆင့်ရသော မင်္ဂလာနေ့ပင်။ ခက်၏ အောင်မြင်မှုကို သူမအား
မျက်နှာချင်းဆိုင် ပြောခွင့် မရသည့် အတွက် စိတ်ထဲ မချင့်မရဲဖြစ် ရသည်က
လွဲ၍ပေါ့လေ။ သူမ ဖုန်းဆက်လျှင် ပြောပေးမည်ဟု သူ့အဒေါ်က
နှစ်သိမ့်သည်။တစ်ပတ်မျှ ကြာတော့ စာတိုက်မှတစ်ဆင့် ခက်ထံ စာတစ်စောင်
ရောက်လာပါသည်။
အိမ်ကို ဖုန်းဆက်ကြည့်လိုက်တော့ မင်း အောင်မြင်မှု
သတင်း ကြားလိုက်ရတာ ကိုယ်ဘယ် လောက် ၀မ်းသာသွားမှန်း မြင်စေချင်လိုက်တာ။
အလိုချင်ဆုံး အရာကို ခြေတစ်လှမ်းမှားလို့ လက် လွှတ်ခဲ့ရတဲ့ ဝေဒနာကို
ခံစားဖူးသူ အနေနဲ့ လိုချင် တာကို အပြည့်အ၀ရလိုက်တဲ့ သူတစ်ယောက်ရဲ့
ခံစားချက်ကို ထပ်တူထပ်မျှ ခံစားပေးနိုင်တာ မဆန်းပါဘူးနော်။
ကိုယ်နဲ့စာအတူကျက်ခဲ့ရချိန် တုန်းက မင်းရင်ထဲမှာ မကျေလည်စရာတွေ ရှိခဲ့မယ်
ဆိုရင်လည်း ခွင့်လွှတ်ပါ။ ရင်ဆိုင်ရမဲ့ တိုက်ပွဲအတွက် အား အဖြစ်ယူရမဲ့ အစား
ယစ် မူးသာယာစရာ အဖြစ် ယုံမှားမှတ်ယူခဲ့ရတဲ့ လက်ခုပ်သံတွေကြောင့်
ကိုယ့်ဘ၀တက်လမ်း ကိုယ်နှောင့်နှေးစေခဲ့သူတစ်ယောက်အနေနဲ့ ကိုယ့် လို
လက်ခုပ်သံရဲ့သားကောင်တစ်ယောက် ထပ် မရှိရလေအောင် မင်းကိုကာကွယ်ပေးချင်တဲ့
ကိုယ့် စေတနာကို သဘောပေါက်သွားရင် မင်းကိုယ့်ကို နားလည်ပေးနိုင်မယ်
ထင်ပါတယ်။ စိတ်လေ လေနဲ့မင်းတို့မြို့က ကိုယ့်အဒေါ်အိမ် အလည်လာ ရင်း
မင်းအကြောင်းကို သိရတော့ စိတ်ဝင်စားမိ တယ်။
ကိုယ့်ဝေဒနာနဲ့ကိုယ်
မွန်းကျပ်လို့ ထွက် ပေါက်ရှာနေတဲ့ သူဆိုတော့ ကမ်းလှမ်းလာတဲ့ အလုပ်က
ဟန်ကျတာပေါ့။ မင်းကိုတေ့တေ့ဆိုင်ဆိုင် စာသင်ရတော့ ပိုပြီး စိတ်ပါလာတယ်။
မင်းဘ၀က တို့နဲ့ဖြတ်သန်းပုံချင်း သိပ်တူတယ်။ ဆုလက်မှတ်တွေ တန်းစီပြီး
ရထားတာ၊ မိဘ အသိုင်းအ၀ိုင်း၊ ဆရာ၊ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးက
မင်းကိုနေရာ တစ်ခုပေးပြီး ၀ိုင်းချီး မြှောက်ထားကြတာ၊ မင်းပုံစံကလည်း
ကိုယ့်တုန်းက အတိုင်း အဲဒီ အခြေအနေတွေကြားထဲမှာ ကိုယ့်ကိုယ်ကို လိုတာထက်
ပိုတဲ့ ယုံကြည်စိတ်တွေနဲ့ ဘောင်ခတ်ထားတာ။ စိတ်မဆိုးနဲ့နော်။ ကိုယ်က
မင်းနေရာ ကို ဖြတ်သန်းခဲ့ဖူးလို့ ပြောနိုင်တာပါ။
ကိုယ့်တုန်းကလည်း
ဒီလက်ခုပ်သံတွေက ကိုယ့် အတွက် အာမခံချက်တွေလို့ တထစ်ချ ယုံမှတ်
ထားခဲ့ဖူးတယ်။ အဲဒီတစ်ချက်လေးပဲ ကိုယ့်ကို အလဲထိုးပစ်လိုက်တယ်လေ။
လက်ခုပ်တီးသူ တွေက အားပေးချင်စိတ်နဲ့ ချီးမြှင့်တာ ဖြစ်ပေမဲ့
စင်ပေါ်တကယ်မရောက်ဖူးသူတွေအဖို့တော့ တစ်ခါတလေမှာ လက်ခုပ်သံဆိုတာလိုတာ
ထက်ပိုပြီး သာယာယစ်မူးစရာ ဖြစ်သွားတတ် တယ်။ ဒီတော့ကိုယ့်အလုပ်ကိုယ်
တစိုက်မတ် မတ် တွန်းလုပ်နေရမဲ့အချိန်တွေထဲက လက်ခုပ် သံကို
ငဲ့ငဲ့ကြည့်ကျေနပ်ရချိန်တွေ ဖဲ့ပေးရရော။ တကယ်တမ်းက စင်ပေါ်မရောက်သေးမချင်း
လှေကားထစ်အောက်ဆုံးက စတက်နေတဲ့သူ ကောလှေကားထစ်အလယ်ကို ရောက်နေတဲ့သူ ကော၊
လှေကားထစ်ထိပ်ဆုံးကို ရောက်နေတဲ့သူ ကော ဘ၀တူတွေပါပဲ။ ဒါကိုကိုယ့်နောက်မှာ
ရှိ နေခဲ့တဲ့အေးအေးဆေးဆေးသမားတွေက ကိုယ့်ကို ကျော်ပြီး စင်ပေါ်ရောက်သွားမှ
ကိုယ် သိလိုက်ရ တယ်။ သွားပြီလေ။
ဘ၀မှာ တချို့ ပေါ့လျော့မှု အတွက်
နောက်တစ်ကြိမ် ပြန်ပြင် ဆင်ကြိုးစားခွင့် တွေရှိပေမဲ့ တချို့ကိစ္စတွေ
အတွက်တော့ နောက် တစ်ကြိမ်ဆိုတာ ဘယ်တော့မှ ပြန်မရနိုင်တော့ပါ ဘူး။
အဲဒါကြောင့် ကိုယ်နဲ့ဘ၀ပုံစံချင်းတူတဲ့ မင်း ကိုတွေ့ချိန်မှာ ကိုယ့်
လိုဖြစ်မှာ သိပ်စိုးရိမ်ခဲ့တယ်။ ကိုယ်ကပဲ သိပ်စိုးရိမ်လွန်ခဲ့တာလားတော့
မသိပါ ဘူး။ ဒါပေမဲ့ကိုယ့် စိုးရိမ်လွန်မှုက မင်းအတွက် အကျိုးတစ်စုံတစ်ရာ
ရှိစေခဲ့မယ်ဆိုရင်ပဲ ကိုယ် ကျေနပ်ပါပြီ။ ဒီအတွက် ကိုယ့်ကိုကျေးဇူးတင်
စကားတော့ မပြောပါနဲ့။ မင်းအမှတ်မထင်ပေး ခဲ့ဖူးတဲ့ စကားလက်ဆောင်ကြောင့်
အသိတစ်ခုရ လိုက်တဲ့ကိုယ်လည်းကိုယ်နဲ့ မထိုက်တန်လို့ လွဲ
ချော်ခဲ့တဲ့နေရာတစ်ခုကို အချိန်ကုန်ခံပူဆွေးနေ မဲ့အစား ကိုယ်နဲ့ထိုက်တန်မဲ့
နေရာတစ်ခုရှာပြီး ဘ၀ကို အဓိပ္ပာယ်ရှိစွာနဲ့ တည်ဆောက်ဖို့ပြင် ဆင်
နေပြီမို့ပါ။ ညီမလေးခက် ကိုယ့်စာဟာ
ကိုယ်တို့နှစ်ယောက်ကြားမှာ ခြားထားမိသလို ဖြစ်ခဲ့တဲ့ အစိမ်းရောင်နံရံအတု
လေးကို ဖြိုလှဲပစ်နိုင်လိမ့်မယ်လို့တော့ ကိုယ့်ကို ယုံကြည်ခွင့်ပေးမယ်
မဟုတ်လားဟင်။ ချစ်တဲ့အစ်မ
ထိုစာတစ်စောင်သည် ခက်ဖြူသွယ်ကို
မျက်ရည်လည်လျက် ကြည်နူးပြုံးရယ်မိစေခဲ့ သည်ဆိုသည်ကိုဖြင့် သူမနှင့် တွေ့မှ
ပြန်ပြောရဦး မည် ဖြစ်လေသည်။
ငွေဇင်ယော်ဦး၊မိုးကုတ်၊ (Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
|
No comments:
Post a Comment