လူငယ်အမျိုးသမီး ဒါရိုက်တာတစ်ဦးအဖြစ် ယုံကြည်ရာ အနုပညာခရီးလမ်းကို
ရဲဝံ့စွာလျှောက်လှမ်းလာခဲ့သူ ဒါရိုက်တာကြည်ဖြူသျှင်သည်
ယခုနှစ်ပိုင်းများအတွင်း အနုပညာလှုပ်ရှားမှုများတွင် သာမက
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးအဖြစ်
ပါဝင်လှုပ်ရှားနေသည့်အပြင် လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုများတွင်ပင်
တက်ကြွလှုပ်ရှားလာခဲ့သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် အပါအ၀င် အမျိုးသမီးသုံးဦး
ပေါင်းစပ်ဖန်တီးထားသည့် မှတ်တမ်းဇာတ်ကားတိုအား ၀ဿန်ရုပ်ရှင်ပွဲတော်၏
အမျိုးသမီး အနုပညာဖန်တီးမှု ခေါင်းစဉ်အောက်တွင် တင်ဆက်ရန်
ရွေးချယ်ထားသည်ဟုလည်း သိရှိရသည်။ NLD ပါတီသို့ ပါတီဝင်တစ်ဦးအဖြစ် မကြာခင်က
ဝင်ရောက်ခဲ့သည့် ဒါရိုက်တာကြည်ဖြူသျှင်၏ လူမှုရေးနှင့်
နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ခံယူချက်၊ ရှေ့ဆက်သွားလိုသည့်
လမ်းကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး ။ မကြည်ဖြူကို အနုပညာလှုပ်ရှားမှု တွေမှာထက် လူမှုရေးလုပ်ငန်းတွေ၊
နိုင်ငံရေး လုပ်ငန်းတွေမှာပိုပြီး တွေ့လာရတယ်။ အဲဒီဘက် ကို ပိုပြီး
အာရုံစိုက်ဖြစ်လာတဲ့အပေါ်အရင်ဆုံး ပြောပြပေးပါလား။
ဖြေ ။ လူမှုရေးလုပ်ငန်းတွေကိုတော့ အရင်ကတည်းက ၀ါသနာပါခဲ့တာ။ ဦးကျော်သူ
ပရဟိတလုပ်ငန်းမှာ ဦးဆောင်ဦးရွက်ပြုနေတာ တွေ့တော့ အ ရမ်းအားကျတယ်။
တကယ်လုပ်ဖြစ် တာကတော့ ဗိုလ်ချုပ်ရုပ်ရှင်ကစတယ် လို့ ပြောလို့ရပါတယ်။
ပြောရရင်တော့ နိုင်ငံရေးဆိုတာလည်း ပရဟိတအလုပ် အကြီးစားပါပဲ။ ပထမဆုံး
အနေနဲ့တော့ ၈၈ရုံးခန်းမှာ documentary နဲ့ပတ်သက်လို့ Yangon Film School
သူငယ်ချင်းတွေနဲ့ ပေါင်းပြီး workshop လေးလုပ်ပေး ဖြစ်တယ်။ ဒုတိယက Home
မှာလုပ်ပေးဖြစ်တယ်။ အခုတော့ NLD ပါတီ ၀င်ဖြစ်တယ်။
ဝင်ဖြစ်တဲ့အကြောင်းရင်းကတော့ နိုင်ငံရဲ့လိုအပ်တဲ့နေရာ တွေမှာကျရာ
အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ချင်တာကြောင့်ပါ။
မေး ။ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာနယ်ပယ်မှာ ဖြတ်သန်းရစဉ်နဲ့
အခုလူမှုရေး အလုပ်တွေ၊ နိုင်ငံရေးအလုပ်တွေနဲ့ ဖြတ်သန်း ရစဉ် ကွာခြားချက်က
ဘာရှိမလဲ။
ဖြေ ။ အလုပ်လုပ်တာကတော့ ဘယ်အလုပ်မဆို ပင်ပန်းတာပါပဲ။ ပရဟိတအလုပ်ကကျတော့
ပင်ပန်းတာချင်းတူပေမယ့် ခံစားချက်ချင်းမတူဘူး။ ကိုယ့်ကြောင့် တစ်ဖတ်သား
စိတ်ချမ်းသာ သွားတယ်ပေါ့လေ။ ပရဟိတအလုပ်ဆိုတာ ကိုယ့်အတွက်
ဘာမှတော့ပြန်မရဘူး။ ကိုယ့်အချိန်တွေ ခွန်အားတွေ ပေးရတယ်ပေါ့။ ဒါပေမယ့်
ပြန်ရလိုက်တဲ့ ပီတိကအရမ်းပျော်စရာကောင်းတယ်။ အနုပညာ လုပ်တယ်ဆိုတာက
ကိုယ်ဝါသနာပါတဲ့ အလုပ်ပေါ့။ဒါပေမယ့် အတ္တအရမ်းများတယ်ပေါ့။ ငါလုပ်တာဘာလို့
မကောင်းတာလဲ၊ ဒီထက်ကောင်းအောင် ဘာလို့မလုပ်နိုင်တာလဲ ဆိုတာမျိုးပေါ့။
မေး ။ ပါတီလည်းဝင်ထားတယ်ဆိုတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ရော ဘာတွေလေ့လာဖြစ်လဲ။
ဖြေ ။ နိုင်ငံရေးနဲ့ပတ်သက်လို့က တော့ စာဖတ်ဖြစ်တယ်။ နိုင်ငံရေး
လုပ်တယ်ဆိုတာလည်း အများအတွက် လုပ်တာဖြစ်ခြင်းကြောင့် ပရဟိတအလုပ်ပါပဲ။
နောက်တစ်ခုက ကိုယ့်စိတ်က ရိုးသားနေဖို့တော့ လိုမယ်။ အများကောင်းဖို့
ဆိုတဲ့စိတ်နဲ့လုပ်ရင်တော့ အဆင်ပြေမယ်လို့ ထင်တယ်။ ဝေဖန်တဲ့သူတွေလည်း
ရှိမှာပါပဲ။ အများ အတွက်ကောင်းစေချင်တဲ့စိတ်နဲ့ လုပ်ဖြစ်တာ။ တတ်နိုင်သမျှ
အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ပဲထားတယ်။ စေတနာမှန်ရင်
ကောင်းသော တုံ့ပြန်မှုရမယ်လို့ ယုံကြည်တယ်။
မေး ။ အခုချိန်မှာသက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် လူငယ်တွေက ထောက်ပြတာမျိုး၊
ကိုယ်တိုင်ဦးဆောင် ပါဝင်တာမျိုးတွေရှိလာတာ တွေ့ရတယ်။ အဲဒီအပေါ်မှာရော
ဘယ်လိုသုံးသပ် ချင်လဲ။
ဖြေ ။ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တော်တော်များများက
တော်တော်ထက်မြက်ကြပါတယ်။ အခွင့်အရေးမရှိ လို့သာ နေနေကြတာ။ အရင်တုန်းက
ဆိုရင်တော့ လူကြီးတွေက လူငယ်တွေကို ငယ်ပါသေးတယ် ဆိုတာမျိုးပြောခဲ့တာ
တွေရှိတယ်။ အခုကတော့ လူငယ်တွေကိုပြောခွင့်ပေးလာကြတယ်။ လူငယ်တွေအတွက်
လုပ်ပိုင်ခွင့်တွေ လည်းရလာတယ်။ ဒီလိုဖြစ်လာတာ လူကြီးတွေ
အခွင့်အရေးပေးမှုကြောင့် ပါသလို လူငယ်တွေရဲ့ ကြိုးစားမှုကြောင့်လည်း ပါတယ်။
မေး ။ နိုင်ငံတကာမှာလည်း အနုပညာရှင်တွေ ကနိုင်ငံရေးနယ်ပယ်၊
လူမှုရေးနယ်ပယ်တွေမှာ ၀င်ရောက် လှုပ်ရှားနေကြတာပဲလေ။ ဒီအတွက်
ကောင်းကျိုးဆိုးကျိုးကိုရော ဘယ်လိုခံယူထားလဲ။
ဖြေ ။ အနုပညာရှင်ဆိုတာက ပြည်သူတွေရဲ့ထမင်းကိုစားထားတာပါ။
ပြည်သူတွေရဲ့အားပေးမှုကို အပြည့်အ၀ ရယူထားတာ။ ဒီတော့ပြည်သူတွေအတွက်ကို
အများကြီးပြန်လုပ်ပေးသင့်တယ်လို့ ထင်တယ်။ လူမှု ရေးနယ်ပယ်၊
နိုင်ငံရေးနယ်ပယ်မှာ အနုပညာရှင်တွေ ၀င်ရောက်လုပ်ကိုင်ခြင်းအားဖြင့်
အများကြီး ပိုပြီးအကျိုးရှိလာမယ်လို့ ထင်တယ်။
မေး ။ ပုံမှန်ဇာတ်ကားရိုက်အနေနဲ့ ဆိုရင်တော့ ဘယ်လိုစဉ်းစားထားလဲ။
ဖြေ ။ သြဂုတ်လထဲမှာ ဇာတ်ကား တစ်ကားရိုက်ဖို့ စီစဉ်ထားတယ်။ ဒီကားက
ဖျော်ဖြေရေးအပြင် ပရိသတ် ရင်ထဲမှာ တစ်ခုခုလေးကျန်သွားမယ့် ဇာတ်ကားမျိုးပါ။
နောက်ရိုက်မယ့် ဇာတ်ကားတွေမှာဆိုလည်း အခုလို ပဲတစ်ခုခုကျန်ခဲ့နိုင်တဲ့
ဇာတ်ကားမျိုးတွေပဲ ရိုက်ဖြစ်မှာပါ။ တကယ်လူ တွေရဲ့ဘ၀တွေကို အနုပညာနဲ့ဘယ်လို
ဖန်တီးပြလို့ရမလဲ ဆိုတာမျိုးလေးပဲ တွေးပြီးရိုက်ဖြစ်မှာပါ။ ထူးခြားတဲ့
အဖြစ်အပျက်တွေ တကယ့် reality တွေကိုလည်း ရိုက်ပြခွင့် ရချင်ပါတယ်။
EMG
|
No comments:
Post a Comment